မြန်မာနိုင်ငံ ပြည်တွင်း သို့မဟုတ် တိုင်းရင်းသားပဋိပက္ခများသည် ကမ္ဘာပေါ်တွင်အဓွန့်ရှည်ဆုံးဖြစ်ပြီး လူသားဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အမျိုးသားအဆင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေသည်။[1] ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုမှစတင်၍ နိုင်ငံ အနှံ့အပြားတွင် အကြမ်းဖက်မှုများ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံရှိ များပြားလှသော တိုင်းရင်းသား ပဋိပက္ခများတွင် ကိုယ်ပိုင်ကွဲပြားခြားနားသည့် သမိုင်းကြောင်းများနှင့် ဦးတည်လမ်းကြောင်းများရှိသော်လည်း ၎င်းတို့၏ ဖြစ်ပွား နေဆဲ ပြောင်းလဲဖြစ်စဥ်များနှင့် ကြာရှည်စွာ ဆက်လက်တည်ရှိမှုများသည် နိုင်ငံတစ်ခုလုံး၏ နိုင်ငံရေးအရွေ့ များဖြင့် နီးကပ်စွာ ဆက်စပ်နေသည်။ ၂၀၁၀ နှင့် ၂၀၂၀ ကြားကာလနှစ်များတွင် မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေးအခင်းအကျင်းကို ဒီမိုကရေစီ နှင့် လွတ်လပ်သော စျေးကွက်စီးပွားရေးသို့ အသွင်ကူးပြောင်းနေစဥ်တွင် ဤပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ဖြစ်ပျက်ခဲ့သည်များနှင့် ဤကာလအတွင်း ပဋိပက္ခ တားဆီး ကာကွယ်ခြင်း ကြိုးပမ်းအားထုတ်မှုများ မည်သို့ တိုးတက်ခဲ့သည်ကို နားလည်မှုရှိခြင်းသည် အနာဂတ် မြန်မာ နိုင်ငံနှင့် အခြားရှုပ်ထွေးပြီး၊ ပဋိပက္ခဒဏ်ခံစားနေရသည့် ပတ်ဝန်းကျင်များအတွက် အရေးကြီးသော သင်ခန်း စာများပေးနိုင်ပါသည်။
မြန်မာ ပြည်တွင်းနှင့် ပြည်ပရှိ လူအများအပြားအတွက် ဤကာလ (၂၀၁၅ ခုနှစ်ဝန်းကျင်) သည် အကောင်းမြင် စိတ်များနှင့် ပြည့်နေချိန်ဖြစ်သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) လက်မှတ်ရေး ထိုးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ အဓိကအခိုက်အတန့်အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေး မှုများဖြစ်ပေါ်လာခဲ့သည်။[2] တစ်လအကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ သည် အထူးသဖြင့် မြို့ပြနေလူထုအတွက် အရှိန်အဟုန်နဲ့တိုးတက်မှုနှင့် အခွင့်အလမ်းအသစ်များ ယူဆောင် လာခဲ့သည်။
သို့ရာတွင် ငြိမ်းချမ်းရေးတွင် ရှေ့ဆက်တိုးတက်မှုရရှိရန်မှာ ခက်ခဲလှသည်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း မှု မတိုင်မီကပင် မြန်မာနိုင်ငံ၏ ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၏ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း တဖြည်းဖြည်း ရှင်းရှင်းလင်းလင်းသိလာသောကြောင့် အစောပိုင်းကာလ မျှော်လင့်ချက်အတော် များစွာမှာ ပျောက်ကွယ်သွားခဲ့သည်။ အတိုက်အခံဖြစ်ပွားရာဒေသများတွင် ထိန်းချုပ်မှု ပိုမိုရရှိရန် စစ်တပ်၏ ဆက်လက်ကြိုးပမ်းမှုများနှင့် အဓိကလုပ်ငန်းစဥ်တွင် အင်အားကြီးလက်နက်ကိုင်အဖွဲ့ များမပါရှိမှုကြောင့် အပစ်အခတ်ရပ်စဲမှု ထိခိုက်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရလာသည့် အရပ်သားအစိုးရသစ်သည် အပြိုင်အဆိုင်ဦးစားပေးရမည့် ကဏ္ဍအများအပြားကြားတွင် တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်းထားရန် ရုန်းကန်ခဲ့ရသည်။ Covid-19 ကပ်ရောဂါသည် ယခင်ကထဲက ရပ်တန့်နေသည့် လုပ်ငန်းစဥ်ကို နှေးကွေးသွားစေခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များစွာအတွက် တွေ့ဆုံဆွေးနွေးမှုကြိုးပမ်းမှုများကို အဆုံးသတ်စေခဲ့သည်။ ယင်းနှင့်အခြား အားနည်းချက်များစွာရှိခဲ့သော်လည်း NCA လုပ်ငန်းစဥ်သည် အနာဂတ် အစပြုဆောင်ရွက်မှုများအတွက် တန်ဖိုးရှိသည့် သင်ခန်းစာများနှင့် နားလည်သိရှိမှုကို တည်ဆောက်ပေးခဲ့သည့် ကိုးကားရာတစ်ခုဖြစ်ခဲ့ပြီး ပဋိပက္ခေဖြေရှင်းမှုနှင့် ဆက်စပ် နိုင်ငံရေးခြေလှမ်းများကို မကြုံစဖူးသော နည်းလမ်းများဖြင့် အဆင့်မြှင့်တင်နိုင် ခဲ့သည်။
အနာဂါတ် သင့်လျော်သည့် အချိန်၌ မြန်မာနိုင်ငံနှင့် လိုက်ဖက်မှုရှိသော ပုံစံဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်၊ အရပ်သား အစိုးရ အုပ်ချုပ်မှု ရေရှည်အသက်သွင်းရန်နှင့် ပဋိပက္ခ အသွင်ပြောင်းမှုတို့ကို ဖော်ဆောင်နိုင်ရန် ပံ့ပိုးလိုသည့် နိုင်ငံတကာ အသိုင်းအဝန်း အတွက် အသုံးဝင်မည့် အချက်အလက်များ၊ ဆန်းစစ်လေ့လာမှုများနှင့် အကြံဉာဏ်များ ပေးအပ်နိုင်ရန် ယခု နိုင်ငံတကာ၏ ငြိမ်းချမ်းရေး ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံတွင် ထိရောက်သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စာတမ်းက ရည်ရွယ်ပါသည်။ ယခုစာတမ်းကို Canda’s Peace and Stabilization Operations Program ၏ ရန်ပုံငွေ ပံ့ပိုးမှုဖြင့် အာရှဖောင်ဒေးရှင်းက စီမံထုတ်ဝေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းနှင့်ခေတ်ပြိုင် နိုင်ငံရေးနှင့် ပဋိပက္ခတို့ အကြောင်း ရေးသားပြုစုထားသည့် စာတမ်းအများ အပြားရှိသော်လည်း အထူးသဖြင့် နိုင်ငံတွင်း ပဋိပက္ခဖြေရှင်းဆောင်ရွက်ခြင်းအတွက် ပံ့ပိုးသော နိုင်ငံခြား အကူ အညီနှင့် နိုင်ငံခြားရေးမူဝါဒတို့၏ အခန်းကဏ္ဍအကြောင်း အကဲဖြတ်ဆန်းစစ်ထားသည့် ဆန်းစစ်လေ့လာချက် များမှာ အလွန်နည်းပါးသည်။ အဓိက စီမံကိန်းများနှင့် စီမံချက်များ၏ အကဲဖြတ်မှုများ အပါအဝင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အလှုရှင်ပံ့ပိုးမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ အများပြည်သူ လက်လှမ်းမီကြည့်ရှုနိုင်သော နေရာများတွင် မရှိပါ။ ဤသုတေသနစာတမ်းသည် ငြိမ်းချမ်းရေး တည်ဆောက်မှု လက်တွေ့လုပ်ငန်းစဥ်၊ ထုတ်ဝေထားသော ပညာရပ်ဆိုင်ရာစာအုပ်စာတမ်းများနှင့် ဤကြိုးပမ်း ဆောင်ရွက်မှု များတွင် ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်းနှင့် နိုင်ငံတကာ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံ မေးမြန်း ခဲ့ပြီး အထောက်အထားအခြေပြုသတင်းအချက်အလက်များ ထုတ်ဖော်ပေးထားပါသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်း ရေး တည်ဆောက်မှုအစီအစဉ်များတွင် အတွေ့အကြုံများစွာရှိကြသော သုတေသီများ၏ ကိုယ်ပိုင်လေ့လာ တွေ့ရှိချက်များနှင့် အမြင်များကိုလည်း ထည့်သွင်းထားသည်။ ဤလေ့လာမှုသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် စပ်လျဥ်း၍ အာရှဖောင်ဒေးရှင်းမှ ပြုလုပ်ခဲ့သည့် ယခင်သုတေသနများဖြစ်သော မြန်မာနိုင်ငံ၏ အတိုက်အခံဖြစ်ပွားနေသည့် ဒေသများ (၂၀၁၇)၊ အသွင်ကူးပြောင်းမှုအား ပံ့ပိုးကူညီခြင်း (၂၀၁၈)၊ အာရှတွင် ပဋိပက္ခနှင့် အကြမ်းဖက်မှု အခြေအနေ (၂၀၂၁) နှင့် နယ်ပယ်အလိုက် သုတေသနစာတမ်းများအပေါ်တွင် အခြေခံထားသည်။[3]
လေ့လာတွေ့ရှိချက်များကို အဓိကစာတမ်း သုံးစောင် ခွဲထားသည်။ ပထမနှင့်ဒုတိယ စာတမ်းများကို တသီးပုဂ္ဂလပညာရှင် Simon Richards က အဓိကသုတေသနပြုလုပ်ရေးသားခဲ့ပြီး၊ အာရှဖောင်ဒေးရှင်းမှ Adam Burke နှင့် Tabea Campbell တို့က အရေးကြီးသောဖြည့်စွက်ချက်များ ဝင်ရောက်ရေးသားခဲ့သည်။ ပထမစာတမ်း “ငြိမ်းချမ်းရေး တည်ဆောက်မှု နောက်ခံအခြေအနေ – အမြစ်တွယ်နေသည့် စိန်ခေါ်မှုများနှင့် တစိတ်တပိုင်းပြုပြင်ပြောင်းလဲမှုများ” တွင် အမျိုးမျိုးသော ငြိမ်းချမ်းရေးတည်ဆောက်မှု အစပျိုးအစီအစဥ်များ ၏ အောင်မြင်မှုများ၊ ကျရှုံးမှုများနှင့် စိန်ခေါ်မှုများအတွက် အဓိကဖြစ်သည့် နောက်ခံအခြေအနေအချက်များကို အနှစ်ချုပ်ဖော်ပြထားသည်။ ဒုတိယစာတမ်း “မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် နိုင်ငံခြားပံ့ပိုးမှု ဆိုင်ရာ သင်ခန်းစာများ”တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(NCA) နှင့် အခြား ငြိမ်းချမ်းရေး အစပျိုး အစီအစဥ်များတွင် ပါဝင်ပတ်သက်သူများ၏ ပြန်လည်သုံးသပ်ချက်များနှင့် အမြင်များကို ဖော်ပြထားပြီး၊ NCA လုပ်ငန်းစဥ်ကို အဓိကထားသော နိုင်ငံတကာငြိမ်းချမ်းရေးပံ့ပိုးကူညီမှုနှင့် အခြားဆက်စပ် ပံ့ပိုးမှုများကို အကဲဖြတ်လေ့လာပြီး လက်တွေ့သင်ခန်းစာများကို ရေးသားထားသည်။ မြန်မာနိုင်ငံ သို့မဟုတ် အခြားရှုပ်ထွေးသော ဝန်းကျင်များအတွက် အနာဂတ် ငြိမ်းချမ်းရေးဆိုင်ရာ ပံ့ပိုးမှုအမျိုးမျိုးအတွက် နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုများ၏ သဘောသဘာဝများကို ထည့်သွင်းဆွေးနွေးထားပြီး ဖြစ်လာနိုင်သည့် ချဥ်းကပ်မှုများအတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်သည်။
တတိယစာတမ်းဖြစ်သည့် မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းအားထုတ်မှုများအတွင်း ကျား-မ (ဂျန်ဒါ) တန်းတူညီမျှမှုနှင့် အမျိုးသမီးအခွင်းအရေးတို့အပေါ် အဓိကထားလေ့လာထားသည့် ဖြစ်ရပ်လေ့လာမှု ကို ခင်ခင်မရ နှင့် Cate Buchanan တို့က သုတေသနပြုရေးသားခဲ့သည်။ ဤဖြစ်ရပ်လေ့လာမှုသည် NCA လုပ်ငန်းစဥ်နှင့် အခြားဆက်စပ်အစီအစဥ်များ၌ ကျား-မ (ဂျန်ဒါ) ပါဝင်မှုနှင့် အမျိုးသမီးများ အဓိပ္ပာယ် ပြည့်ဝစွာပါဝင်နိုင်မှုတို့ကို အသေးစိတ် ဆန်းစစ်လေ့လာထားပြီး ပထမစာတမ်းနှစ်ခုသို့ ပိုမိုနက်ရှိုင်းသော ရှုထောင့်အမြင်များကို ထပ်ပေါင်းပေးထားသည်။ စာရေးသူအားလုံးသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည် ဆောက်မှု ပံ့ပိုးကူညီမှုနှင့် ပဋိပက္ခကာကွယ်မှု အတွ့အကြုံအများအပြားရှိကြသည်။ မူကြမ်းများကို မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များမှ အသေးစိတ် ပြန်လည်သုံးသပ်မှုလုပ်ငန်းစဥ်ကို ဆောင်ရွက်ခဲ့သည်။
နည်းလမ်းများ
ဆန်းစစ်လေ့လာမှုကို တွေ့ဆုံမေးမြန်းမှုများနှင့် တည်ရှိပြီးသား သို့မဟုတ် တဆင့်ခံ ရင်းမြစ်များအပါ် အခြေခံ ထားသည်။[4] မြန်မာနိုင်ငံ NCA လုပ်ငန်းစဥ်၏ မတူညီသော ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တိုင်းရင်း သားခေါင်းဆောင်များ၊ နိုင်ငံတကာပါဝင်ပတ်သက်သူများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ၊ အကြံပေးများ၊ တသီးပုဂ္ဂလ ဆန်းစစ်လေ့လာသူများနှင့် သုတေသီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ (CSO) စသည့် အဓိက သတင်းအချက်အလက်ပေးသူများကို ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည် တွေးခေါ်ပြီးမှ သိမြင်လာသော အရေးကြီးသည့် အမြင်ရှုထောင့်များကို ရှင်းလင်းထုတ်ဖော်ပြောဆိုစေခြင်း၊ ဆုံးရှုံးသွားသောအခွင့်အလမ်းများ သို့မဟုတ် အနာဂတ်တွင် မတူညီသော ချဥ်းကပ်နိုင်မည့်နည်းလမ်းများကို မေးမြန်းခဲ့သည်။ အောင်မြင်မှုများအပေါ်ထိုးထွင်းအမြင်နှင့် အပြုသဘောဆောင်သော ပံ့ပိုးကူညီများကိုလည်း မျှဝေပေးခဲ့ပြီး မည်သို့သောဖြေရှင်းနည်းများကို အောင်မြင်ခဲ့သည်ကိုလည်း မှတ်တမ်းတင်ခဲ့သည်။ တွေ့ဆုံ မေးမြန်းမှုများကို လူတွေ့ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ လျှို့ဝှက်စွာပြုလုပ်ခဲ့သည်။ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့သည့် ကာလတလျှောက်လုံးတွင် ကြီးမားသော နိုင်ငံရေး ထိခိုက်လွယ်မှုအခြေအနေများကြောင့် မြန်မာ့တပ်မတော်၏ သဘောထားအမြင့်များ မပါဝင်ပါ။ လုံခြုံရေးအရ၊ ဖြေဆိုသူများ၏ အမည်စာရင်းကို ဖော်ပြမထားပါ။
ဖြေဆိုသူများကို ၎င်းတို့၏ သဘောထားအမြင်များနှင့် ပြန်လည်သုံးသပ်ချက်များကို ပုံဖော်နိုင်ရန်အတွက် ၎င်းတို့ ပေးနိုင်သမျှ ဒေတာအချက်အလက်များနှင့် ဥပမာများကိုပါ တောင်းဆိုခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်း စဥ်များ၏ သဘောသဘာဝနှင့် ဖြေဆိုသူများ၏ မတူညီသောအတွေ့အကြုံများအရ ဤရှုထောင့်အမြင်များ သည် ရှောင်လွဲ မရပဲ ဓမ္မဓိဌာန်မကျသောအမြင်များဖြစ်၍ အများအားဖြင့် အမျိုးမျိုးအဓိပ္ပာယ်ကောက်ယူနိုင်ပြီး တခါတရံ မှန်းဆချက်များသာဖြစ်ပြီး အတည်ပြုရန် ခက်ခဲသည်။ ထို့အပြင် အချို့အကြောင်းအရာတွင် တူညီသော အမြင်ရှုထောင့်များ ပေါ်ထွက်လာတတ်သော်လည်း အတွေ့အကြုံအပေါ် အခြေခံသည့် အရေးကြီး သော အမြင်များကို လွယ်ကူစွာ ရှုထောင့်စုံ စစ်ဆေးမှု မပြုလုပ်နိုင်ပါ။ လေ့လာမှုပြုလုပ်ရာ အချိန်ကာလ၊ ဖြစ်စဥ်၏ ကျယ်ပြန့်မှုနှင့် ပါဝင်ပတ်သက်သူများထံမှ ဖြစ်နိုင်ချေရှိသော သဘောထားအမြင်များကို စုဆောင်း ရန် အခက်အခဲရှိခြင်းကြောင့် ဤစာတမ်းသည် ဘက်ပေါင်းစုံ ခြုံငုံမိအောင် တင်ပြနိုင်ခြင်းမရှိပါ။
၂၀၁၀ မှ ၂၀၂၀ အထိ အဓိကငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ကြသည့် ပြည်တွင်းနှင့်နိုင်ငံတကာ ပညာရှင်များ၏ ဤစာတမ်းကို အကဲဖြတ်ဖတ်ရှုမှုနှင့် သုံးသပ်ဝေဖန်မှုများတွင် ဤသုတေသနမှ အဓိကတွေ့ရှိချက်အများအပြားသည် ယနေ့ နိုင်ငံတကာ ငြိမ်းချမ်းရေးပံ့ပိုးမှု ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ပုံဖော်ထင်ဟပ်နေသည်ဟု ထုတ်ဖော်ခဲ့ကြသည်။ အာဏာသိမ်းမှု မတိုင်မီနှစ်များ၏ မြေပြင်နှင့် အကူအညီ ပံ့ပိုးမှုဆိုင်ရာ အခြေအနေများသည် ၂၀၂၄ အခြေ အနေများဖြင့် အလွန်ကွာခြားသော်လည်း အာဏာနှင့် ရာထူးရယူထားမှုဆိုင်ရာ အရင်းခံ အကြောင်းတရားများ သည် တူညီနေဆဲဖြစ်သည်။ ဤလေ့လာမှုတွင်ပါဝင်သည့် သင်ခန်းစာများနှင့် အကြံပြုချက်များသည် ယနေ့ မြန်မာနိုင်ငံတွင် လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံခြားအလှုရှင်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူများအတွက် အလွန်ဆီလျော်မှုရှိပြီး နိုင်ငံအတွင်း ၎င်းတို့၏ လက်ရှိနှင့် အနာဂတ် ချဥ်းကပ်မှုများ ကို ပုံဖော်ရန်နှင့် ပိုမိုတိုးတက်စေရန်အတွက် အကူအညီဖြစ်စေနိုင်သည်။
၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့အခြေအနေအခင်းအကျင်းသည် ၂၀၁၀ နှစ်ကာလများ၏ အကာင်းမြင်မှုနှင့် ပေါများမှုတို့နှင့် အလွန်ကွာခြားပြီး အနာဂတ်ငြိမ်းချမ်းရေး ပံ့ပိုးမှု စီမံဆောင်ရွက်မှုများတွင် အရင်းအမြစ်များနှင့် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ နည်းပါးလာဖွယ်ရှိသည်။ အတိတ်က သင်ခန်းစာများ ကို စဥ်းစားရန် ပျက်ကွက်ခြင်းများလည်းရှိလာနိုင်ပါသည်။ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်များကြောင့် နိုင်ငံခြား ပံ့ပိုးကူညီမှုများ ဖော်ဆောင်ရာတွင် အခြေအနေအခင်းအကျင်းအလိုက် အလုပ်ဖြစ်မည့်အရာများကို ဦးတည်ရန် ဂရုတစိုက် အကဲဖြတ်ခြင်းထက် ကျဥ်းမြောင်းသည့် ပြည်တွင်း အကျိုးစီးပွားများ အပေါ်တွင်သာ အခြေတည် သတ်မှတ်မှုများ ပိုမိုများပြားလာမည်ဖြစ်သည်။ အဆိုပါ အခြေအနေများတွင် တူညီသည့်အခြေခံ ကိုရှာဖွေရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပိုမိုအားကောင်းသည့် မိတ်ဖက်ဆောင်ရွက်မှုများ လိုအပ်ပါသည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး ပံ့ပိုးကူညီပေးသည့် အစုအဖွဲ့များအနေဖြင့် အကောင်းဆုံးသော အကြံဥာဏ် စိတ်ကူး စိတ်သန်းများနှင့် ဖြေရှင်းဆောင်ရွက်မှုများကို ရှေ့တန်းတင်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာမြောက်၍ ကုန်ကျ စရိတ်သက်သာပြီး၊ ဆန်းသစ်တီထွင်မှုရှိသော ချဥ်းကပ်နည်းလမ်းများနှင့်အတူ ဆက်စပ်အခြေအနေ အခင်း ကျင်း၏ ကောင်းမွန်သော အလေ့အထနမူနာများနှင့် အထောက်အထားအခြေခံများလိုအပ်မည်။ မြန်မာနိုင်ငံမှ ပညာရှင်များ၊ ပါဝင်ပတ်သက်သူများနှင့် အတူကွဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ပူးပေါင်းဦးဆောင်မှုတို့ကို ဦးစားပေးဆောင်ရွက်ပြီး အမြော်အမြင်ရှိရှိ သတိကြီးစွာ လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မြေပြင်ရှိ လူထု၏ မျှော်မှန်းချက်နှင့် လိုအပ်ချက်များဖြင့် ဆီလျော်သည့် စီမံကိန်းများ ပေါ်ထွက်လာမည်။