ဤအပိုင်းတွင် မြန်မာနိုင်ငံ၏ ဒေသများစွာကို ဆယ်စုနှစ်များစွာ ထိခိုက်စေခဲ့သည့် ပဋိပက္ခများကို တရားမျှတစွာဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံတကာ ပံ့ပိုးကူညီမှုဆိုင်ရာ လိုရင်းတိုရှင်းကျသော သင်ခန်းစာများကို ရေးသားဖော်ပြထားပါသည်။ တွေ့ရှိချက်များသည် မြန်မာနိုင်ငံအတွက် နိုင်ငံအဆင့်ဆီလျော်မှုရှိသကဲ့သို့ အခြားသောနိုင်ငံများတွင် ပဋိပက္ခ လျှော့ချရေးအတွက် လည်း သင့်တော်သည်။ ခြုံငုံဆိုရလျှင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော သဘောသဘာဝ၊ အခြားသော အကြောင်းအရင်းများစွာ နှင့် ကွဲပြားသည့် နိုင်ငံတကာ ထိတွေ့ဆောင်ရွက်မှုများကြောင့် ၂၀၁၀ မှ ၂၀၂၀ အတွင်း နိုင်ငံတကာငြိမ်းချမ်းရေး ပံ့ပိုးမှု၏ အကျိုးသက်ရောက်မှုမှာ အမျိုးမျိုး အစုံစုံဖြစ်ခဲ့ပါသည်။

၂၀၁၅ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (NCA) နှင့် ပဋိပက္ခဖြေရှင်းဆောင်ရွက်ရေး အခြားသော ကြိုးပမ်းမှုများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် လိုအပ်သည့် အဆင့်များကို သိရှိနားလည်မှု တည်ဆောက် နိုင်ခြင်း နှင့် အချို့နေရာများတွင် အကြမ်းဖက်မှုအဆင့်များကို လျှော့ချနိုင်ခဲ့သည်။ သို့ရာတွင် မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကာလကို ရုတ်တရက်အဆုံးသတ်ပေးလိုက်သည့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင်ကပင် အကြမ်းဖက်မှုများ ရပ်တန့်ခြင်း မရှိခဲ့သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် နှောင့်နှေးနေမှုကြောင့် မျှော်မှန်းချက်များ မပြည့်မီခဲ့ပါ။ ပြန်လည်သုံးသပ်ကြည့်ရာတွင် အလှုရှင်များသည် ဤကာလတွင် အမှားအယွင်းများ သို့မဟုတ် မှားယွင်းသော တွက်ချက်မှုများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားပြီး အပြောင်းအလဲ၏ အရှိန်နှင့် အတိမ်အနက်တို့အပေါ် လက်တွေ့မကျသည့် မျှော်မှန်းချက်များ ထားရှိခဲ့ကြသည်။ ခြုံငုံဆိုရလျှင် ပဋိပက္ခ လျှော့ချရန် NCA ပျက်ကွက်မှုကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းများမှာ အားနည်းသော သို့မဟုတ် မဆီလျော်သော နိုင်ငံခြား အကူအညီများကြောင့် ဆိုသည်ထက် ပဋိပက္ခအစုအဖွဲ့များအကြား ဘုံသဘောတူညီချက်မရှိခြင်းနှင့် အဓိကပြည်တွင်းအစု အဖွဲ့များ၏ လုပ်ဆောင်ချက်များကြောင့်သာဖြစ်သည်။

၂၀၁၁ နှင့် ၂၀၂၀ ကြားကာလတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲခဲ့မှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ နိုင်ငံတကာသံတမန်ရေးရာနှင့် နိုင်ငံခြားပံ့ပိုးမှု သည် သိသာထင်ရှားသော်လည်း ယင်းသည် မြန်မာအတွက် စုစုပေါင်း ပံ့ပိုးမှု၏ နည်းပါးသောပမာဏဖြစ်ပြီး စစ်တပ် သို့မဟုတ် EAO များ၏ အလုံးစုံသော မက်လုံးများကို ပြောင်းလဲရန်အတွက် မလုံလောက်ခဲ့ပါ။ နိုင်ငံခြားငြိမ်းချမ်းရေးပံ့ပိုးကူညီမှု၏ အမှန်တကယ် အကျိုးသက်ရောက်မှု ဖြစ်စေသည်မှာ ဘဏ္ဍာငွေလွှဲပြောင်းမှုများ၏ စုပေါင်းသက်ရောက်မှု မဟုတ်ပဲ သီးသန့်အစပြုဆောင်ရွက်မှုများ၏ အသေးစိတ်လုပ်ဆောင်မှု များဖြစ်ပါသည်။ အမျိုးမျိုးသော စီမံကိန်းများနှင့် အစီအစဥ်များ၊ အကြံဥာဏ်များနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုတို့သည် သက်ဆိုင်ရာနယ်ပယ်များတွင် ကြီးမားသည့် သက်ရောက်မှုများရှိခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ပြင် ပံ့ပိုးကူညီမှုနှင့် ကနဦး ဆောင်ရွက်ချက်အများအပြားကြောင့် ရရှိလာသည့် အသိအမြင်များနှင့် အတွေ့အကြုံများမှာမူ အနာဂါတ်ကို သယ်ဆောင်လာနိုင်ဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်အားထက်သန်မှုများက လက်ရှိဖြစ်ပွားနေဆဲ ဖွဲ့စည်းပုံတည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို အသိအမှတ်ပြုမှုကို အဟန့်အတားဖြစ်စေခဲ့သည်။ အနောက်နှင့် အခြားဒီမိုကရက်တစ် နိုင်ငံများကြား မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အခိုင်အမာထောက်ခံပံ့ပိုးမှုသည် အဓိကအမြစ်တွယ်နေသည့် ပြဿနာရပ်များကို လျစ်လျူရှုခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုဇာတ်လမ်းတစ်ခုဖြစ်လာပြီး၊ ဒီမိုကရေစီ မြှင့်တင်လိုသူများအတွက် ရှားရှားပါးပါး နိုင်ငံခြားရေးမူဝါဒ အောင်ပွဲတစ်ခုအဖြစ် ရှုမြင်ကြသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တစ်ခုလုံးသည် နိုင်ငံတွင်း ရင်ဆိုင်နေရသည့် နိုင်ငံအဆင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စိန်ခေါ်မှုများကို အခြေခံကျကျ မဖြေရှင်းနိုင်ခဲ့သော်လည်း အဆိုပါအခြေအနေများသည် ပြုပြင်ပြောင်းလဲရေးများကို ပံ့ပိုးပေးရန် မက်လုံးများကို ဖန်တီးပေးခဲ့ပြီး အပြုသဘောဆောင်သည့် ဇာတ်လမ်းတစ်ခုအဖြစ် ပြသခဲ့ကြသည်။ အနောက်နိုင်ငံမှ အထောက်အပံ့အကူအညီ ပေးရေးဆိုင်ရာ အရာရှိများနှင့် လေ့လာသုံးသပ်သူများသည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို မြန်မာနိုင်ငံမှ လူအများအပြား ထက် ပို၍အံ့အားသင့်ခဲ့ကြသည်။ ဤသည်မှာ ဖွံ့ဖြိုးတိုးတက်ရေး အလှုရှင်များနှင့် စစ်တပ်ခေါင်းဆောင်များကြားတွင် ထပ်တလဲလဲ အဆက်အသွယ်ပြတ်တောက်မှုကို ဖော်ပြနေသည်။

လူပုဂ္ဂိုလ်အများစုနှင့် အဖွဲ့အစည်းအချို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် သေချာစွာ နားလည်သဘောပေါက်သော်လည်း တိုင်းရင်းသား အသိုင်းဝိုင်းများရှိ ပဋိပက္ခများကို အလှုရှင်များက နိုင်ငံအဆင့်ပြုပြင်ပြောင်းလဲမှုများ၏ နောက်ဆက်တွဲ ကျယ်ပြန့်သော အခန်းကဏ္ဍတစ်ခုအဖြစ်သာ မြင်ကြသည်။ ထိုပြင် အခြားထိုကဲ့သို့ ထင်မြင်ယူဆချက်တူညီကြသူများ၏ ပူးပေါင်းအားဖြည့်မှုဖြင့် နိုင်ငံအဆင့်ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကြား အပေးအယူများကို တခါတရံတွင် ဖြစ်ပေါ်စေခဲ့သည်။ ဥပမာ ၂၀၁၅ ရွေးကာက်ပွဲကျင်းပခြင်းဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လမ်းကြောင်းပေါ်တွင် ရှိစေ ခြင်းနှင့် ရွေးကာက်ပွဲကို ရွှေ့ဆိုင်းခြင်းကို အသိအမှတ်ပြုခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်မှုအတွက် အခွင့်အလမ်း ပိုမိုရှိနိုင်သည်ဟူသည့် စဥ်းစားချက်အကြား အနောက်နိုင်ငံသံရုံးများအတွင်း တင်းမာမှုဖြစ်ခဲ့သည်။ ရွေးကာက်ပွဲပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအသစ်အတွက် အားကောင်းသည့် နိုင်ငံခြားထောက်ခံမှုနှင့် ယခုအချိန်တွင် ဒီမိုကရက်တစ်နိုင်ငံဖြစ်လာပြီဟူသည့် အမြင်ကြောင့် သံတမန်ဆက်ဆံရေးများ ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ရန် လိုအပ်မှုတို့ကြောင့် အလှုရှင်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် သူမ၏ မှားယွင်းသည့်ချဥ်းကပ်နည်းကို အပြုသဘောဖြင့် ဝေဖန်အကြံပြုရန် ခက်ခဲစေခဲ့သည်။ ဗဟိုအစိုးရအတွက် ပံ့ပိုးမှုသည် ဒေသတွင်း တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး မျှော်မှန်းချက်များကို တိုက်ရိုက်ဆန့်ကျင်နေသောကြောင့် ဤအပြောင်းအရွှေ့သည် အလှုရှင်များ ကိုယ်စားလှယ်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၏ ရပ်တည်ချက်များကို တုံ့ပြန်ဆောင်ရွက်ရန် ပိုမိုခက်ခဲစေခဲ့သည်။

အမှန်တကယ်ပင် အလှုရှင်များသည် ပေးထားသည့် ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုတစ်ခု၏ “ပြဿနာဖော်ပြချက်” ကို လုံလောက်စွာ စဥ်းစားသုံးသပ်ရန် ပျက်ကွက်လေ့ရှိသည်။ ၎င်းတို့အနေဖြင့် မည်သည့်ပြဿနာရပ်ကို ဦးတည်ဆောင်ရွက်နေ သည်ကို အမှန်တကယ်သိရှိခဲ့ပါသလား။ ၎င်းတို့၏ အစီအစဥ်များနှင့် ရန်ပုံငွေပံ့ပိုးခြင်းချဥ်းကပ်နည်းများသည့် တကယ့်ပြဿနာ ကို ဖြေရှင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဖြစ်ခဲ့ပါသလား။ ညံ့ဖျင်းစွာ ဖော်ထုတ်သတ်မှတ်ထားသည့် မဟာဗျူဟာများ သည် ပြဿနာရပ်၏အဓိကအရင်းခံများကို မဖြေရှင်းနိုင်သည့် နိုင်ငံရေးသဘော သက်ဝင်မှုမရှိသည့် ကြားဝင်ညှိနှိုင်းဆောင် ရွက်မှုများကို ဦးတည်စေခဲ့သည်။ ဥပမာအားဖြင့်၊ ဖိုဝါဒကြီးစိုးသောစနစ်များရှိ အရင်းခံများ၏ မညီမျှမှုကို ထည့်သွင်းစဥ်းစားရန် ပျက်ကွက်သည့် ကျား-မ (ဂျန်ဒါ) တန်းတူညီမျှမှု စီမံဆောင်ရွက်မှုများသည် အောင်မြင်နိုင်ချေမရှိပါ။

အနောက်နိုင်ငံအလှုရှင်များသည် NCA ၏ ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ဖော်ဆောင်နိုင်မှုအပေါ် အလွန်အမင်းအကောင်း မြင်ခဲ့ကြသည်။ ၎င်းတို့၏ အစီအစဥ်များကို NCA မှ မြေပြင်တွင် တပြေးညီ တိုးတက်မှုများဖြစ်စေခဲ့သည့် နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများတွင်သာ အများအပြား အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ရှည်လျားသည့် မြန်မာ့ အပစ်အခတ်ရပ်စဲရေး သမိုင်းကြောင်းနှင့် စစ်တပ်အပေါ် နက်ရှိုင်းစွာ ယုံကြည်မှုမရှိခြင်းတို့ကြောင့် တိုင်းရင်းသားခေါင်း ဆောင်အများစုနှင့် ဝေဖန်သုံးသပ်သူတို့သည် NCA အပေါ် ၎င်းတို့၏ ထောက်ခံမှုကို ပြသရာတွင် သတိကြီးစွာထားခဲ့ကြသည်။ လက်တွေ့ တွင် မြန်မာနိုင်ငံရှိ အင်အားကြီး EAO အများအပြားအပြင် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များသည် NCA တွင် ပါဝင်ခြင်းမရှိသည့်အပြင် စစ်တပ်သည်လည်း မြောက်ပိုင်းဒေသများနှင့် ရခိုင်ပြည်နယ်တွင် မတူညီသောလုပ်ငန်းစဥ်တစ်ရပ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဆိုင်ရာ ကန့်သတ်ချက်များ၊ ညီညွတ်မှုအားနည်းသော အကျိုးစီးပွားများနှင့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများသည် ကြီးမားသည့် စိန်ခေါ်မှုများကို ဖန်တီးခဲ့သည်။ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအရှိန်ကို ဖန်တီးပေးရန် ထက် ၂၀၁၅ တွင် ပိုမိုဒီမိုကရေစီနည်းကျသည့် အစိုးရအဖြစ်သို့ အသွင်ကူးပြောင်းမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ယန္တရားများကို ပြောင်းလဲခြင်း သို့မဟုတ် အောက်ခြေကလှိုက်စားခြင်းတို့ကြောင့် နောက်ထပ်ရှုပ်ထွေးမှုများကို တိုးလာခဲ့သည်။ စစ်တပ်သည် NCA ကို ဦးတည်ချက် အသစ်အတွက် အခြေခံအုတ်မြစ်အဖြစ်ထက် “လုပ်ငန်းစဥ်များမှတဆင့် သီးခြား အနိုင်ရလဒ်တစ်ခုရရှိရန်” ကြိုးပမ်းမှုများအတွက် အထောက်အကူပြုတစ်ခုအဖြစ် အသုံးပြုခဲ့ပြီး၊ လက်နက်ကိုင်အဖွဲ့များကို အရပ်သား ထိန်းချုပ်မှုအောက်တွင် ထားရှိရေးမှာ ပျက်ကွက်နေဆဲဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ပါဝင်ခဲ့သည့် အနောက်နိုင်ငံအလှုရှင်များသည် ဒေသတွင်း အင်အားကြီး နိုင်ငံများကို လုံလုံလောက်လောက် ထည့်သွင်းစဥ်းစားခြင်း မရှိခဲ့ပေ။ NCA အတွက် အဓိကနိုင်ငံခြား ပံ့ပိုးကူညီမှုသည် အနောက်နိုင်ငံများနှင့်အတူ ဂျပန်နိုင်ငံမှ ဖြစ်သော်လည်း တရုတ်နိုင်ငံသည် မြောက်ပိုင်း EAO များနှင့် ထိတွေ့ဆောင်ရွက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စစ်တပ်နှင်လည်း ပိုမိုနီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ အနောက်နိုင်ငံများ၏ အခိုင်အမာ ပံ့ပိုးကူညီမှုသည် တရုတ်နိုင်ငံအစိုးရအတွင်း ၎င်းတို့၏ ရပ်တည်ချက်ကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်မှုများ ဖြစ်စေ ခဲ့သည်။ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံသည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အနည်းငယ်မျှသာ ပါဝင်ပတ်သက်ခဲ့သည်။ အနာဂတ်တွင် ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံများသည် ပဋိပက္ခ ဖြေရှင်းရာတွင် သိသိသာသာ လွှမ်းမိုးမှုများ တိုးလာဖွယ်ရှိသည်။

ထိုအချိန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင် ရင်ဆိုင်နေရသည့် အဓိက ဆက်စပ်နေသော စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ခြင်းမှ သုတေသနမှ အဓိကအချက်များစွာ ပေါ်ထွက်လာသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အမျိုးသားရေးချဥ်းကပ်မှုတွင် ကြီးမားသော ကန့်သတ်ချက်များရှိခဲ့ပြီး ၎င်းတို့ကို နိုင်ငံခြား အလှုရှင်များမှ ပိုမိုကောင်းမွန်စွာ ကြိုတင်စဥ်းစားမှု ပြုလုပ်သင့်ခဲ့သည်။ NCA ၏ လုပ်နိုင်စွမ်းအပေါ် ကျယ်ပြန့်သည့် ထောက်ခံမှုရရှိရန်အတွက် တစ်ခုတည်းသော သဘောတူညီမှု ရရှိရန်မှာ လိုအပ်သည့် အစိတ်အအပိုင်းတစ်ခုဖြစ်သော်လည်း မြန်မာ့ပဋိပက္ခများ၏ မတူညီသော်အခြေအနေများနှင့် မတူကွဲပြားသည့် အစုအဖွဲ့များသည် ပိုမိုဘက်စုံထောင့်စုံသော ချဥ်းကပ်မှု လိုအပ်ပါသည်။ စိန်ခေါ်မှုများသည် အလွန်ရှုပ်ထွေးခက်ခဲပြီး “ဖြေရှင်းရန်ခက်ခဲသောပြဿနာများ” ဖြစ်သောကြောင့် ပိုမိုသိမ်မွေ့ပြီး ကွဲပြားသောချဥ်းကပ်မှု လိုအပ်နေသည်။ တိုင်းရင်းသားခေါင်းဆောင်များသည် မြန်မာနိုင်ငံတဝှမ်းရှိ မတူကွဲပြားမှုများကို ပိုမိုအသိအမှတ်ပြုလက်ခံမှုကို ပိုမိုလိုလားကြပြီး၊ အရွယ်အစားတစ်ခုသည် အားလုံးနှင့်မတော်သည်ကို သိရှိနားလည်ပြီး အချို့နေရာများတွင် စင်ပြိုင်အုပ်ချုပ်မှုစနစ်များကို လက်ခံသည်။ အနာဂတ် အုပ်ချုပ်မှုအခြေအနေများ အကြောင်း ဆွေးနွေးမှုနှင့် ငြင်းခုံမှုအတွက် နိုင်ငံခြား ပံ့ပိုးမှုသည် အောက်ခြေမှ ထိတွေ့ဆက်ဆံမှုနှင့် မတူကွဲပြားမှုတို့ကို ထိရောက်သော နည်းလမ်းများဖြင့် ပိုမိုပါဝင်လာစေနိုင်သည်။

အလှုရှင်အချို့၏ အစီအစဥ်များသည် ထိရောက်မှုရှိသော်လည်း အချို့မှာမူ ရည်ရွယ်ချက်အတွက် သင့်တော်မှုမရှိပါ။ အစီ အစဥ်ချဥ်းကပ်နည်းများ၊ အလားအလာရှိသော မိတ်ဘက်ပြုဆောင်ရွက်မှုများနှင့် ထိတွေ့ဆောင်ရွက်မည့် နည်းလမ်းများ နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ခိုင်မာအားကောင်းသည့် အကြောင်းအရာအပေါ် သိမြင်နားလည်မှု သို့မဟုတ် ကိုယ်စားပြု တိုင်ပင်ဆွေးနွေးမှုများပေါ် တသမတ်တည်းအခြေခံ၍ ပြုလုပ်ထားခြင်းမရှိပါ။ နိုင်ငံခြားအစုအဖွဲ့အများအပြားသည် ပံ့ပိုးကူညီမှုပမာဏ မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ဗဟိုချုပ်ကိုင်မှုများသည့် လုပ်ငန်းဖော်ဆောင်မှု ယန္တရားများသို့ ပြောင်းလဲခဲ့သော ကြောင့် ပံ့ပိုးကူညီမှု အကျိုးသက်ရောက်မှုတို့သည် ကြိုတင်သတ်မှတ်ထားသည့် အပေါ်ယံပန်းတိုင်များ၊ ပြင်ပမှ ဒီဇိုင်းရေးဆွဲ ဖော်ဆောင်သည့် ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုများ၊ သက်သေအထောက်အထားအားနည်းမှု၊ နိုင်ငံခြားအတိုင်ပင်ခံများအပေါ် အလွန်အမင်း အားကိုးမှုနှင့် မြေပြင်အခြေအနေ လိုအပ်ချက်များနှင့် ရလဒ်များ မကိုက်ညီမှုတို့ကြောင့် အကန့်အသတ်များဖြစ် စေခဲ့သည်။ နယ်ပယ်ကျဥ်းပြီး၊ ဖော်ထုတ်နိုင်သော ပန်းတိုင်များသည် တာဝန်ခံမှုကို သက်သေပြသရန်အတွက် အထောက်အကူ ဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည့် အတက်အကျများရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အခြေအနေနှင့် ကိုက်ညီမှုရှိရန် ပြုပြင် ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါက ထိရောက်မှုကို အကန့်အသတ်ဖြစ်စေသည်။ ဤသို့သော အကန့်အသတ်များကြောင့် ဤနယ်ပယ်တွင် ထင်ရှားသည့်ရည်မှန်းချက်များဖြစ်သည့် ကျား-မ (ဂျန်ဒါ) ပါဝင်မှုနှင့် တန်းတူညီမျှမှုတို့အတွက် ပံ့ပိုးမှုများကို အစည်း အဝေးများတွင် အမျိုးသမီးပါဝင်သူအရေအတွက် ခွဲတမ်းသတ်မှတ်မှုကဲ့သို့သော အပေါ်ယံစီမံကိန်းရလဒ်များအဖြစ်သို့ လျော့ကျ စေသည့် သက်ရောက်မှုများရှိခဲ့သည်။

ပဋိပက္ခ ဖြစ်ပွားနေဆဲဒေသများ၌ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အထူးသတိထားမှုရှိရန် လိုအပ်ပြီး နိုင်ငံတကာ အင်အားစုများ အနေဖြင့် ထိခိုက်နိုင်ခြေများကို ဖော်ထုတ်ရန်နှင့် သင့်လျော်သည့် ဖြေရှင်းနည်းများကို ရေးဆွဲရန် ဒေသတွင်းရှိ ရှိရင်းစွဲ အကောင်းဆုံး အလေ့အထများကို အသုံးချနိုင်သည်။ မြန်မာနိုင်ငံရှိ နေရာအများအပြားတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု များ သိသာစွာ လျော့ကျလာမှုကို တွေ့မြင်ခဲ့ရသော်လည်း အထူးသဖြင့် အလှုရှင်များသည် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းတွင် ဗဟိုအစိုးရနှင့် ဆက်ဆံရေးအားကောင်းခိုင်မာအောင် ဆောင်ရွက်မှုကြောင့် ၎င်းတို့၏ ပဋိပက္ခအလွန်သဘောထားအမြင်များ သည် အစီအစဥ်ဖော်ဆောင်ခြင်းများကို လိုက်လျောညီထွေပြောင်းလဲနိုင်မည့် နယ်ပယ်ကို ကန့်သတ်မှုဖြစ်စေခဲ့သည်။ ရုံးခွဲများ ကို ပိတ်သိမ်းခြင်း၊ နယ်စပ်ရှိအဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်မှုများကို လျှော့ချခဲ့ခြင်းများ၊ သေချာစွာတိုင်ပင် ဆွေးနွေး ရန် ပျက်ကွက်မှုကြောင့် နိုင်ငံရေးအာဏာရရှိရန် ယှဥ်ပြိုင်နေသည့် နေရာဒေသများတွင် အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လက်တွေ့အခြေအနေများအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာ စီမံကိန်းဝန်ထမ်းများမှ နားလည်မှု အကန့်အသတ်ဖြစ်စေ ခဲ့သည်။

လျင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများတွင် ပြောင်းလွယ်ပြင်လွယ်မှုကို ထိန်းသိမ်းထားနိုင်ပြီး အန္တရာယ်ကို စီမံခန့်ခွဲ့နိုင်သည့် စွမ်းရည်ရှိခြင်းက ပိုမိုထိရောက်သော ပံ့ပိုးကူညီမှုကို ပေးနိုင်သည်။ ပြည်တွင်းမိတ်ဘက်အဖွဲ့များသည် အလှုရှင်လိုအပ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ရန်အတွက် ကြီးမားသောစီမံခန့်ခွဲမှု ဝန်ထုပ်ဝန်ပိုးများကို အများအား ဖြင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပြီး အောက်ခြေသို့ တာဝန်ခံမှုမရှိခြင်း (အလှုရှင်များနှင့် ကြားခံများသည် ပံ့ပိုးမှုလက်ခံသူများထက် ၎င်းတို့၏ သက်ဆိုင်ရာအစိုးရများကိုသာ အဓိကအားဖြင့် ဖြေရှင်းတာဝန်ခံကြသည်) ကြောင့် အပြုသဘောဆောင်သည့် မိတ်ဘက်ဖွဲ့စည်းမှုများပြုလုပ်နိုင်ခြင်းကို အကန့်အသတ်ဖြစ်စေခဲ့သည်။ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေများနှင့် လိုက်ဖက် သည့် ပိုမိုများပြားသော ယန္တရားအမျိုးမျိုးထားရှိပေးပြီး မတူညီသော ချဥ်းကပ်နည်းများအတွက် ပြောင်းလွယ်ပြင်လွယ်သော နည်းလမ်းများကို အသုံးပြုခြင်းဖြင့်၊ ပြည်တွင်းမိတ်ဘက်အဖွဲ့များကို ပိုမိုများပြားသော အခွင့်အလမ်းများနှင့် ရွေးချယ်စရာများ ကို အလှုရှင်များက ဆောင်ရွက်ပေးနိုင်သည်။ လျင်မြန်စွာပြောင်းလဲနေပြီး အမျိုးမျိုးသော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၏ အဓိကကဏ္ဍများကို ပံ့ပိုးရာတွင် ပြောင်းလွယ်ပြင်လွယ်သော ရန်ပုံငွေပံ့ပိုးမှုယန္တရားများသည် အလွန်အရေးကြီးသည်။ ကျရှုံးနိုင်ခြေ ရှိမှုအချို့နှင့် စွန့်စားမှုများမပြုလုပ်ပဲ လမ်းရိုးအတိုင်းဆောင်ရွက်ခြင်းထက် “နိုင်ငံရေးစွန့်စားမှုများ”သို့မဟုတ် ဂုဏ်သတင်း ထိပါးနိုင်မှုတို့ကို လက်ခံနိုင်သည့် စိတ်ဆန္ဒရှိမှုသည် ထိရောက်သည့် အစီအစဥ်ရေးဆွဲအကောင်ထည်ဖော်မှုကို အထောက်အကူဖြစ်စေသည်။ အလှုရှင်များ၏ ပံ့ပိုးမှုကို ပေါင်းစပ်ထားသည့် စုပေါင်းရန်ပုံငွေများ သည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ (feminist) နှင့် အမျိုးသမီး အခွင့်အရေးအဖွဲ့များအပါအဝင် အရပ်ဘက် ကွန်ရက်အဖွဲ့များနှင့် အဖွဲ့ငယ်များ အတွက် အဖွဲ့အစည်းသီးသန့် ပံ့ပိုးမှု အပါအဝင် ဆန်းသစ်စွာ ပံ့ပိုးမှုပေးခြင်းဖြင့် အန္တရာယ်များကို ဖြန့်ကျက်လျော့နည်းစေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ၎င်းတို့သည် ခက်ခဲသော လုပ်ထုံးလုပ်နည်းများ၊ ရှည်ကြာသည့် ကြန့်ကြာမှုများနှင့် အမျိုးသားအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် တိုးတက်မှုအရှိန်အဟုန်ပျောက်ဆုံးသွားသည့်အတွက် ပြောင်းလဲနေသည့် အခြေအနေများကို တုံ့ပြန်နိုင်စွမ်းမရှိခြင်းတို့နှင့် ဆက်စပ်နေသည်။

ပဋိပက္ခ၏ နက်ရှိုင်းစွာအမြစ်တွယ်နေသည့် အကြောင်းချင်းရာများကို ကျော်လွှားရန်အတွက် ဆက်စပ်အခြေအနေ အခြေခံ သော၊ ရေရှည်ဖြစ်သော၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်သော ပံ့ပိုးကူညီမှု လိုအပ်သည်။ မြန်မာနိုင်ငံ၏ ဒေသအလိုက် ပဋိပက္ခများ အချိုးမညီမှုသည် သမားရိုးကျ အလှုရှင် ချဥ်းကပ်နည်းလမ်းများအတွက် စိန်ခေါ်မှုဖြစ်သည်။ ငြိမ်းချမ်းရေးပံ့ပိုးမှု အပါအဝင် ထောက်ပံ့ကူညီမှုအစီအစဥ်များသည် ပုံမှန်အားဖြင့် အလှုရှင်နှင့် လက်ခံရယူသည့် အစိုးရကြား သံတမန်ရေးရာ သို့မဟုတ် အလုပ်သဘောဆက်ဆံရေးများမှတဆင့် သဘောတူဆောင်ရွက်ကြခြင်းဖြစ်သည်။ လက်ခံသူအစိုးရသည် ပဋိပက္ခ အစုအဖွဲ့တစ်ခုဖြစ်နေသည့်အခါ ဤသည်မှာ အဓိက အတားအဆီးအခက်အခဲဖြစ်လာသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ပံ့ပိုးကူညီမှုတို့သည် လုံလောက်သော မျှခြေမရှိပဲ အစိုးရအဖွဲ့အစည်းများကို ထောက်ပံ့ခြင်းဖြင့် နိုင်ငံရေးအာဏာ အချိုးမညီမှုကို ပိုဆိုးလာစေသည်ဟု EAO ခေါင်းဆောင်အချို့က ယူဆခဲ့ကြသည်။ အတိုက်အခံအုပ်စုများကြား၊ အာဏာရှိသူများကြားနှင့် ကျယ်ပြန့်သောလူထုများကြား ယုံကြည်မှု ကွာဟချက်များသည် မည်သည့်သဘောတူညီချက်ကိုမဆို ဆုပ်ကိုင်ထားနိုင်မှုကို အတားအဆီးဖြစ်ခဲ့သည်။ နိုင်ငံခြားအစုအဖွဲ့များသည် နိုင်ငံရေးအရ လိမ္မာပါးနပ်သည့် အစီအစဥ်များရေးဆွဲခြင်းနှင့် ဆက်ဆံရေးကို တိုးမြင့်လာစေရန် သို့မဟုတ် ယုံကြည်မှုတည်ဆောက်ရန်တို့အတွက် ပံ့ပိုးကူညီမှုနည်းလမ်းများမှတဆင့် အချို့ အတားအဆီးအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်သည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများအတွက် အကြံပြုချက်များ

ဤအဆိုပြုထားသည့် စီမံဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတွင် အနာဂတ်ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် ဆောင်ရွက်နေသည့် နိုင်ငံခြားပံ့ပိုးကူညီမှု အစုအဖွဲ့များနှင့် ၎င်းတို့၏မိတ်ဘက်အဖွဲ့များအတွက် အဓိကရည်ရွယ်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီခေါင်းဆောင်များမှ စစ်တပ်ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးမှုကို ပယ်ချထားသည်ကို သိရှိလက်ခံထားပြီး ဤအကြံပြုချက်များသည် အနာဂတ်သင့်လျော်သည့်အချိန်တွင် ကြားဝင်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် စာတမ်းပြုစုသူများက အလေးပေးဖော်ပြထားသည်။ အနာဂတ် ငြိမ်းချမ်းရေးအစပြုဆောင်ရွက်မှုများသည် ယခင်ကဆောင်ရွက်ခဲ့မှုများနှင့် အလွန်ကွာခြားပါလိမ့်မည်။ သို့ရာတွင် မတူကွဲပြား သည့် အခြေအနေတွင်ပင် အတိတ်မှ သင်ခန်းစာများသည် အရေးကြီးနေပါသေးသည်။

၁။ ရေရှည် အမြင်ထားရှိရန်နှင့် မျှော်မှန်းချက်များကို စစ်ဆေးပါ။

  • ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ပြင်ပပံ့ပိုးမှု၏ အချိန်မတန်မီ တိုးတက်မှုကို မျှော်လင့်သည့် စွန့်စားမှုများနှင့် လျင်မြန်သော အကျိုးသက်ရောက်မှုများကို အကန့်အသတ်ဖြစ်စေသည့် အကန့်အသတ်အတားအဆီးများကို ထည့်သွင်းစဥ်းစားပါ။ ကျယ်ပြန့်သော အများသဘောတူညီမှုအပေါ် ယုံကြည်မှုနှင့် သဘောတူညီချက်များကို ရွေးကောက်ပွဲများ အပါအဝင် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများနှင့်တင်းမာမှုတို့က ပျက်ပြားစေနိုင်ကြောင်း သတိပြုပါ။
  • ပဋိပက္ခအလွန်အခြေအနေသို့ လျင်မြန်စွာတိုးတက်လာမည်ဟု အချက်ပြခြင်းသည် ထိလွယ်ရှလွယ် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို ပျက်ပြားစေနိုင်ချေရှိသည်။ အကြမ်းဖက်မှုကို လျော့နည်းစေရန် ရည်ရွယ်သည့် အပစ်အခတ် ရပ်စဲ ရေးသဘောတူညီမှုနှင့် ကျယ်ပြန့်သော ရေရှည်ခြေလှမ်းများကြား ခွဲခြားသိမြင်ပါ။ အလှုရှင်များသည် ကြမ်းတမ်းပြီး မခန့်မှန်းနိုင်သည့် ငြိမ်းချမ်းရေးဆီသို့ သွားရာ လမ်းကြောင်းများအတွက် ပြင်ဆင်ထားသင့်သည်။
  • မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များသည် အလွန်ကွဲပြားသော အခြေအနေများနှင့် အကျိုးစီးပွားများကို ကိုင် တွယ်ဖြေရှင်းရန် လိုအပ်သည်။ အမျိုးသားအဆင့် ချဥ်းကပ်မှုတစ်ခုသည် ဒေသတွင်းသတ်မှတ်ထားသော တုံ့ပြန်မှုများ ကို လုပ်ဆောင်ရန်လိုအပ်ပြီး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် နည်းလမ်းများသည် ပိုမိုထိရောက်နိုင်ဖွယ်ရှိသည်။
  • တိုးတက်မှုအရှိန်အဟုန်ဖန်တီးရန်၊ ယုံကြည်မှုတည်ဆောက်ရန်နှင့် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်တို့အတွက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်မှု သို့မဟုတ် နယ်နမိတ်သတ်မှတ်ရေး ကော်မရှင်များနှင့် ကနဦးဖွံ့ဖြိုးရေး အစပြု ဆောင်ရွက်မှုများ ကဲ့သို့သော တိုးတက်မှုဆိုင်ရာ အစီအမံများကို ထားရှိနိုင်သည်။ ထိုကဲ့သို့သော အစပြုဆောင်ရွက် မှုများဆိုင်ရာ အထောက်အထားများကို သေချာစွာပြန်လည်သုံးသပ်ခြင်းသည် အတိတ်ကအမှားများကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်းမှ ရှောင်ကြဥ်နိုင်စေမည်။

၂။ အခြေအနေများပေးလာသည်နှင့် ယုံကြည်မှုတည်ဆောက်ရေးနှင့် လူထုယုံကြည်မှု အစီအမံများကို ပံ့ပိုးကူညီပါ။

  • ပဋိပက္ခဖြေရှင်းရေး၊ ဒိုင်ယာလော့နှင့် အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့နှင့် ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ ပြည်တွင်းလုပ်ငန်းဖော်ဆောင်နိုင်စွမ်းရည်ကို စောစီးစွာ ပံ့ပိုးပေးခြင်းဖြင့် စတင်ပါ။
  • အပစ်အခတ်ရပ်စဲရေးသို့ ဦးတည်သည့် တိုးတက်မှုဖြစ်စဥ်တွင် NCA မတိုင်မီ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများအပေါ် အခြေခံ၍ ယုံကြည်မှုနှင့်ကိုးစားမှုတို့ကို အဓိကအလေးထားဆောင်ရွက်သည့် အစပြုဆောင်ရွက်မှု များကို ပံ့ပိုးပါ။
  • အများသူငှာ သဘောထားအမြင်နှင့် အများပြည်သူ့ဆိုင်ရာ သတင်းအချက်အလက်မျှဝေခြင်း အစီအစဥ်များကို ပံ့ပိုးကူညီပါ သို့မဟုတ် အားပေးပါ။ ယခင်က ပဋိပက္ခအစုအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများနှင့် အလှုရှင်အချို့မှ စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း နိုင်ငံတဝှမ်းနှင့် ပဋိပက္ခဒဏ်ခံစားနေရသောဒေသများတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အတွက် လူထုပံ့ပိုးမှုနှင့် လူထုနားလည်မှု တည်ဆောက်ခြင်းသည် အရေးကြီးပြီး အသိအမှတ်ပြုမှု နည်းပါးနေသည်။
  • လက်နက်ကိုင်အဖွဲ့များအတွင်း ခေါင်းဆောင်များ၏ မတူညီသော ရပ်တည်ချက်များနှင့်အမြင်များကို နားလည်သိရှိ ရန် ရင်းနှီးမြှုပ်နှံပြီး၊ အပြောင်းအလဲအတွက် အံဝင်ခွင်ကျနှင့် သင့်လျော်သော မက်လုံးများကို ဖန်တီးရန်အတွက် သတင်းအချက်အလက်များကို အသုံးပြုပါ။ ဤတွင် ကွဲပြားမှုများကို ပေါင်းကူးပေးနိုင်သည့် ယုံကြည်ရသော ကြားဝင်ဖျန်ဖြေပေးသူများ သို့မဟုတ် စေ့စပ်ညှိနှိုင်းပေးသူများကို ရှာဖွေခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ လိုအပ်နိုင်သည်။

၃။ အပြန်အလှန်နားလည်မှုပေါ်ပေါက်လာစေရန် ဆောင်ရွက်ပြီး မတူညီသော အစုအဖွဲ့များ၏ ကွဲလွဲသည့်အကျိုးစီးပွားများကို တုံ့ပြန်ဆောင်ရွက်ရန်။

  • ဒီမိုကရက်တစ်ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကြား ယခင်က အကွဲအပြဲများနှင့် မကျေနပ်ချက် များကို ပြေလျော့စေရန် တရားဝင်ပလက်ဖောင်းများ သို့မဟုတ် အလွတ်သဘောဆွေးနွေးနိုင်မည့်နေရာများမှတဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးပါ။
  • ပဋိပက္ခအစုအဖွဲ့အားလုံးကို တန်းတူညီမျှ လေးစားမှုဖြင့် ဆက်ဆံဆောင်ရွက်ပါ။ အစိုးရမဟုတ်သော အစုအဖွဲ့များကို အစိုးရများနည်းတူ တန်းတူညီမျှမှုကို အမြဲပေးနိုင်မည်မဟုတ်သော်လည်း ၎င်းတို့၏ စိန်ခေါ်မှုများကို နားလည်သိရှိရန် လိုအပ်ပြီး ၎င်းတို့၏ ရပ်တည်မှုများကို အသိအမှတ်ပြုရန်လိုအပ်သည်။

၄။ အိမ်နီးချင်းနိုင်ငံများနှင့် မည်သို့ အလုပ်လုပ်ရမည်ဆိုသည်ကို ပို၍ စဥ်းစားပါ။

  • တရုတ်၊ အိန္ဒိယ နှင့် ထိုင်းတို့အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် မြန်မာ့အိမ်နီးချင်းအစိုးရများနှင့် ပြန်လည်ပေါင်းစည်းရေးကို ပံ့ပိုးပေးရန် ဘုံတူညီချက်နယ်ပယ်များကိုရှာပါ။ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပြင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ ကဲ့သို့သော နယ်စပ်ဆိုင်ရာ အလေးထားစရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအပါအဝင် အစပြု ဆောင်ရွက်နိုင်မည့် အရာများကို ထည့်သွင်းစဥ်းစားပါ။
  • နိုင်ငံတကာ သံတမန်ရေးရာ ဆက်သွယ်ဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးစသည့် သဘောတူထားသည့်အချက်များနှင့် ပတ်သက်ပြီး တသမတ်တည်းဖြစ်စေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအပါအဝင် အာဆီယံနှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်ဆောင်ရွက်မှုကို ထည့်သွင်းစဥ်းစားပါ။
  • ပြင်ပစောင့်ကြည့်ကြီးကြပ်မှု သို့မဟုတ် အကြံပေးအဖွဲ့များစသည့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကတာ ထိတွေ့ ဆောင်ရွက်မှုများကို တည်ဆောက်ရန် သီးခြားအခွင့်အလမ်းများ သို့မဟုတ် တိုးမြင့်ခြေလှမ်းများကို ရှာဖွေပါ။

၆။ အမျိုးသားအဆင့် ချဥ်းကပ်မှုများကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ပါ။

  • အထူးသဖြင့် အာဏာခွဲဝေမှု သို့မဟုတ် ဖက်ဒရယ်စနစ်အတွက် ပြုပြင်ပြောင်းလဲမှုများအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဥ်များကို ပံ့ပိုးပါ။ နိုင်ငံအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့်တို့တွင် တိုင်းရင်းသားခေါင်းဆောင်များ၏ ကိုယ်စားပြုမှုကို သေချာစေပြီး အဆိုပြုပြုပြင်ပြောင်းလဲမှုများသည် တိုင်းရင်းသားလူမှုအသိုင်းဝိုင်းများ၏ မျှော်မှန်း ချက်များကို ထင်ဟပ်စေရန် သေချာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
  • ပဋိပက္ခဒဏ်ခံစားနေရသောဒေသများတွင် ယခင်အမျိုးသားအဆင့်အစီအစဥ်များ၏ သက်ရောက်မှုများကို ပြန်လည် သုံးသပ်ပြီး တွေ့ရှိချက်များကို တုံ့ပြန်ဆောင်ရွက်ပါ၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ပဋိပက္ခဒဏ်ခံစားနေရသောဒေသများ ရှိ အခြေခံအဆောက်အဦအသစ်များ သို့မဟုတ် ပညာရေး တိုးချဲ့ခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုရာ အနုတ်လက္ခဏာ ဆောင်သည့် မှတ်တမ်းကို ရှောင်ရှားနိုင်မည်။
  • ဗဟိုအစိုးရအဖွဲ့အစည်းများ သို့မဟုတ် လူများစုတိုင်းရင်းသားအစုအဖွဲ့များနှင့်သာ ထပ်တလဲလဲ အဓိက ဆောင်ရွက်မှု များ မပြုလုပ်ပဲ တိုင်းရင်းသားဒေသများတွင် အစီအစဥ်ဖော်ဆောင်မှုအတွက် သင့်လျော်သော မိတ်ဖက်များနှင့် မည်သို့ ဆက်သွယ်ဆောင်ရွက်ရမည်ကို ထည့်သွင်းစဥ်းစားပါ။ ဘာသာရေး၊ ကျား-မရေးရာ (ဂျန်ဒါ) သို့မဟုတ် လူနည်းစုများကဲ့သို့သော သမားရိုးကျ အာဏာဖွဲ့စည်းပုံများနှင့် ဝေးကွာသည့် အစုအဖွဲ့များ ပါဝင်ပါစေ။
  • အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု၊ ပညာရေးနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်မှုကဲ့သို့သော ကဏ္ဍများတွင် ပြန်လည် သင့်မြတ်ရေးနင့် ရေရှည် လူမှုရေးပြောင်းလဲမှုတို့ကို သွယ်ဝိုက်သော ချဥ်းကပ်နည်းလမ်းများဖြင့် ပံ့ပိုးနိုင်ရန်အတွက် အစပြုဆောင်ရွက်နိုင်မည့် အရာများကို ရှာပါ။ ဗဟိုအစိုးရတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အဖွဲ့များနှင့် လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိပါ။

၆။ မြန်မာနိုင်ငံ၏ မတူကွဲပြားမှုကို နားလည်သဘောပေါက်အောင် ဆောင်ရွက်ပါ။

  • ထောက်ပံ့ကူညီမှုပေးသည့် အဖွဲ့အစည်းများ၊ အစီအစဥ်များနှင့် စီမံကိန်းများအတွင်း ဝန်ထမ်းများ မတူကွဲပြားမှုရှိစေ ရန် ဆောင်ရွက်ပါ။ လုံလောက်သည့် ကိုယ်စားပြုမှုမရရှိသည့် လူမှုအသိုင်းအဝိုင်းများနှင့် နေရာဒေသများမှ ဝန်ထမ်း များ ပါဝင်စေခြင်းသည် ပဋိပက္ခဒဏ်ခံစားနေရသော နေရာဒေသနှင့် လူနည်းစု နေရာဒေသများတွင် ထိရောက်မှုကို တိုးတက်စေကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်။
  • ဝန်ထမ်းများအား အဂတိတရားဖြင့် မလိုမုန်းထားမှုကို သတိပြု တုံ့ပြန်ဆောင်ရွက်နိုင်မှုရှိရန်အတွက် အားပေး ထောက်ပံ့မှုများပေးပါ။ ခွဲခြားဆက်ဆံသည့် သဘောထားအမြင်များ လျှော့ချရေးအတွက် လုပ်ငန်းတာဝန်(မစ်ရှင်) ထုတ်ပြန်ချက်များ သို့မဟုတ် လမ်းညွှန်ချက်များထားရှိရန် စဥ်းစားပါ။ မတူကွဲပြားမှုကို မြှင့်တင်ရန် သင့်တော်သည့် ဝန်ထမ်းရှာဖွေစုဆောင်းမှု အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်းနှင့် လူနည်းစုအသိုင်းအဝိုင်းများမှ လာသည့် ဝန်ထမ်းများ သို့မဟုတ် အလားအလာရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပံ့ပိုးကူညီပါ။
  • အဂတိတရားဖြင့် မလိုမုန်းထားမှုများကို ဖြေရှင်းရန်နှင့် ပြုပြင်ပြောင်းလဲမှုများ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် များနှင့်အတူ အပြန်အလှန်နားလည်မှုတည်ဆောက်ရန် ဖြေရှင်းဆွေးနွေးသည့် အမျိုးသားအဆင့် လူထုအသိပညာပေး စည်းရုံးလှုံဆော်မှုများ (ကမ်ပိန်းများ)ကို ပံ့ပိုးပေးရန် ထည့်သွင်းစဥ်းစားပါ။ ပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခဖြေရှင်း မှုတို့တွင် လူထုထောက်ခံအားပေးမှုအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ် ငြိမ်းချမ်းရေးသဘောတူညီချက် အားလုံး၏ ရေရှည်တည်တံ့မှုအတွက် အဓိက သော့ချက်ဖြစ်သည်။

၇။ အကြမ်းဖက်မှု၏ မောင်းနှင်အားသည် ကျား-မရေးရာ (ဂျန်ဒါ) အလိုက် အာဏာ (ပါဝါ) မညီမျှမှုနှင့် တန်းတူညီမျှ မရှိမှုတို့ကြောင့် ဖြစ်ကြောင်း အသိအမှတ်ပြုသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဥ် ရေးဆွဲဖော်ဆောင်ပါ။

  • နိုင်ငံရေးစီးပွားရေးနှင့် ပဋိပက္ခ ဆန်းစစ်လေ့လာမှုများအပါအဝင် အကဲဖြတ်လေ့လာမှုများတွင် နိုင်ငံရေးအာဏာ အရှိန်အဟုန် (ပါဝါဒိုင်နမစ်) ဆိုင်ရာ စဉ်းစားသုံးသပ်မှုများကြားတွင် ကျား-မရေးရာ (ဂျန်ဒါ) ထည့်သွင်းစဥ်းစား ထင်ဟပ်မှု ပါရှိအောင်ပြုလုပ်ပါ။ စစ်အာဏာသိမ်းချိန်မှ စတင်၍ ဖိုသဘာဝနှင့်ပတ်သက်သော အယူအဆများ ပြောင်းလဲမှုသည် ကျား-မ (ဂျန်ဒါ) အခြေပြုအကြမ်းဖက်မှု အတွေ့အကြုံများနှင့် အမျိုးသားများ၏ အခန်းကဏ္ဍများ ကို နားလည်ခြင်းအပါအဝင် မြန်မာနိုင်ငံရှိ ကျား-မရေးရာ (ဂျန်ဒါ) သတ်မှတ်ချက်များဆိုင်ရာ အယူအဆများ ပြောင်းလဲလာနိုင်သည့် အခွင့်အလမ်းများ ရှိလာစေသည်။
  • လက်ရှိကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်သည့် အဓိကအစုအဖွဲ့များ၏ ဝိသေသလက္ခဏာများနှင့် လိုအပ်ချက်များ နှင့်ကိုက်ညီအောင် WPS ရန်ပုံငွေပံ့ပိုးမှု လမ်းကြောင်းများကို ဖွဲ့စည်းတည်ဆောက်ပါ။ ရန်ပုံငွေများသည် လိုက်လျော ညီထွေ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရမည် ( ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ရန်နှင့် မြန်မြန် ဆန်ဆန်အသုံးချနိုင်ရန်)၊ တိုက်ရိုက်ပေးအပ်ခြင်း ( ပြည်တွင်းအစုအဖွဲ့များသည် သင့်တော်သည့် စီမံခန့်ခွဲမှု လိုအပ် ချက်များအပေါ်အခြေခံ၍ အဓိကလက်ခံရရှိသူများဖြစ်သင့်သည်။) နှင့် အဖွဲ့အစည်းသီးသန့် ဖြစ်ရမည် (အဖွဲ့အစည်း ဆိုင်ရာနှင့် ရေရှည် တိုးတက်မှုကို ဖြစ်လာစေရန်)။
  • WPS တွင် ပါဝင်ဆောင်ရွက်မှုသည် ပြည်တွင်းအစုအဖွဲ့များကို ဝန်ပိစေခြင်း သို့မဟုတ် ပုံစံတူဖြစ်ခြင်းများကို ရှောင်ရှားရန် မဟာဗျူဟာကျကျ ချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပါ။ လူသိများပြီး အခြေခိုင်ပြီးသည့် အစုအဖွဲ့ များအပြင် အခြားသော အဖွဲ့များထံ ကျယ်ပြန့်စွာ ဆက်သွယ်ရောက်ရှိရန် ပြုလုပ်စဥ်အတွင်း အပြသက်သက် သို့မဟုတ် အပေါ်ယံချဥ်းကပ်မှုများကို ရှောင်ရှားနိုင်ရန် အကဲဆတ်မှုနှင် သိမ်မွေ့သည့်ကွဲပြားချက်များကို သိရှိမှုအပေါ် အခြေခံသည့် ထိတွေ့ဆက်ဆံဆောင်ရွက်မှုမျိုး လိုအပ်သည်။
  • အလှုရှင်များမှ စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း အစီအစဥ်များပြုလုပ်ရန် ကျွမ်းကျင်မှုနှင့် အရင်းမြစ်များ ကို ခွဲဝေသတ်မှတ်ပြီး၊ အနာဂတ် ရန်ပုံငွေ ပံ့ပိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် WPS တွင် မဟာဗျူဟာမြောက် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်မှုများရရှိစေရန်အတွက် အောင်မြင်ခဲ့သည် လုပ်ဆောင်မှုများနှင့် မအောင်မြင်ခဲ့သည့် လုပ်ဆောင်မှုများမှ လေ့လာသင်ယူနိုင်ရန် အထောက်အထားများ ထုတ်ဖော်မျှဝေခြင်းပြုလုပ်ရန် လိုအပ်သည်။

၈။ အလှုရှင်အများအပြားပါဝင်သည့် စုပေါင်းရန်ပုံငွေများနှင့် ညှိနှိင်းဆောင်ရွက်မှုကို ဂရုတစိုက် ထည့်သွင်းစဥ်းစားပါ။

  • အလှုရှင်အများအပြားပါဝင်သည့် ကြီးမားသောစုပေါင်းရန်ပုံငွေများသည် (လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင် မှုလိုအပ်သည်) ပေါ်ထွန်းစ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်များ သို့မဟုတ် လျင်မြန်စွာ ပြောင်းလဲနေသော အခြေ အနေများနှင့် မသင့်လျော်ပါ။ အလှုရှင်များသည် နိုင်ငံရေးအရ စွန့်စားမှုများကို ပြုလုပ်လိုသည့် ဆန္ဒရှိရန်နှင့် ချဥ်းကပ်မှု နည်းလမ်းများကို လိုအပ်သလို လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ညှိနှိုင်းရန် လိုအပ်သည်။
  • ပုံစံတူများဖြစ်ခြင်းကို လျှော့ချရန်နှင့် ထိရောက်မှုအများဆုံးရရှိရန် လက်တွေ့ကျသော ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ လိုအပ်သောကြောင့် ၊ အသိပညာ သို့မဟုတ် အရင်းမြစ်များကို မျှဝေရန်နှင့် လိုအပ်သော ပြောင်းလွယ်ပြင်လွယ်မှုကို ထိန်းသိမ်း၍ ရန်ပုံငွေများကို ခွဲဝေချထားရန်အတွက် အခြားနည်းလမ်းများကို ထည့်သွင်း စဥ်းစားပါ။
  • လက်သင့်ခံ ခံနိုင်ရည်ရှိမည့် အန္တရာယ်အဆင့်များကို သဘောတူညီချက်ယူထားသည့် အလှုရှင်အစုအဖွဲ့ငယ်များ ပါဝင်သည့် အကြောင်းအရာအလိုက် သို့မဟုတ် ပြဿနာကိစ္စရပ်အလိုက် ချိတ်ဆက်ဆောင်ရွက်မှု၊
  • သီးခြားကဏ္ဍများ၊ နယ်ပယ်များ သို့မဟုတ် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် စုပေါင်းရင်းမြစ်များအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်မည့် အလားအလာရှိသည့် ဦးဆောင်အဖွဲ့ ရွေးချယ်ခြင်း၊
  • သတင်းအချက်အလက်များနှင့် အလွတ်သဘောချိတ်ဆက်ဆောင်ရွက်ရန် နေရာများ မျှဝေခြင်းအတွက် ပိုမို ကောင်းမွန်သည့် စနစ်များအသုံးပြုရန် ကတိကဝတ်ပြုခြင်း။

၉။ အလုပ်ဖြစ်သည့်အစီစဥ်များအပေါ် တည်ဆောက်၍ ဆက်လက်ဆောင်ရွက်ရန်နှင့် ချဥ်းကပ်မှုများကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲပါ။

  • မြန်မာနိုင်ငံမှ ယခင်အကဲဖြတ်ချက်များအပါအဝင် ထိရောက်မှုသည့် အထောက်အထားများအပေါ် အခြေခံ၍ အစီ အစဥ်များကို အခြေပြုပါ။ ရှေ့ပြေးအစီအစဥ်များကို သင်ယူမှုအစပျိုးမှုများအဖြစ် ကျောထောက်နောက်ခံပြုလိုစိတ်ရှိ ပါ။
  • ပိုမိုရှည်လျားသည့် အစပြုကာလများနှင့် နှစ်ရှည်အချိန်ကာလများစွာကြာမည့် အချိန်သတ်မှတ်ချက်များပါသည့် အစီအစဥ်များကို စီစဥ်ရေးဆွဲပါ။ ကျရှုံးမှုအပေါ် အစီရင်ခံတင်ပြခြင်း အလေ့အထနှင့် သင်ယူမှုအပေါ်အခြေခံ၍ နောက်ဆက်တွဲ လိုက်လျောညီထွေပြောင်းလဲမှုများပြုလုပ်ခြင်းတို့ကို အားပေးပါ။ ဖြစ်နိုင်ပါက၊ အခြားနိုင်ငံတကာ ကြားဝင်ညှိနှိုင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်း လူမှုအသိုင်း အဝိုင်းများအား တာဝန်ခံမှုရှိစေရန် အကဲဖြတ်ခြင်းနှင့် သင်ယူခြင်းဆိုင်ရာ အရင်းအမြစ်များကို အများပြည်သူထံ မျှဝေပါ။
  • အဆင့်မြင့် ညှိနှိုင်းဆွေးနွေးမှုနှင့် အကဲဖြတ်ဆန်းစစ်လေ့လာမှုအပြင် စီမံကိန်းဘေးကင်းလုံခြုံရေးအခြေခံမူများ၊လမ်းညွှန်ချက်များ၊ လုပ်ငန်းစဥ်ပြန်လည်သုံးသပ်ခြင်းများ စသည့် နည်းလမ်းများသည် အသိပေးသည့် ချဥ်းကပ်မှုများ အတွက် အထောက်အကူပြုနိုင်သည်။
  • အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများအတွက် လုံလောက်သည့် အချိန်နှင့် ဘတ်ဂျက်ကို ခွင့်ပြုပါ။ အစီအစဥ်များကို ဒီဇိုင်း ရေးဆွဲသည့်အခါ မြေပြင်အခြေအနေများနှင့် နီးစပ်သော သတင်းအချက်အလက်များစွာရှိသည့် မိတ်ဖက်များနှင့် သေချာစွာ ချိတ်ဆက်ဆောင်ရွက်ပါ။ ဤအဆင့်များကို မလုပ်ဆောင်နိုင်ပါက ၎င်းကို ရွှေ့ဆိုင်းခြင်းသည် ပို ကောင်းပါသည်။
  • ပိုမိုကျယ်ပြန့်ပြီး အလားလာရှိသော အစီအစဥ်များဖော်ဆောင်နိုင်စေရန်အတွက် အမှီအခိုကင်းပြီး ပြည်တွင်းမှ အဓိက ဆောင်ရွက်သည့် သုတေသနှင့် ဆန်းစစ်လေ့လာမှုများကို ထောက်ပံ့ပါ။ ဖြစ်စဥ်တစ်ခုခုတွင် နိုင်ငံတကာ သုတေသန အေဂျင်စီများ သို့ မဟုတ် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများသည် ပြည်တွင်း သို့မဟုတ် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ပြည်တွင်း လူ့အသိုင်းအဝိုင်းများအား သုတေသန၊ ဆန်းစစ်လေ့လာမှုနှင့် အကဲဖြတ်မှု တို့တွင် ပူးပေါင်းပါဝင်နိုင်စေရန် ဆောင်ရွက်ပါ။

၁၀။ ‘ရတနာပုံဆိုက်ကိန်း’ နိုင်ငံခြားထောက်ပံ့ကူညီမှုမျိုးကို ရှောင်ပါ။

  • အပြိုင်အဆိုင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အလျင်လိုမှုနှင့် ပြည်တွင်မိတ်ဘက်များအပေါ် ဝန်ပိစေသည့် စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ရှောင်ရန် သေးငယ်သောအစီစဥ်ဖြင့် စတင်ပြီး ဖြည်းဖြည်းချင်း တည်ဆောက်ပါ။
  • ဦးစားပေးကဏ္ဍ သို့မဟုတ် နယ်မြေများ သတ်မှတ်ဆောင်ရွက်ပါ အထူးသဖြင့် နိုင်ငံတကာ အထောက်အပံ့ရရှိမှု နည်းပါးသည့် ကဏ္ဍ သို့မဟုတ် နယ်မြေများ။ လက်လှမ်းမီရောက်ရှိနိုင်မှုအရှိဆုံး ပဋိပက္ခနေရာများ သို့မဟုတ် ခိုင်မာသော ဆက်သွယ်ဆောင်ရွက်မှုများ တည်ရှိပြီးဖြစ်သည့်နေရာများတွင် မရည်ရွယ်ပဲ စုပြုံနေခြင်းကို ရှောင်ရှားရန်နှင့် လိုအပ်မှုအမြင့်ဆုံးနေရာကို ခွဲခြားဖော်ထုတ်ရန်အတွက် ကွာဟချက်ဆန်းစစ်လေ့လာမှု (GAP Analysis) ကို ပြုလုပ်ပါ။
  • သေးငယ်သော သို့မဟုတ် ထင်ပေါ်ကျော်ကြားလာသော အဖွဲ့အစည်းများ၏ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် စွမ်းရည်နှင့် အရည်အသွေးဆိုင်ရာမြှင့်တင့်မှုများကို မိတ်ဘက်အဖွဲ့များအတွက် ပံ့ပိုးပါ။ အဖွဲ့အစည်း ရပ်တည်မှုအတွက် အဓိကျသော ရန်ပုံငွေ (vital core funding) ပံ့ပိုးခြင်းကို အစီအစဥ်ဘတ်ဂျက်များတွင် အများအားဖြင့် ထည့်သွင်းနိုင်သည်။
  • အလှုရှင်အဖွဲ့အစည်းများသည် စာချုပ်ချုပ်ဆိုထားသည့်အဖွဲ့များသို့မဟုတ် အထောက်အပံ့လက်ခံရရှိသည့်အဖွဲ့များမှ တဆင့် လုပ်ငန်းဖော်ဆောင်ရန် လိုအပ်သော်လည်း များပြားသည့်ကြားခံအဖွဲ့များအသုံးပြုခြင်းကို ရှောင်ကြဥ်၍ ကြားခံအဖွဲ့များကို ဒေသတွင်း ဖန်တီးဖြစ်ပေါ်လာသည့်နည်းလမ်းများဖြင့် တည်ဆောက်သွားရန် တိုက်တွန်းလှုံ့ဆော် ပါ။

၁၁။ ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်ဆောင်ရွက်မှုများကို ပံ့ပိုးပါ။

  • ပြောင်းလဲပြင်ဆင်ရန်မလွယ်သည့် တင်းကြပ်သော စီမံကိန်း စီမံခန့်ခွဲမှုကို ရှောင်ရှားရန်နှင့် ပြောင်းလဲနေသည့် အခြေအနေများအတိုင်း လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲနိုင်သည့် အစီအစဥ်ဖော်ဆောင်မှုများကို ထောက်ပံ့ ပေးပါ။ လျင်မြန်သော ငြိမ်းချမ်းရေး ပံ့ပိုးမှုအတွက် အထူးသီးသန့်နည်းလမ်း/လမ်းကြောင်းများ (ဥပမာ အမေရိကန် အစိုးရ၏ Office of Transition Initiatives) သည် အမျိုးအစားလိုက်ခွဲခြားသတ်မှတ်ထားသည့် ဘတ်ဂျက်ထက် အစီအစဥ်ဆိုင်ရာ သတ်မှတ်ထားသော အောင်မြင်မှုမှတ်တိုင်များ သတ်မှတ်ထားသည့် လုံးပေါင်းစာချုပ်ထောက်ပံ့မှု ပုံစံများဖြင့် လက်ခံရရှိသူများအပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများနှင့် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချနိုင် သည်။
  • အလှုရှင်အခြေပြု ချဥ်းကပ်နည်းလမ်းများကို ရှောင်နိုင်သည့် ဆန်းသစ်သည့် ရန်ပုံငွေပံ့ပိုးမှု ယန္တယားများကို စမ်းသပ် ဆောင်ရွက်ပါ။ ဥပမာအားဖြင့် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး နယ်ပယ်များအတွင်း ပြည်တွင်းအဖွဲ့အစည်းများ၏ အဆိုပြုလွှာများကို ဆန်းသစ်တီထွင်မှုရန်ပုံငွေများဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်သည်။ ပြည်တွင်းအကြံပေးများသည် အလှုရှင်များနှင့်အတူ ရန်ပုံငွေ အုပ်ချုပ်မှု ဖွဲ့စည်းတည်ဆောက် ပုံများတွင် ပါဝင်နိုင်ပြီး၊ လမ်းညွှန်ချက်များကို ရေးဆွဲခြင်းနှင့် ပြောင်းလဲသွားသောအခြေအနေများ သို့မဟုတ် အထောက်အထားအသစ်များကို တုံ့ပြန်ရန်အတွက် အချိန်နှင့်အမျှ လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
  • တင်းကျပ်မှုမဖြစ်စေပဲ စိတ်ချယုံကြည်မှုပေးသည့် အခြားသော တာဝန်ခံခြင်း လုပ်ထုံးလုပ်နည်းမျာကို အကောင်ထည် ဖော်ဆောင်ရွက်ပါ။ အထူးသဖြင့် ပြည်တွင်းအဖွဲ့အစည်းများ သို့မဟုတ် ရပ်ရွာအသိုက်အဝန်းများအား ရန်ပုံငွေပံ့ပိုး ပေးသည့် ကြားခံ NGO သို့မဟုတ် အဖွဲ့အစည်းများသည် အလှုရှင်အဖွဲ့အစည်းများကို ဖြေရှင်းအစီရင်ခံရမည်ဖြစ်သော် လည်း အောက်ခြေအဆင့်အပေါ် တာဝန်ခံမှု (downward accountability) နှင့် ပွင့်လင်းမြင်သာမှုကို အားပေးရမည်။