မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် နိုင်ငံခြားပံ့ပိုးမှုဆိုင်ရာ အတွေ့အကြုံသင်ခန်းစာများ

Adam Burke, Tabea Campbell Pauli and Simon Richards

ဘာသာပြန်သူ စောဆာဂေးဒို

ခြုံငုံသုံးသပ်ချက် – မြန်မာ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ပံ့ပိုးခြင်းများ ၊ ၂၀၁၀–၂၀၂၀

ဤစာတမ်းသည် ၂၀၁၀–၂၀၂၀ နှစ်များအတွင်း နိုင်ငံတကာ အလှုရှင်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဥ်များ အပေါ် မည်ကဲ့သို့ ပံ့ပိုးခဲ့သည်ကို စူးစမ်းလေ့လာထားသည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံတကာထိတွေ့ ဆက်ဆံမှု နှင့် နိုင်ငံခြား အကူအညီ စီးဆင်းမှုများဆိုင်ရာ ခြုံငုံသုံးသပ်ချက်ကို ပထမဦးစွာ တင်ပြထားပြီးနောက် ပဋိပက္ခ ဖြေရှင်းရေးအတွက် အထောက်အပံ့ဖြစ်စေသည့် အချက်များကို ဆွေးနွေးကာ အဓိကတွေ့ရှိချက် ၈ ချက်ကို တင်ပြထားသည်။ ဤတွေ့ရှိချက်များသည် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်များ၊ အလှုရှင်နိုင်ငံများမှ သံတမန်များ၊ အစိုးရအရာရှိများ နှင့် မြန်မာနိုင်ငံ သို့မဟုတ် အခြားသောနေရာများတွင် ငြိမ်းချမ်းရေးကို ပံ့ပိုးနေသူများ အတွက် ဆီလျော်ပါသည်။ သတင်းအချက်အလက်များကို ဖော်ပြပါ နှစ်ကာလများအတွင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို ပံ့ပိုးကူညီခဲ့သော ပြည်တွင်းနှင့် နိုင်ငံတကာ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံမေးမြန်းမှုများမှ အဓိက ရရှိသည်။ ယခင်ရှိပြီးသား စာအုပ်စာတမ်းများကလည်း ဤလေ့လာအကဲဖြတ်မှု အတွက် အထောက်အပံ့ ဖြစ်စေခဲ့ပြီး ၎င်း၏ အကူအညီ ကြောင့် သုတေသနအဖွဲ့ အနေဖြင့် အဓိကတွေ့ရှိချက်များ နှင့် အနာဂတ်ငြိမ်းချမ်းရေး ပံ့ပိုးကူညီမှု အတွက် သက်ရောက်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ ဤစာစဥ်၏ စာစဉ်အမှတ် (၁) ဖြစ်သော ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အခင်းအကျင်း – အမြစ်တွယ်နေသော စိန်ခေါ်မှုများနှင့် တစ်စိတ်တစ်ပိုင်း ပြုပြင် ပြောင်းလဲမှုများ စာတမ်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် နိုင်ငံခြား အကူအညီများပေးခြင်းဆိုင်ရာ နောက်ခံအကြောင်းအရာနှင့် နည်းလမ်းများကို အသေးစိတ်ဖော်ပြဆွေးနွေးပြီး အကဲဖြတ်လေ့လာထားသည်။

ဤစာတမ်းတွင် ဖော်ပြထားသည့် နိုင်ငံခြားအကူအညီများတွင် အဓိကအားဖြင့် Global North အဖွဲ့ဝင်နိုင်ငံ များ ( စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း OECD အဖွဲ့ဝင်များ) နှင့် နိုင်ငံပေါင်းစုံ အဖွဲ့ အစည်းများဖြစ်သော ကုလသမဂ္ဂအေဂျင်စီများ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များထံမှ တရားဝင် ထောက်ပံ့ငွေများ နှင့် အတိုးနှုန်းနည်း ချေးငွေများပါဝင်သည်။ တရုတ်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှ အကူအညီများကိုလည်း ထည့်သွင်းစဥ်းစားထားသည်။[1] မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၈ ဖွဲ့ တို့အကြား တနိုင်ငံလုံးဆိုင်ရာပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA)သည် ယခု စာတမ်းလေ့လာမှုကာလအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ အထင်ရှားဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဤကာလ အတွင်း ငြိမ်းချမ်းရေးနှင့် ပတ် သက်သော နိုင်ငံခြားအကူအညီ များ၏ အာရုံစိုက်ရာ အချက်အချာ ဖြစ်ခဲ့သည်။ ဤစာတမ်းသည် NCA နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သော အထောက်အပံ့ အကူအညီကို အဓိကထား လေ့လာထားပြီး (NCA လက်မှတ်မထိုးခဲ့သော EAO များ ရှိသည့် နိုင်ငံ၏မြောက်ပိုင်းဒေသများတွင် တင်းမာမှုများကို ဖြေရှင်းရန် EAO တစ်ဖွဲ့ချင်းနှင့် ပြုလုပ်သော ကာလကြာရှည် နှစ်ဖက်အသဘောတူ အပစ်အခတ်ရပ်စဲခြင်းများ အပါအဝင်)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တစ်ခုခုနှင့် အတိအကျ ဆက်နွှယ်မှုမရှိသော ရပ်ရွာအဆင့် လုပ်ငန်းအစီအစဥ်များကဲ့သို့ အခြားသော စီမံဆောင်ရွက်မှုများကိုလည်း လေ့လာထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး နှင့် နိုင်ငံခြား အကူအညီ စီးဆင်းမှုများ

၂၀၁၀ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်နှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် ၄င်းတို့၏ ဆက်ဆံရေးများကို ပြန်လည်စဥ်းစားလာကြသည်။ ၁၉၄၈ ခုနှစ်မှစ၍ တစ်စစ လျော့ပါးလာခဲ့သော “တရားဝင် ဖွံ့ဖြိုးရေး အထောက်အပံ့”ဟု OECD က ခေါ်သည့် အကူအညီသည် ပြန်လည်စတင် စီးဝင်လာခဲ့ သည်။[2]

ဦးသိန်းစိန်လက်ထက် ရွေးကောက်ပွဲနှင့် အရပ်သားတစ်ပိုင်း အစိုးရဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ကမ္ဘာ့ဘဏ် နှင့် ဒေသတွင်း အာရဖွံ့ဖြိုးရေး ဘဏ် စသည့် နိုင်ငံပေါင်းစုံအဖွဲ့အစည်းများ အပါအဝင် တရားဝင်အလှုရှင် အများအပြားနှင့်ဆက်ဆံရေးကို အရှိန်အဟုန်ဖြင့် ပြန်လည် စတင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ တွင် အကူအညီအထောက်အပံ့ လက်ခံ ရရှိမှု အဆင့် ၇၉ မှ ၂၀၁၅ ခုနှစ်တွင် သတ္တမမြောက် အကြီးဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။၂၀၁၇ တွင် ဒေသတွင်း တစ်ဦးချင်း လက်ခံရရှိမှု တတိယအကြီးဆုံးဖြစ်လာပြီး၊ လူဦးရေ အလွန်နည်းပါးသော လာအိုနှင့် ကမ္ဘောဒီးယားတို့နောက်တွင်သာ ရပ်တည်နေသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နီးကပ်သော ရေရှည်တည်တံ့သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် အဓိကမျှော်မှန်းခဲ့ခြင်းဖြစ်သည်။[3]

ယခင်က အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများသည် အဓိကအားဖြင့် လူ့အခွင့်ရေးချိုးဖောက်မှုများ နှင့် ဒီမိုကရေစီ ဖိနှိပ်မှုတို့ကို တုံ့ပြန်သည့်အနေဖြင့်ပြုလုပ်သော ပိတ်ဆို့အရေးယူမှုများသာဖြစ်ခဲ့သည်။ ၁၉၆၂ တွင် စတင်ခဲ့သော စစ်အာဏာရှင်အစိုးရ ကာလအတွင်း အလှုရှင်အများစုက မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုများကို လျှော့ချခဲ့သည်။ ဤကာလတွင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများထံမှ အထောက်အပံ့ကို ရှာဖွေခဲ့သည်။[4] ဂျပန်နိုင်ငံ နောက်တွင် တရုတ်နှင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများသည် ထောက်ပံ့ ငွေ၊ အတိုးနှုန်း သက်သာသော ချေးငွေများပေးခြင်း၊ သင်တန်းနှင့် အရာရှိများ ဖလှယ်ခြင်း စသည့်ပုံစံများဖြင့် ထောက်ပံ့သည့် အရေးကြီးဆုံးသော နိုင်ငံခြားအကူညီ ပံ့ပိုးသူများဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် သြဇာလွှမ်းမိုးမှုသည် ၁၉၈၀ ပြည့် နှောင်းပိုင်းနှစ်များတွင် စတင်ကြီးထွားလာသည့်နှင့်အမျှ ၎င်းသည် မြန်မာ နိုင်ငံ၏ အဓိကပြင်ပ မိတ်ဖက်နှင့် သြဇာလွှမ်းမိုးမှု ဖြစ်လာခဲ့သည်။ ဘေဂျင်းသည် စစ်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး၊ တစ်ချိန်တည်းတွင်ပင် ဆက်စပ်နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော EAO များနှင့် လည်း ဆက်သွယ်ဆောင်ရွက်မှုများထားရှိပြီး သတ္တုတွင်း၊ ဆည်များ၊ သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေးတို့တွင် မဟာဗျူဟာမြောက် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများဖြင့်လည်း ကျားကန်ထား သည်။[5]

၂၀၀၀ ပြည့် အစောပိုင်းနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ စစ်အစိုးရသည် နိုင်ငံရေးအာဏာကို ထိန်းသိမ်းထား စဥ်အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုအချို့ကို ဖြည်းညင်းစွာ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိက ဦးစားပေးတစ်ခုမှာ တရုတ်နိုင်ငံ၏ လွန်ကဲလာသော သြဇာလွှမ်းမိုးမှု စိုးရိမ်ချက်ကို တုံ့ပြန်ဆောင်ရွက်ရန် အတွက် နိုင်ငံခြားဆက်ဆံရေး အထူးသဖြင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက် ခြင်းဖြစ်သည်။ ရောဂါသုံးမျိုး ရန်ပုံငွေ (3DF) မှတဆင့် ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ပံ့ပိုးကူညီမှု အပါ အဝင် အထောက်အပံ့များသည် ဤအချိန်တွင် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး ဟု လူသိများသော လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းပြီး နောက်မကြာမီကာလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ခုကို ၂၀၀၈ တွင် ပြဌာန်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ စနစ်အတွက် တစ်ပိုင်းတစ်စပြုပြင်ပြောင်းလဲမှုများကို ချမှတ်ထားပြီး နိုင်ငံရေးတွင် စစ်တပ်၏ ဆက်လက် လွှမ်းမိုးသက်ရောက်မှုကိုလည်းဖော်ပြသတ်မှတ်ထားသည်။ ခန့်မှန်းခြေ သေဆုံးမှုပေါင်း ၁၄၀,၀၀၀ ဖြစ်စေခဲ့ သော ရန်ကုန်တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကို ဖျက်ဆီးခြေမွှခဲ့သည့် မြန်မာ့မှတ်တမ်းသမိုင်းတွင် အဆိုးရွား ဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက်တွင် အနောက်နိုင်ငံ များနှင့် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့ စီးဆင်းမှုများသည် ၂၀၀၈ ခုနှစ်တွင် စတင်ပြောင်းလဲ့ခဲ့သည်။ ပြည်တွင်းအဖွဲ့များက ထိခိုက်ခံစားခဲ့သည့် လူထုအသိုင်းအဝိုင်းကို ကူညီထောက့်ပံ့ရန် စည်းရုံးမှုများပြုလုပ်ခဲ့ချိန်တွင် မြန်မာ အစိုးရက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုများအတွက် တံခါးဖွင့်ခဲ့သည်။ ပွင့်လင်းမှုတိုးမြင့်လာခြင်း၏ သီးခြား လက္ခဏာတစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံသည် ကုန်သွယ်မှု နှင့် ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို ၂၀၀၈ တွင် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ၎င်း၏ စီးပွားဆက်သွယ်ရေးကို မြှင့်တင်ခဲ့သည်။[6]

စောင့်ကြည့်လေ့လာသူ အများအပြားက တရားမဝင်ဟု ယူဆကြသည့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးခြင်း၊ အခြားနိုင်ငံများသို့စွန့်ခွာသွားကြ ရသည့် နိုင်ငံသားများ ပြန်လာစေရန် အားပေးသည့် စီမံမှုများပြုလုပ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ခဲ့ သည်။ သိသာထင်ရှားသော တိုးတက်မှုကို မြင်လာခြင်းကြောင့် နိုင်ငံတကာယုံကြည်မှု မြင့်တက်လာစေပြီး ပိတ်ဆို့အရေးယူမှုများဖြေလျှော့လာခဲ့ကြသည်။ အနောက်နိုင်ငံ အလှုရှင်များသည် မြန်မာနိုင်ငံတွင်းသို့ ပိုမိုဝင် ရောက်လာခဲ့ကြပြီး ဖွံ့ဖြိုးရေးအကူအညီများကို တိုးမြှင့်ကာ အစိုးရဌာနများနှင့် လုပ်ငန်းများကို တိုးချဲ့ခဲ့သည်။ ၂၀၁၁ တွင် တရုတ်နိုင်ငံမှ ထောက်ပံ့သည့် မြစ်ဆုံရေကာတာစီမံကိန်း ဖျက်သိမ်းမှုကို အရေးပါသောဖြစ်ရပ် အဖြစ် မှတ်ယူနိုင်ပြီး မြန်မာအစိုးရကို ဘေဂျင်းနှင့် ဝေးကွာသွားစေခဲ့သည်။ ဤသည်မှာ ပြည်သူ့အကျိုးစီးပွား ထံသို့ ပိုမိုတုံ့ပြန်ဆောင်ရွက်မှုရှိသည့် ချဥ်းကပ်နည်းဖြစ်ကြောင်း ညွှန်ပြခဲ့သည်။[7] မူဘောင်အသစ်များ ချမှတ်ခြင်းနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းများဖြင့် အကူအညီ စီးဆင်းမှုသည် ပိုမို ကြီးထွား လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်နှစ်ခုက အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ဆက်လက် ပုံမှန်ရှိမည့် လမ်းကြောင်းကို သေချာစေခဲ့သည်။ အရပ်သားတစ်ပိုင်းအစိုးရနှင့် EAO ၈ ဖွဲ့တို့ က NCA လက်မှတ် ရေးထိုးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်ပေါ်ခဲ့သည်။

OECD ဒေတာအချက်အလက်များအရ ၂၀၁၁ အစ မှ ၂၀၁၅ နှစ်ကုန်ပိုင်း ကာလအတွင်း မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံ ရရှိခဲ့သည်။ ယခင်အကြွေး အမေရိပကန်ဒေါ်လာ ၆.၅ ဘီလီယံကျော် အတွက်ကိုလည်း လျော်ပစ်ပေးခဲ့ကြသည်။ ဂျပန် ၊ ကမ္ဘာ့ဘဏ် ၊ ယူကေနှင့် အမေရိကန်တို့သည် အကြီးဆုံး သော ပံ့ပိုးသူများဖြစ်သည်။ အမျိုးသားအဆင့် လည်ပတ်ဆောင်ရွက်သော စီမံကိန်းများတွင် အကူအညီအများ အပြားရရှိပြီး ကျန်းမာရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများသည် အထောက်အပံ့အများဆုံး ရရှိခဲ့ သည်။[8]

ထိပ်တန်းအလှူရှင် ၁၀ နိုင်ငံမှ မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် တရားဝင် အထောက်အပံ့ပေးအပ်မှု

ပုံ ၁။ ထိပ်တန်းအလှူရှင် ၁၀ နိုင်ငံမှ မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် တရားဝင် အထောက်အပံ့ပေးအပ်မှု
(အရင်းမြစ် – OECD Creditor Reporting System)

သို့သော်လည်း မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသောပဋိပက္ခများမှ ပေါ်ပေါက်လာသည့် ပြဿနာများမှာ ဆက် လက်တည်ရှိနေဆဲဖြစ်သည်။ NCA လုပ်ငန်းစဥ်သည် အပစ်အခတ်ရပ်စဲရေးမျှသာဖြစ်ပြီး EAO အများအပြား မပါဝင်ခဲ့ပေ။ ၂၀၀၈ အခြေခံဥပဒေက ရွေးကောက်ခံ အရပ်သားခေါင်းဆောင်များ၏ လုပ်ပိုင်ခွင့်အာဏာကို တင်းကြပ်စွာ ကန့်သတ်ထားပြီး စစ်တပ်သည် အမှီခိုကင်း၍ တာဝန်မခံရပဲ ဆက်လက်တည်ရှိနေခဲ့သည်။ NCA သည် ငြိမ်းချမ်းရေးသို့ နောက်ထပ်တိုးတက်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်နိုင်ခဲ့သော်လည်း အဖြစ်အပျက်များ မှာ လမ်းကြောင်းပြောင်းသွားခဲ့သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်သည် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူညီချက် အခင်းအကျင်းတွင် အားလုံးပိုမိုပါဝင်နိုင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခု ဖော်ဆောင်ရန် ရုန်းကန်ခဲ့ရပြီး အစိုးရသစ်မှပြုလုပ်ခဲ့သည့် အပြောင်းအလဲများက ငြိမ်းချမ်း ရေးလုပ်ငန်းစဥ်ကို ရပ်တန့်သွားစေခဲ့သည်။

အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂ တို့က မြန်မာစစ်တပ်ကို လူမျိုးစုရှင်းလင်းမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ ဖြင့် စွပ်စွဲခဲ့သည့် ၂၀၁၇–၂၀၁၈ ရိုဟင်ဂျာ အရေးအခင်းက (အစိုးရသစ်၏) ပျားရည်ဆမ်းကာလ (ဟန်နီးမွန်း)ကို အဆုံးသတ်ခဲ့ပြီး အလှုရှင်များနှင့် သံတမန်များအကြား မြန်မာနိုင်ငံတွင်းရှိ အမြစ်တွယ်နေသော ပြဿနာများ မှာ ကြေလည်အောင် ဖြေရှင်းနိုင်ရန်လိုသေးကြောင်း သဘောထားအမြင်တစ်ခုထွက်ပေါ်လာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ ပြီး နောက် အောင်ဆန်းစုကြည်၏ NLD ပါတီ ဒုတိယသက်တမ်းကာလတွင် ပိုမိုကောင်းမွန်ပြီး ပြန်လည်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးပုံစံအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် မျှော်လင့်ချက်အသစ်တချို့ရှိလာခဲ့သည်။ ဤအချိန်တွင်၊ စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် အရပ်သားအစိုးရကို ဖယ်ရှား၍ အာဏာသိမ်းယူပြီး၊ ကျယ်ပြန့်သော ပဋိပက္ခများကို အစပျိုးပေးခဲ့ခြင်း ကြောင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။

ကောက်နုတ်ချက် ၁။ နည်းနာ နှင့် ဒေတာအချက်အလက်ဆိုင်ရာ စိန်ခေါ်မှုများ

သတင်းအချက်အလက် များပြားမှု၊ မတူကွဲပြားသော ရှုမြင်မှုများနှင့် ၂၀၁၀ မှ ၂၀၂၀ အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသော အလှူရှင်ထောက်ပံ့သော စီမံကိန်းအရေအတွက်တို့ကြောင့် မတူညီသောဖြစ်ရပ်များ အားလုံးကို ချိတ်ဆက်ပေးနိုင်မည့်အကြောင်းအရာတစ်ခု (common threads) ကို ဖော်ထုတ်သတ်မှတ်ရန် ခက် ခဲစေသည်။ စီမံကိန်း သို့မဟုတ် အစီအစဉ်များအကြား အကဲဖြတ်ခြင်းနှင့် နှိုင်းယှဥ်ခြင်းတို့ ပါဝင်မည့် ပုံမှန်စံပြု နည်းလမ်းဖြစ်သည့် ပြန်လည်သုံးသပ်ခြင်း (meta-evaluation) နည်းမှာ ဆီလျော်သော သတင်း အချက်အလက် များစွာကို ကန့်သတ်ထားဆဲဖြစ်သောကြောင့် အလုပ်မဖြစ်ပါ။ ထို့အပြင် လေ့လာလိုသည့် အဓိကအချက်များမှာ မဟာဗျူဟာများ၊ ဦးစားပေးများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံခြားထောက်ပံ့ကူညီမှု ပေးအပ်ပုံကို ပုံဖော်သည့် ဆက်ဆံရေးများနှင့် ဆက်စပ်သောကြောင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံကိန်း သို့မဟုတ် အစီအစဉ်များ အဆင့်တို့ အထက်တွင် ရှိနေတတ်သည်။ဤသို့ ပိုမြင့်သောအဆင့်နှင့်ပတ်သက်သည့် အချက်အလက်များမှာ အများပြည်သူ လက်လှမ်းမီ ကြည့်ရှုနိုင်သောနေရာများတွင် အနည်းငယ်သာရှိသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် ကူညီထောက်ပံ့မှုများနှင့် ပတ်သက်သော ပြည့်စုံသော ဒေတာအချက် အလက် မရှိခြင်းက ဆန်းစစ်လေ့လာမှုနယ်ပယ်ကို အကန့်အသတ်ဖြစ်စေသည်။ နှစ်စဥ် တရားဝင်ဖွံ့ဖြိုးရေး အကူအညီများကို မှတ်တမ်းတင်ထားသည့် အပြည့်စုံဆုံး ဒေတာစုစည်းမှု ဖြစ်သည့် OECD Creditor Reporting System တွင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် လျာထားသော ကူညီထောက်ပံ့မှုများကို ခြေရာခံရန် အသုံး ပြုနိုင်သည့် “ပဋိပက္ခ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး” အမျိုးအစားကဏ္ဍ တစ်ခုပါဝင်သည်။[9] OECDတွင် အလှုရှင် ၁၇၃ ခု၏ အစီအရင်ခံစာများကိုသာ တွေ့ရှိရသောကြောင့် ဤဒေတာများအရ အလုံးစုံခြုံငုံ မမြင်နိုင်ပါ၊ ယင်းတို့အနက် အလှုရှင် ၅၀ မှာ နိုင်ငံများဖြစ်ပြီး၊ ကျန်အလှုရှင်များမှာ ဘက်ပေါင်းစုံပါဝင်သောအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် ပုဂ္ဂလိက အလှူရှင်များဖြစ်သည်။ ထူးခြားသည်မှာ ဤယန္တရားမှတစ်ဆင့် ၎င်းတို့၏ နိုင်ငံခြားအကူအညီများကို အစီရင်ခံသည့် နိုင်ငံ ၅၀ အနက် အာရှနိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ် နှင့် တီမောလက်စ် နိုင်ငံများသာ ဖြစ်သည်။ မြန်မာနိုင်ငံဖြစ်ရပ်တွင်မူ ဤဒေတာမရှိခြင်းကြောင့် တရုတ်နှင့် စင်ကာပူအပါအဝင် နိုင်ငံများမှ ကြီးမားသော ထောက်ပံ့ကူညီမှုများကို ကျန်ခဲ့သည်။ ပဋိပက္ခလျှော့ချရေး ကြိုးပမ်းမှုများ၏ အကဲဆတ်သော သဘောသဘာဝသည် လုပ်ငန်းအစီအစဥ်များစွာကို အစီရင်မခံခြင်းကို ဖြစ်စေနိုင်သည်။ ထို့အပြင် ရန်ပုံငွေများကို နောက်ဆုံးရရှိသူများကိုလည်း အများအားဖြင့် မသိရှိနိုင်သောကြောင့် ကွဲပြားသော အကျိုးခံစားခွင့်ရှိသူများအကြား အကူအညီအထောက်အပံ့ကို မည်သို့ မျှတစွာရောက်ရှိပုံကို သိရှိရန်ခက်ခဲသည်။ နောက်ဆုံးအနေဖြင့် ဤကာလတွင် အကူအညီအထောက်အပံ့သည် ဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော တွန်းအား မဟုတ်ခဲ့ပါ။ ၂၀၁၁ နှင့် ၂၀၁၅ ကြားကာလတွင် မြန်မာနိုင်ငံအတွင်းသို့ သိသာထင်ရှားသည့် ပုဂ္ဂလိက အရင်းအနှီးများ စီးဆင်းဝင်ရောက်နေပြီဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ တိုးတက်လာမှု က ဆင်းရဲမွဲတေမှု လျော့ကျခြင်းနှင့် နိုင်ငံတစ်ဝှမ်း ပဋိပက္ခဒဏ်ခံရသော ဒေသများအပါအဝင် လူနေမှုဘဝ အခြေအနေများ တိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံခြား ကူညီထောက်ပံ့မှုများ

စစ်အေးကာလ ပြီးဆုံးပြီးနောက် အကူအညီအထောက်အပံ့ပေးသည့် အဖွဲ့အစည်းများအတွက် လုပ်ငန်းဆောင် ရွက်နိုင်သည့် အဝန်းအဝိုင်း ကျယ်ပြန့်လာခဲ့မှု နှင့်အတူ နယ်မြေစိုးမိုးရေးပဋိပက္ခများ မြင့်တက်လာခြင်း အပေါ် စိုးရိမ်မှု တို့က ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ချဥ်းကပ်နည်းအသစ်များအတွက် အခြေခံတစ်ခု ဖြစ် လာစေသည်။ အစောပိုင်း အလေးပေးမှုမှာ ဖွံ့ဖြိုးရေးရန်ပုံငွေများကြောင့် ထိခိုက်မှုမဖြစ်စေရေး (do no harm) ကို အဓိကထားခဲ့ကြသည်။ အကြောင်းမှာ ယခင်က မူဝါဒများနှင့် စီမံကိန်းပရောဂျက်များသည် စနစ်တကျ အကြမ်းဖက်မှုကို မရည်ရွယ်ပဲ ပံ့ပိုးပေးခဲ့မိသော စိတ်ပျက်ဖွယ် မှတ်တမ်းရှိခဲ့ခြင်းကြောင့်ဖြစ်သည်။[10]

ပဋိပက္ခအပေါ် အကဲဆတ်မှု (conflict sensitivity) ပုံစံသည် အကူအညီအထောက်အပံ့ပေးသည့် အဖွဲ့အစည်းများအတွက် လုပ်ငန်းဆောင်ရွက်ရေးနည်းလမ်းတစ်ခုဖြစ်လာပြီး အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကျွမ်းကျင်ဌာနများကို များမကြာမီတွင် ဖွဲ့စည်းထားရှိလာ ကြသည်။[11] OECD မှ ထုတ်ပြန်သော နိုင်ငံတကာ လမ်းညွှန်ချက်များက ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုဖြင့် အကြမ်းဖက်မှု ကာကွယ်ရေးကို မည်သို့ကူညီပံ့ပိုးရမည်ဆိုသည်တို့ကို ဖော်ပြထားသည်။[12]

နိုင်ငံခြား ကူညီထောက်ပံ့မှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ပဋိပက္ခ တို့ကြား ရှုပ်ထွေးသော အပြန်အလှန်ဆက်သွယ်မှုများမှ တစ်ကမ္ဘာလုံးဆိုင်ရာ သိနားလည်မှု သို့မဟုတ် ပညာရပ်တို့ကို ရရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ချိန်တွင် နိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်ခြင်းကို သေချာစွာ မရင်းနှီး မသိရှိသေးသော်လည်း အကူအညီအထောက်အပံ့ပေးသည့် အဖွဲ့အစည်းအများစုသည် ပဋိပက္ခဒဏ်ခံ အခင်းအကျင်းများတွင် လုပ်ငန်းဆောင်ရွက်သည့် အတွေ့အကြုံရှိခဲ့ကြသည်။ အချို့က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်လာစ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အသုံးဝင်မည့် လုပ်ငန်းစဥ်များကို ပံ့ပိုးရန်နှင့် အလှူရှင်နိုင်ငံ အများစုက ဖွံဖြိုးရေးရန်ပုံငွေများကို အသုံးပြုပြီး ၎င်းတို့၏ သံတမန်ရေးရာ ထိတွေ့ဆောင်ရွက်မှုများတွင် ထည့်သွင်းကြသည်။ နိုင်ငံတကာ စည်းရုံး လှုံ့ဆော်သူများ၊ အခြားနိုင်ငံများတွင် ရောက်ရှိနေထိုင်သော မြန်မာများနှင့် နိုင်ငံတွင်းရှိ အတိုက်အခံအုပ်စုများနှင့် ကာလရှည်ကြာ ချိတ်ဆက်မှုများက လုပ်ငန်းအစီစဥ် ရေးဆွဲရေးအတွက် အခြေခံဖြစ်သည်။ ကနဦးအနေဖြင့် နှစ်ပေါင်းများစွာ လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ လုပ်ငန်းများဆောင်ရွက်နေသော ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် အဓိက ထားဆောင်ရွက်ခဲ့ပြီး အလှုရှင် ကူညီထောက်ပံ့မှုများသည် နိုင်ငံတကာ NGO များ သို့မဟုတ် အခြားသော ကြားခံများမှတဆင့် စီးဆင်းခဲ့သည်။

အစိုးရ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းနှင့် EAO များကို ပံ့ပိုးကူညီမှုများ ပါဝင်သော လုပ်ငန်းများနှင့် ကဏ္ဍ အမျိုးမျိုးတွင် အစပျိုးဆောင်ရွက်မှုများ တဟုန်ထိုး တိုးမြင့်လာသည်။

  • ကြားဝင်စေ့စပ်ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း အထောက်အပံ့ ။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်း စဥ်များ နှင့် နိုင်ငံရေးစကားဝိုင်း များအတွက် ထောက်ပံ့ပေးသည့် အစပြုလုပ်ဆောင် မှုများ နှင့် အစိုးရနှင့် EAO ခေါင်းဆောင်များအား စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာအကြံပေးခြင်းများ ပြုလုပ်ခြင်း တို့ဖြစ်သည်။ ဤသည်တို့ကို များသောအားဖြင့် သိုသိပ်စွာနှင့် ထိပ်သီးအဆင့်တွင် ဆောင်ရွက်သည်။ အလှုရှင်များက ပံ့ပိုးသောအဖွဲ့အစည်းများတွင် Euro-Burma Office ၊ ငြိမ်းဖောင်ဒေးရှင်း၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအရေး လေ့လာမှုစင်တာ (Centre for Peace and Conflict Studies)၊ Center for Humanitarian Dialogue၊ Sasakawa Peace Foundation နှင့် Intermediate တို့ပါဝင်သည်။
  • ယုံကြည်မှုတည်ဆောက်ရန် အစပြုလုပ်ဆောင်မှုများ ။ ဖြစ်ပွားနေဆဲ တင်းမာမှုများကို ဖြေရှင်းရန်၊ ငြိမ်းချမ်းရေးရရှိရန် အခက်အခဲအတားအဆီးများကို လျှော့ချရန်၊ ငြိမ်းချမ်းရေး အသီးအပွင့် ဖော်ဆောင် ရရှိရန် သို့မဟုတ် ဖြစ်နိုင်ချေရှိသော ငြိမ်းချမ်းရေး ပျက်စီးနိုင် မည့်အရာများကို ပြေပျောက်စေရန် အစီအစဉ် အများအပြားကို ပဋိပက္ခ ဒဏ်ခံရသော ဒေသများတွင် အခြေစိုက် ဆောင်ရွက်သည်။ ၎င်းတို့တွင် ဒေသဖွံ့ဖြိုးရေး နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဥ်လုပ်ဆောင်မှုများ ပါဝင်သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများကို ပံ့ပိုးကူညီရန် လုပ်ငန်းစီမံကိန်း အချို့ကို EAO နှင့် စစ်တပ် ခေါင်းဆောင်များနှင့် တိုက်ရိုက် အလုပ်လုပ်ကြပြီး အချို့မှာ မြေပြင်/ရပ်ရွာအဖွဲ့အစည်းများနှင့် အလုပ်လုပ် ကြသည်။ ဥပမာများမှာ အမေရိကန်မှ ထောက်ပံ့သော ကမ်းလက်၊ နော်ဝေနိုင်ငံမှ အစပြုသော Myanmar Peace Support Initiative ၊ဂျပန်နိုင်ငံက ထောက်ပံ့သော နိပွန်ဖောင်ဒေးရှင်း နှင့် မြန်မာ NGO အများအပြား ဖြစ်သည်။
  • ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် တိုက်ရိုက်ရန်ပုံငွေပံ့ပိုးခြင်း ။ မြန်မာအစိုးရ၏ တောင်းဆိုချက်များ အတိုင်း အလှုရှင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အစိတ်အပိုင်းများကို ပံ့ပိုးကူညီရန် ဆန္ဒရှိကြသည်။ ဤတွင် အရေးကြီးအစည်းအဝေးများ တက်ရောက်နိုင်ရန် EAO ခေါင်းဆောင်များကို ပံ့ပိုးခြင်းနှင့် အခြား အရင်းမြစ်များ ပံ့ပိုးခြင်း၊ အစိုးရဦးဆောင်သော မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center)ကို အထောက်အပံ့ပေးခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် EAO များအတွက် ဆက်ဆံရေးရုံးများအပါအဝင် NCA ၏ လိုအပ်ချက် များ ပြည့်မြောက်စေရန် ထောက်ပံ့မှုများပြုလုပ်ခဲ့သည်။
  • စွမ်းရည်မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်း ။ ကြားခံများမှတဆင့် ထောက်ပံ့ကူညီမှုများ အဆင့်များစွာကို ပံ့ပိုးခဲ့သည်။ အစီအစဉ်များသည် ပညာရှင်အကြံဉာဏ်များ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် ၊ လေ့လာရေး ခရီးစဥ်များကို အစိုးရအရာရှိများနှင့် ခေါင်းဆောင်များ၊ EAO များ၊ NGOများ၊ အမျိုးသမီးများ၊ လူငယ်များ နှင့် ရပ်ရွာအခြေပြုအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအတွက် ပံ့ပိုးပေးသည်။ အစပြုဆောင်ရွက်မှု များတွင် အသိပညာပေးခြင်း၊ သုတေသန၊ မူဝါဒဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ နည်းပညာဆိုင် ရာကဏ္ဍများအတွက် ပံ့ပိုးကူညီခြင်းများအပြင် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ သဘာဝသယံဇာတ စီမံခန့်ခွဲ ခြင်း၊ ဒီမိုကရေစီ၊ ကျား-မ (ဂျန်ဒါ) တန်းတူညီမျှမှုနှင့် တာဝန်ခံမှု စသည့် ဆက်စပ်အကြောင်းရာများ ပါဝင်သည်။
  • ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် အကြီးစား ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများ ။ အများအားဖြင့် အလှုရှင်အများအပြားက ငွေကြေးထောက်ပံ့သည့် အကြီးစားအစီအစဉ်များသည် ပဋိပက္ခဒဏ်ခံရသော ဒေသများသို့ တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ဥပမာများမှာ 3MDG ကျန်းမာရေးရန်ပုံငွေ၊ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) နှင့် Myanmar Education Consortium တို့ ဖြစ်သည်။ အလှူရှင်များက ရန်ပုံငွေ ပံ့ပိုးသည့် အစပြုဆောင်ရွက်ချက်အချို့ကို မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ကဲ့သို့သော ပြည်တွင်း NGO များက အကောင် အထည်ဖော်ဆောင်ရွက်ပြီး အချို့မှာ အခြေခံအဆောက်အအုံ၊ အစိုးရဝန်ဆောင်မှုများ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍစီးပွားရေး တိုးတက်မှုအပေါ် အာရုံစိုက်လုပ်ဆောင်ကြသည်။
  • သုတေသနှင့် ဆန်းစစ်လေ့လာချက် ။ အလှူရှင်များသည် အကဲဖြတ်လေ့လာမှုများစွာအတွက် ရန်ပုံငွေ ပံ့ပိုးပေးခဲ့ ကြပြီး ယေဘုယျအားဖြင့် ၎င်းတို့ ကိုယ်ပိုင်နားလည်မှုကို တည်ဆောက်ရန်ဖြစ်သည်။ ၎င်းတို့၏ ခြုံငုံချဥ်းကပ်နည်းနှင့် အစီအစဉ်အချို့အတွက် ပဋိပက္ခ အကဲဆတ် (conflict sensitivity) လုပ်ငန်းဆောင် ရွက်မှုအတွက်လည်း ရင်းမြစ်များကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ပဋိပက္ခ စောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ် လေ့လာမှုနှင့် အဓိကကျသော NCA နိုင်ငံရေးဆွေးနွေးမှု ခေါင်းစဥ်များအတွက် သံလွင် ပြည်သူ့ရေးရာ မူဝါဒ လေ့လာရေးအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ကဲ့သို့ ပြည်တွင်း အင်စတီကျူးရှင်းများကို သုတေသန စွမ်းရည်များ တိုးတက်လာစေရန် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
  • ငြိမ်းချမ်းရေး လုပ်ငန်းစဥ် နှင့်ပတ်သက်ပြီး ပြည်သူများ၏ အသိပညာမြင့်မားလာစေရန် သတင်းအချက် အလက်မျှဝေခြင်း ။ အလှူရှင်များသည် ဤနယ်ပယ်ကို ပံ့ပိုးရန် နောက်ကျခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အပေါ် လူထု၏သဘောထားအမြင်ကို နားလည်ရန်နှင့် လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ရန် “အသိပညာ၊ သဘောထား နှင့် အလေ့အကျင့်များ” လေ့လာမှုများကို ထောက်ပံ့ခဲ့သည်။ နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ (BNI) ကဲ့သို့သော သတင်းမီဒီယာအဖွဲ့အစည်းများကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကူညီထောက်ပံ့မှုပေးခဲ့ပြီး ရေဒီယိုဇာတ်လမ်း (BBC Media Action) နှင့် ယဥ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများမှ တဆင့် အများပြည်သူကြား ငြိမ်းချမ်းရေးကို မြှင့်တင်ပံ့ပိုးခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာသည်နှင့် နိုင်ငံတကာဆက်ဆံရေးများ တိုးတက်လာပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု များလည်း ဆက်လက်ရှိခဲ့သည်။ ငြိမ်းချမ်းရေးနှင့်ဆက်စပ်သော ကူညီထောက်ပံ့မှုကတိကဝတ်များလည်း အရှိန် အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ၂၀၁၀ တွင် အမေရိကန်ဒေါ်လာ ၁၁ သန်းမှ ၂၀၁၂ တွင် အမေရိကန်ဒေါ်လာ ၁၈ သန်း ဖြစ်လာပြီး ၂၀၁၅ တွင် အမေရိကန်ဒေါ်လာ ၁၂၀ သန်းကျော်ထိ ရှိလာသည်။[18] ငြိမ်းချမ်းရေးပံ့ပိုးမှုသည် ကျယ်ပြန့်ပြီး နယ်ပယ်များစွာတွင် အရေးပါသော ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မြန်မာသို့ ပေးသည့် နိုင်ငံခြားထောက်ပံ့ကူညီမှု စုစုပေါင်း၏ နည်းပါးသော အချိုးအစားအဖြစ်သာ ရှိနေသေးသည်။ ၂၀၁၂ မှ ၂၀၂၁ ထိ ထောက်ပံ့ကူညီမှု ရန်ပုံငွေစုစုပေါင်း၏ ၀.၈ ရာနှုန်းမှ ၃.၆ ရာနှုန်း ကြားသာရှိသည်။

တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ဖွံဖြိုးရေးနှင့် အကောင်ထည်ဖော် ဖြစ်မြောက်ရေးတို့တွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ များပြားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ်မှာ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာထောက်ပံ့ကူညီမှု အမြင့်ဆုံးအဆင့် (“ပဋိပက္ခ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး” ဟု OECD က သတ်မှတ်ထားသည်) ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ထောက်ပံ့ကူညီမှု ကျဆင်းမှုမှာ ၂၀၁၅ ခုနှစ်တွင် အကြီးစားထောက်ပံ့မှုများကို သုံးစွဲပြီးခြင်းကြောင့် ဖြစ်သော်လည်း နောက်ပိုင်း ကတိကဝတ် လျာထားမှုများကျဆင်းလာမှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် ယုံကြည်မှုကျဆင်းလာသောကြောင့်ဖြစ် သည်။ အဓိက EAO အများအပြားက ၎င်းတို့၏ ပါဝင်မှုကို ဆိုင်းငံ့လိုက်သောကြောင့် ၂၀၁၈ ခုနှစ်တွင် ပြဿနာများသည် ပေါ်ပေါ်ထင်ထင်စတင်မြင်သာလာခဲ့သည်။ ဤအကျပ်ဆိုက်မှုသည် နိုင်ငံတကာအလှုရှင် အများအပြားအား NCA မူဘောင်ပြင်ပတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် တိုးတက်မှုရရှိရန် မည်သို့ဆက်လက် ဆောင်ရွက်ရမည်ကို မသေချာမှုများဖြစ်လာစေသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ကြောင့် အလှုရှင်များက မြန်မာအစိုးရနှင့် ၎င်းတို့၏ ဆက်ဆံရေးအပေါ် ပြန်လည်အကဲဖြတ်မှုများ ပြုလုပ်ခဲ့သည်။

OECD အလှုရှင်များထံမှ မြန်မာနိုင်ငံသို့ ပေးသည့် စုစုပေါင်း ထောက်ပံ့ကူညီမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် သီးသန့် ထောက်ပံ့မှု

ပုံ ၂။ OECD အလှုရှင်များထံမှ မြန်မာနိုင်ငံသို့ ပေးသည့် စုစုပေါင်း ထောက်ပံ့ကူညီမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် သီးသန့် ထောက်ပံ့မှု
(OECD Creditor Reporting Systemမှ ကိန်းကဏာန်းများကို အခြေခံထားသည်)

အကြီးစား အခြေခံအဆောက်အဦ အစီအစဉ်များ သို့မဟုတ် နိုင်ငံအဆင့် ကျန်းမာရေး စီမံကိန်းများ နှင့် နှိုင်းယှဥ် လျှင် အလှူရှင်အတွက် ကုန်ကျစရိတ်နည်းပြီး သေးငယ်သော အစီအစဉ် များမှတဆင့် ငြိမ်းချမ်းရေးတည် ဆောက်ရေး ကူညီထောက်ပံ့မှုများကို ပေးလေ့ရှိသည်။ ဥပမာ ငြိမ်းချမ်းရေးထိန်းသိမ်းသူများ နေရာချထားမှု သို့မဟုတ် ပဋိပက္ခအလွန် ဖွံဖြိုးရေးအစပြုအစီအစဥ်များ စသည့် နိုင်ငံတကာ အင်စတီကျူးရှင်းအလိုက် ပါဝင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုများမှာ နည်းပါးခဲ့သည် (ဤကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ မှတ်တမ်းများအရ)။ ပုံ ၃ တွင် ဤကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အဓိက ငြိမ်းချမ်းရေးတည်ဆောက်ရေး အစီအစဉ်များကို ဖော်ပြထားသည်။ ယင်းတို့အနက် သုံးခုမှာ အလှုရှင်အများ အပြားက ရန်ပုံငွေထောက်ပံ့ထားပြီး မြန်မာနိုင်ငံ ပဋိပက္ခဒဏ်ခံရသောဒေသများတွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပုံ ၃။ အဓိကမြန်မာ ငြိမ်းချမ်းရေးတည်ဆောက်ရး အစီအစဉ်များ၊ ၂၀၁၀–၂၀၂၀။ အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများ၏ ဝဘ်က်ဆိုက်များနှင့် စီမံကိန်း အစီရင်ခံစာများမှ ရရှိသော အချက်အလက်များအပေါ် အခြေခံထားသည်။

အမည်

အလှုရှင်များ

အဓိကဦးတည်ချက်များ

Myanmar Peace Support Initiative

နော်ဝေ၊ဖင်လန်၊နယ်သာလန်၊ဒိန်းမတ်၊ယူကေ၊ဆွစ်ဇာလန်၊ဥရောပသမဂ္ဂ နှင့် သြစတြေးလျ

ဖြစ်ပေါ်နေဆဲ အပစ်အခတ်ရပ်ဆဲရေး ညှိနှိုင်းဆွေးနွေးမှု များ ကို ပံ့ပိုးရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် နှင့် သီးခြား နိုင်ငံရေးဖြစ်စဥ်များအတွက် အထောက်အပံ့ ဖြစ်စေမည့် ရပ်ဝန်းတစ်ခု ပေါ်ပေါက်ရန်အတွက် ငြိမ်းချမ်းရေး အသီး အပွင့်များကို ပေးနိုင်စေရန် ရေတိုကြိုးပမ်း ဆောင်ရွက်မှု။

Kann Lett

USAID Office of Transition Initiatives (USAID/OTI)

ဒုတိယအဆင့်။ ပြုပြင်ပြောင်းလဲမှုများ ပိုမိုခိုင်မာရန်နှင့် ရေရှည်တည်တံ့ရန် နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး တရား ဝင် လုပ်ငန်းစဥ်များ မြှင့်တင်ရန်။

ပထမအဆင့်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့် ပြုပြင် ပြောင်းလဲမှုတွင် အားလုံးပါဝင်နိုင်မှုနှင့် ပါဝင်ဆောင်ရွက်မှု တို့ကို မြှင့်တင်ရန်နှင့် အသွင်ကူးပြောင်းရေးတွင် အရေးကြီး သော အဟန့်အတားများကို ဖြေရှင်းရန်။

Nippon Foundation[19]

ဂျပန်

ရေရှည်တည်တံ့ပြီး တဆင့်ချင်းမြင့်လာသည့် ယုံကြည်မှု ပေါ် ပေါက်လာရေးနှင့် ပံ့ပိုးမှု (SITES)။ ဤချဥ်းကပ်နည်းလမ်း သည် ပြည်နယ်အစိုးရများနှင့် EAOများကို အတူတကွ ဆွေး နွေးပွဲများ ပြုလုပ်ပြီး ပဋိပက္ခဒဏ်ခံရသော လူမှုအသိုင်း အဝိုင်းများ၏ လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အစီအစဉ်များ ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဖြင့် ခေါင်းဆောင်များ ကြား ယုံကြည်မှုတည်ဆောက်ရန် ဖြစ်သည်။

Peace Support Fund, later the Paung Sie Facility

ယူကေ၊သြစတြေးလျ၊ ဆွီဒင်

မြန်မာ့လူမှုအဖွဲ့အစည်းများအတွင်း လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ပေးသည့် လိုအပ်ချက်အခြေပြုသော၊ ဂျန်ဒါအလေး ပေးသော အသေးစား အစပြုလုပ်ငန်းအစီအစဥ်များကို ပံ့ပိုး သည်။

Joint Peace Fund

ယူကေ၊ အမေရိက၊ ဖင်လန်၊ ဂျပန် (အစပိုင်း)၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ အီတလီ၊ သြစတြေးလျ၊ ဒိန်းမတ်

၂၀၂၀ ခုနှစ်အထိ ရည်မှန်းချက်မှာ “သဘောတူညီချက်များ နှင့် အားကောင်းခိုင်မာသော ပါဝင်ပတ်သက်သူများ၊ အင်စတီ ကျူးရှင်းများနှင့် လုပ်ငန်းစဥ်များမှတဆင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးသို့ ရောက်ရှိရန်” ဖြစ်ပြီး ထိုမှတဆင့် ပဋိပက္ခ စီမံခန့်ခွဲမှုယန္တရားများ၊ ဆွေးနွေးပွဲများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် ပြည်ထောင်စုနှင့် ပြည်နယ် ပါဝင်မှု အားကောင်းခိုင်မာလာမည်ဖြစ်သည်။

ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားသော၊ ဂရုတစိုက် အကောင်အထည်ဖော်ဆောင်ရွက်သော အစီအစဉ်များ အထူးသဖြင့် သတ်သတ်မှတ်မှတ်၊ ဒေသန္တရ ဦးတည်ချက်များ (ကောက်နုတ်ချက် ၃ ကိုကြည့်ပါ) မှတဆင့် နည်းလမ်းအမျိုးမျိုးဖြင့် မြင့်မားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် Joint Peace Fund ၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖန်တီးမှုသည် အရပ်ဘက်လူ့အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ရည်ရွယ်လုပ်ဆောင်မှုများကို အဆင့်မြှင့်တင်ရန် အဓိကအခွင့်အလမ်းများ ဖြစ်ခဲ့သည်။ အလားတူပင် ရန်ပုံငွေ ခွဲဝေနေရာချထားမှု ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မကျေနပ်ချက်အသစ်များ ပေါ်ပေါက်လာနိုင်ချေလည်း ရှိသည်။

တစ်ချိန်တည်းတွင်ပင် ထောက်ပံ့ကူညီမှုဆိုင်ရာ အသုံးစရိတ်များ သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရန်ပုံငွေစီးဆင်းမှု အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံ ရသော ဒေသများတွင်ပုဂ္ဂလိကနှင့် အစိုးရ/ပြည်သူ့ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းအစီစဥ်များသည် ပဋိပက္ခတင်းမာမှု များကို ပိုမိုဆိုးရွားစေပြီး ကာလကြာရှည်စေခဲ့သည်။ ဗဟိုအာဏာပိုင်များက အခြေခံအဆောက်အဦ လုပ်ငန်း များဖြစ်သော လမ်းများနှင့် ရေကာတာများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်းနှင့် ပြန်လည်နေရာချ ထားရေးအစီအစဥ်များဖြင့် ထိန်းချုပ်မှုကို ချဲ့ထွင်ရန်နည်းလမ်းတစ်ခုအဖြစ် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ရည်ရွယ် ချက်ရှိရှိအသုံးပြုခဲ့ကြသည်။[20] သတ္တုတွင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် အဆက်သွယ်ကောင်းရှိ သော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများသည် ဒဏ်ခတ်မခံရခြင်း (impunity)ဖြင့် လုပ်ငန်းများလုပ်ကိုင်နိုင်ကြ သည်။[21] ဤနောက်ခံအခင်းအကျင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံများနှင့် အချို့ EAO များ အတွက် ထောက်ပံ့ကူညီမှုအစီအစဉ်များတွင် ပဋိပက္ခအကဲဆတ်မှု (conflict sensitivity) ရှိစွာ လုပ်ဆောင်နိုင် ရေးကို အဓိကထာလောစေသည်။ NCA တွင် ဤစိုးရိမ်မှုများကို ထင်ဟပ်ထားပြီး EAO များသည် ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် နိုင်ငံခြားထောက်ပံ့ကူညီမှု ရယူနိုင်မည့် အခွင့်အာဏာရှိပြီး “ပြည်သူများအတွက် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ကျန်းမာရေးနှင့် ပညာရေး တိုးတက်လာရန်နှင့် ဒေသဖွံဖြိုးရေး” တို့ကို EAO များနှင့် စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု NCA တွင် ရှင်းလင်းစွာဖော်ပြထားသည်။[22] ကောက်နုတ်ချက် ၄ တွင် နယ်စပ်ဖြတ်ကျော်အကူအညီနှင့် ပေါင်းစည်းခြင်းဆိုင်ရာ ပြဿနာများကို ဆက်လက်စူးစမ်းလေ့လာထားသည်။

နိုင်ငံခြားကူညီထောက်ပံ့မှု ချဥ်းကပ်နည်းများနှင့် ပတ်သက်၍ အဓိက တွေ့ရှိချက်များ

တွေ့ရှိချက် ၁။ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းမှု နှင့် ပတ်သက်၍ အလှုရှင်များ၏ ထင်မြင်ယူဆချက်များ

နိုင်ငံတကာအလှုရှင်များသည် အထူးသဖြင့် NCA လုပ်ငန်းစဥ်အတွက် ကာလကြာရှည် ဆက်လက်တည်ရှိနေ သည့် တင်းမာမှုများနှင့် ရှေ့ဆက်ဖြစ်လာမည့် ထိခိုက်နိုင်ခြေများကို ကောင်းစွာ သတိမမူမိကြပါ။ အနောက် နိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှု ပုံစံများအပေါ် များစွာမမှီတည်ပဲ ဒေသန္တရအခြေအနေလေ့လာဆန်းစစ်ချက် များ ပိုမိုပြုလုပ်ခဲ့မည်ဆိုပါက ဤထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ခဲ့မည်ဖြစ်သည်။

အနောက်နိုင်ငံစောင့်ကြည့်လေ့လာသူများ၏ ရှုထောင့်မှဆိုလျှင့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ် တိုးတက်လာသော ကျယ်ပြန့်သည့် အသွင်ကူးပြောင်းမှုများနှင့် ပြုပြင်ပြောင်းလဲမှုများတွင် ဆက်စပ်နေသော အပိုင်းသုံးပိုင်းရှိသည်။ ယင်းတို့မှာ စီးပွားရေးလွတ်လပ်ခွင့်ရရှိလာခြင်း၊ နိုင်ငံရေး ဒီမိုကရေစီအသွင်ကူးပြောင်း ခြင်းနှင့် NCA ဖြစ်စဥ်မှ ပေါ်ထွက်လာသော ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းတို့ဖြစ်သည်။ ဤပြုပြင်ပြောင်းလဲမှု သုံးမျိုးသည် လစ်ဘရယ်ငြိမ်းချမ်းရေးဟုခေါ်ဆိုကြသော စစ်အေးခေတ်အလွန် ပုံစံ၏ တိုးတက်မှုများရရှိသည့် ကျယ်ပြန့်သော မျှော်မှန်းချက်များနှင့် ကိုက်ညီသည်။ ဤမျှော်မှန်းချက်နှင့် မြန်မာနိုင်ငံ ထင်ရှားစွာ ကိုက်ညီမှု ကြောင့် ငြိမ်းချမ်းရေးသို့ ကောင်းမွန်သော တိုးတက်မှုများဖြစ်ပေါ်ပြီး အားလုံးပိုမိုပါဝင်သော ဒီမိုကရေစီ နည်းကျ နိုင်ငံတည်ဆောက်မှု ရရှိမည်ဟု သံတမန်များ၊ အလှူရှင်များနှင့် နိုင်ငံရေးသမားများက ထင်မြင်ခဲ့ သည်။[24]

လစ်ဘရယ်ငြိမ်းချမ်းရေး နမူနာပုံစံ၏ ယူဆချက်များသည် အလွန်အကျွံ စာအုပ်ကြီးဆန်ခြင်း၊ ကျဥ်းမြောင်း ခြင်း နှင့် ရိုးစင်းလွန်းခြင်း စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။[25] မြန်မာနိုင်ငံဖြစ်ရပ်တွင် ဆန်းစစ် ဝေဖန်မှုမရှိပဲ ဤနည်းလမ်းကို အသုံးပြုခြင်းက ရှုပ်ထွေးသော ပြည်တွင်းကိစ္စရပ်များကို ထည့်သွင်းစဥ်းစားရန် ပျက်ကွက် ခဲ့သည်။ ဥပမာ ဒီမိုကရေစီ ပိုမိုရရှိခြင်းက ပင်မ-အစွန်အဖျားဆက်ဆံရေးများ (core-periphery relations) ကို တိုးတက်လာစေမည် သို့မဟုတ် EAO ခေါင်းဆောင်များတွင် ခိုင်မာစွာ အမြစ်တွယ်နေသော စိုးရိမ်မှုများနှင့် နာကြည်းမှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဟူသည့် အာမခံမှုပေးနိုင်ခြင်းမရှိပါ။ ရွေးကောက်ခံနှင့် အခြားနိုင်ငံရေးစနစ်များ၊ လူနည်းစုအသံများကို ကာကွယ်ရန် အပြန်အလှန် ထိန်းကျောင်း မှုများရှိမှုနှင့် နိုင်ငံတော်အဆင့်အောက် ခေါင်းဆောင်များရရှိသည့် အခွင့်အာဏာ အတိုင်းအတာ(ဒီဂရီ) အပေါ် မူတည်၍ ပြောင်းပြန် အကျိုးသက်ရောက်မှုများပင်ရှိနိုင်သည်။[26] ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများသည် NCA ထက်ကျော်လွန်သော တိုးတက်မှုများဖြစ်လာနိုင်စေမည်ဆိုသည့် အာမခံချက် မရှိပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက် များကြောင့် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး ဖြစ်စဥ်မှာ အကန့်အသတ်ရှိနေပြီး NCA သည် သမိုင်းကြောင်း ရှည်လျားသည့် ဗဟိုစစ်တပ်အုပ်ချုပ်မှုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။[27]

ငြိမ်းချမ်းရေး ပံ့ပိုးမှုအတွက် ပိုမိုတွေးခေါ်မှု နှင့် ပိုမိုဆီလျော်သော မူဘောင်များသည် ဤ အခြေအနေအခင်း အကျင်းရှုပ်ထွေးမှုများကို ပို၍ကောင်းမွန်စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ဘဏ်၏ Pathways for Peace အစီရင်ခံစာတွင် ဖော်ပြထားသည့် ချဥ်းကပ်မှုနည်းလမ်းသည် မတူညီသော အစုအဖွဲ့၊ အခင်းအကျင်း ဖွဲ့စည်းပုံအချက်များ၊ အဓိကလူပုဂ္ဂိုလ်/အဖွဲ့အစည်းများ နှင့် အဓိကအင်စတီကျူးရှင်းများကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများကို အခြေခံ၍ ချဥ်းကပ်နည်းလမ်း ရေးဆွဲရန် အကြံပြုထားသည်။[28] အလှုရှင် အများစု (နှင့် ပြည်တွင်းအစုအဖွဲ့ အများအပြား) သည် တကယ့်လက်တွေ့ ကမ္ဘာငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ ရှုပ်ထွေးမှုများနှင့် သိမ်မွေ့သော ကွဲပြားချက်များကို အကန့်အသတ်ဖြင့်သာ နားလည်ခဲ့သည်။

အလှုရှင်များကြား ဤသို့သော သိမ်မွေ့သည့်ကွဲပြားမှုကို မမြင်နိုင်ခြင်းသည် အစိုးရနှင့်နီးကပ်စွာ အလုပ်လုပ် သည့်အခါ ပြဿနာပိုဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် နေရာအများစုတွင် ကောင်းစွာစီမံအုပ်ချုပ်နိုင်နေသည့် အားကောင်းခိုင်မာသည့် လွတ်လပ်မှုနောက်ခံရှိသည့် နိုင်ငံဖြစ်သောကြောင့် အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများအနေဖြင့် အချုပ်ခြာအာဏာ စည်းမျဥ်းများကို လေးစားလိုက်နာရမည်ဖြစ်သည်။ EAO မျာ၏ အနေအထားမှာ အစိုးရမဟုတ် သော အဖွဲ့အစည်းများဖြစ်ပြီး ပဋိပက္ခအခင်းအကျင်းတွင် ပါဝါမညီမျှမှု ကြောင့် ၎င်းတို့ကို တူညီသော လေးစားမှုကို ပြသရန်မလိုခဲ့ပါ။[29] ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရတို့သည် နိုင်ငံခြားထောက်ပံ့ကူညီမှုကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းခဲ့ သည်။ ၂၀၁၆ ခုနှစ်တွင် အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နှင့်ပတ်သက်သော လုပ်ငန်းစဥ်များအတွက် အသုံးစရိတ်ကို ကန့်သတ်ရန်နှင့် ရန်ပုံငွေခွဲဝေနေရာချထားမှုများကို စိစစ်ရန် ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။[30] ငြိမ်းချမ်းရေးလုပ်ငန်းအစီအစဥ်များအတွက် ပံ့ပိုးသည် ထောက်ပံ့မှုပမာဏသည် မြင်သာမှု မရှိသောကြောင့် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် တင်းကြပ်စွာ ထားရှိသင့်ပြီး ပင်မ NCA လုပ်ငန်းစဥ်သို့သာ ခွဲဝေပေးသင့်သည်ဟု အစိုးရက မြင်ခဲ့သည်။

တွေ့ရှိချက် ၂။ အရပ်ဘက်-စစ်ဘက် ကွဲပြားမှုတွင် အမြစ်တွယ်နေသည့် ပြဿနာများကို နားလည်ခြင်း

ပံ့ပိုးကူညီမှု အစီအစဉ်များသည် စစ်တပ်နှင့် အရပ်ဘက်အထက်တန်းလွှာတို့ကြား တင်းမာမှုများနှင့် ပတ်သက် ပြီး ရောထွေးသော နားလည်မှုများရှိနေခဲ့သည်။ နိုင်ငံရေး၏ အမြင့်ဆုံးသောအဆင့်များ၌ အမြစ်တွယ်နေသော တင်းမာမှုများကြောင့် မတည်မငြိမ်ဖြစ်နေသော ပတ်ဝန်းကျင် ဖြစ်နေပြီး အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ဒုတိယအဆင့်(secondary level) သို့ ပို့ထားသည်။

စစ်တပ်ခေါင်းဆောင်များသည် အမှီခိုကင်းကင်းဖြင့် ပြုမူဆောင်ရွက်နေကြသည်ကို အလှုရှင်များ မြင်လာ ကြသည်။ရပ်သားခေါင်းဆောင်များမှာ စစ်တပ်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို အများအားဖြင့် အလေးထား ဆောင်ရွက်နေရသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုသည် ပြုပြင်ပြောင်းလဲမှုများက ငြိမ်းချမ်းရေးဖြစ်စဥ် အတွက် တည်ငြိမ်သော နေရာတစ်ခု ဖန်တီးပေးထားသည်ဟူသည့် မျှော်လင့်ချက်များမှာ မှားယွင်းကြောင်း ပြသခဲ့သည်။ နိုင်ငံရေးတွင် တပ်၏ အခန်းကဏ္ဍကို လျှော့ချရန် တပ်နှင့် ညှိနှိုင်းမှုများနှင့်သဘောတူညီမှု ရရှိအောင် ပြုလုပ်ရသည်မှာ မြန်မာနိုင်ငံအတွက် ကာလရှည်ကြာဆုံး တည်ရှိနေသော စိန်ခေါ်မှုတစ်ရပ်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရပ်တည်မှုနေရာကို တပ်၏ နိုင်ငံရေးတွင်ပါနေမှုကို ဆန့်ကျင်ခြင်း ဖြင့် တိုးတက်အောင် လုပ်သကဲ့သို့ အခါအခွင့်အလျဥ်းသင့်သောအချိန်များတွင်လည်း တပ်နှင့်သဘောတူ ရပ်တည်မှုများလည်းရှိခဲ့သည်။ ဆယ်စုနှစ် များစွာကြာမှ စစ်တပ်နေအိမ်အကျယ်ချုပ်မှ လွတ်လာခဲ့ပြီး သူသည် သူ့မိသားစု၏ တပ်နှင့် ပတ်သက်သော သမိုင်းကြောင်းရှိမှုကို ခေတ်မီမြန်မာနိုင်ငံနှင့်တပ်မတော် တည်ထောင်ခဲ့ သည့် သူ့ဖခင်၏ သမိုင်းဝင် အခန်းကဏ္ဍကို မကြာခဏပြန်လည်ပြောလေ့ရှိပြီး “ကျွန်မ(တို့) တပ်မတော်” ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။ ၂၀၁၉ ခုနှစ်တွင် သူသည် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာ တရားရုံး၌ စွဲချက်တင်ခံရသော စစ်ခေါင်းဆောင်များဘက်မှ ခုခံကာကွယ်ခဲ့သည်။ ဤသို့ဖြစ်ပွားနေသော နိုင်ငံရေးအကြပ်အတည်းက အခြားကိစ္စရပ်များ အထူးသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ရိုဟင်ဂျာများ အပါအဝင် လူနည်းစုများ၏ အကျိုးစီးပွားကို ဘေးဖယ်ထားမှုများဖြစ်စေသည်။

ဤသို့သောစိန််ခေါ်မှုများများသော ပတ်ဝန်းကျင်တွင် အလှုရှင်များသည် အခြေအနေအခင်းအကျင်းနှင့် မကိုက်ညီသော ပုံမှန်စံသတ်မှတ်ချက် ဖွံ့ဖြိုးရေးစီမံကိန်းများကို အစိုးရကို ပံ့ပိုးရန် အလွန်မြန်မြန် လုပ် ဆောင်ခဲ့ကြသည်။ ဥပမာတစ်ခုမှာ ကမ္ဘာ့ဘဏ်၏ လူသိများထင်ရှားသော ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း ဖြစ်သည်။ ၄င်း၏ ကနဦးအဆင့်ဆောင်ရွက်မှုများသည် ပဋိပက္ခ တင်းမာမှုများ လျော့ကျနေ ပြီးဖြစ်သည်ဟု ယူဆပုံရှိသောကြောင့် စောင့်ကြည့်လေ့လာသူများကို စိတ်ပျက်စေခဲ့သည်။[31] မကြာခင်ကာလကမှ နယ်မြေစိုးမိုးမှု ရရှိခဲ့သောနေရာ သို့မဟုတ် နိုင်ငံရေးအာဏာရရှိရန် ယှဥ်ပြိုင်နေသည့်နယ်မြေများတွင် ထိန်းချုပ်မှု ရရန်အတွက် အစိုးရမှ ဖွံဖြိုးရေး အစပြုလုပ်ငန်းအစီအစဥ်များကို အသုံးချခဲ့သည့် ဖြစ်ရပ်မှတ်တမ်းများရှိသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပဋိပက္ခဒဏ်ခံရသော မြို့နယ် အပါအဝင် မြန်မာနိုင်ငံ၏ လူနည်းစုဒေသများသို့ စီမံကိန်းကို ရွှေ့ပြောင်းဆောင်ရွက်သည်နှင့် ပြဿနာများ ပေါ်ပေါက်လာခဲ့ သည်။ ဤကနဦးအဆင့်တွင် တိုင်းသား ခေါင်းဆောင်များနှင့် သေချာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခြင်းက အခက်အခဲ အတားအဆီးများကို ဖော်ထုတ်သိရှိနိုင်ခဲ့မည်ဖြစ်သည်။ အချိန် ကြာလာသောအခါ ပညာရှင်များ ထံမှ အကြံဥာဏ်ရယူပြီး ဒေသန္တရအဆင့်တွင် ထဲထဲဝင်ဝင် ဆက်သွယ်ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်က အပြုသဘောဆောင်စွာ တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ အစိုးရနှင့်သာ တစ်ခုတည်း ဆောင်ရွက်ခြင်းထက် ကနဦးစီမံကိန်းနေရာများမှ NGO များနှင့် မိတ်ဘက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းက ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေဆဲနေရာများတွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို လျှော့ချနိုင်စေသည်။ အစိုးရ မိတ်ဖက်များနှင့် ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာစေခြင်းက စီမံကိန်းမန်နေဂျာများကို တင်းမာမှုများကို သိရှိပြီး ဖြေရှင်းမှုများပြုလုပ်စေနိုင်သည်။

တွေ့ရှိချက် ၃။ တရုတ်နိုင်ငံ၏ အရေးပါမှုကို အသိအမှတ်ပြုခြင်း/သိရှိခြင်း

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပေါ် ၄င်း၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး NCA လုပ်ငန်းစဥ်နယ်ပယ်ကို လျော့ကျ စေသည့် ၄င်းကိုယ်ပိုင် ချဥ်းကပ်မှုနည်းလမ်းကို လုပ်ဆောင်ခဲ့သည်။ အနောက်နိုင်ငံ အလှုရှင်များသည် ကာလကြာရှည် ကြီးမားသောနယ်စပ်တလျောက် ဆက်ဆံရေးသမိုင်းအတွင်း ပဋိပက္ခ လျှော့ချရေး အစီအစဥ် များတွင် တရုတ်၏ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုနှင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးမှုအပေါ် တရုတ် နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကို နားလည်ရန် ခက်ခဲခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံအားလုံးတွင် သိသာထင်ရှားသော မူဝါဒနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကျိုးစီးပွားများ ရှိနေသော်လည်း အနောက်နိုင်ငံအများအပြားနှင့် တဖန်ပြန်လည် ဆက်သွယ် ဆောင်ရွက်မှုများပြုလုပ်ပြီးသည့် ကာလအထိ တရုတ်နိုင်ငံသည် သြဇာအကြီးမားဆုံး ပြင်ပပါဝါ အဖြစ် ဆက်လက်တည်ရှိနေသည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အောင်ဆန်းစုကြည်သည် ဝါရှင်တန် ဒီစီသို့ မသွားခင် ဘေဂျင်းသို့ ဦးစားပေးသွားရောက်ခဲ့သည်။[32] တရုတ်အစိုးရသည် မြန်မာ နိုင်ငံ၏ တပ်နှင့်အရပ်သား ခေါင်းဆောင် များနှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး တချိန်တည်းတွင်ပင် အထူးသဖြင့် ၄င်၏နယ်စပ်အနီးရှိ အင်အားကြီးမားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ် ကဲ့သို့သော EAO များနှင့် သမိုင်းဝင်ဆက်ဆံရေးများ ကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။ တရုတ်နိုင်ငံသည် NCA လုပ်ငန်းစဥ်၏ ကဏ္ဍအချို့အတွက် ပံ့ပိုးကူညီမှုများ ပေးခဲ့သော်လည်း အပြည့်အဝပါဝင်ခြင်း ဘယ်သောအခါမျှ မရှိခဲ့ပါ။[33] တရုတ်အရာရှိများနှင့် မြန်မာစစ်တပ် နှစ်ဖက်စလုံးသည် NCA တွင် မြောက်ပိုင်း EAO များပါဝင်လာမှုကို အားပေးမှု ရှိပုံမပေါ်ပေ။[34] အောင်ဆန်းစုကြည်ထံမှ တရားဝင်အကူအညီတောင်းခံမှုရပြီးနောက်တွင်မူ တရုတ်နိုင်ငံသည် ၄င်းတို့အား ပြည်ထောင်စုငြိမ်းချမ်းရေးညီခံသို့ တက်ရောက်ရန် ဖိအားပေးခဲ့သည်။[35] တရုတ်နိုင်ငံသည် ၄င်း၏ နယ်စပ်တွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန်လည်း လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံမှ တာဝန်ရှိသူများအတွက် အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အကဲဆတ်ပြီး ရန်ကုန်ရှိ အမေရိကန် သံအမတ်အား ကချင် ပြည်နယ်သို့ မသွားရောက်ရန်ပင် အကြံပြုခဲ့ဖူးကြ သည်။[36]

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အရေးပါမှုကို အနောက်အလှုရှင်များက ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြ သော်လည်း ထောက်ပံကူညီပေးသည့် အရာရှိများမှာ မည်သို့ တုံ့ပြန်ဆောင်ရွက်ရမည်ကို မသေချာကြပါ။ တရုတ်အရေးကျွမ်းကျင်သူမှ မှတ်ချက်ပြုသည်မှာ

အနောက်အုပ်စုသည် မြောက်ပိုင်း EAO များအားကောင်းခိုင်မာလာရေးအတွက် တရုတ်၏ ပံ့ပိုးကူညီမှု အခြေအနေ အနေထားများကို လုံလောက်စွာ သိရှိနားလည်မှုမရှိပဲ ၄င်းကို ကိုင်တွယ်ဖြေရှင်းမည့် နည်းဗျူဟာ မရှိသလို ဒီပဋိပက္ခတွေက NCA ကို ဘယ်လိုသက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေဖြစ်စေ နိုင်တယ်ဆိုတာ ကိုတောင် နားလည်မှုမရှိပါဘူး။[37]

တရုတ်နိုင်ငံနှင့် မြောက်ပိုင်းအဖွဲ့များနှင့် သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုအနည်းငယ်မှလွဲ၍ အနောက်နိုင်ငံ အလှုရှင်များသည် မြန်မာစစ်တပ် သို့မဟုတ် အရပ်သားအစိုးရကို စိတ်ပျက်စေမည် စိုးသော ကြောင့် ထိုဆက်ဆံရေးများ တည်ဆောက်ရေးတွင် မပြတ်မသားရှိခဲ့လှသည်။[38] သို့အတွက် ထောက်ပံ့ကူညီမှု ဆောင်ရွက်ရသော ဝန်ထမ်းများနှင့် အရာရှိများမှာ ခိုင်မာစွာအမြစ်တွယ်နေသော ပြိုင်ဆိုင်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဖြေရှင်းရမည့် မကောင်းလှသည့်အခြေအနေတွင် ရောက်ရှိသွားခြင်းမှာ အံ့သြစရာမရှိပါ။ အနောက်နိုင်ငံ သံတမန်အချို့က မြန်မာနိုင်ငံတွင် ၄င်းတို့ရောက်ရှိနေမှုမှာ (ဒေသတွင်း တရုတ်၏ လွှမ်းမိုးမှုကို ရင်ဆိုင်ရန် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများအဖြစ်} တရုတ်နှင့် ပထဝီနိုင်ငံရေးအရ အင်အားချိန်ခွင်လျှာညှိခြင်း အဖြစ်မြင်ကြသည်။ အခြားသူများမှာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများက အလှုရှင်များ၏ ညှိနှိုင်းဆောင်ရွက်မှုအစီအစဥ်များတွင် ပါဝင်မှုနည်းပါးသောကြောင့် မည်သို့ ဆက်ဆံရမည်ကို မသိကြပါ။

အနောက်နိုင်ငံ အလှုရှင်အများစုသည် မြန်မာနိုင်ငံရှိ တရုတ်မူဝါဒကို ထိန်းကျောင်းနေသာ ဗျူဟာကျ အကျိုးစီးပွားများ သို့မဟုတ် တရုတ်နှင့် EAO များကြား ရှုပ်ထွေးသော ဆက်ဆံရေးကို နားမလည်ခဲ့ပါ။ ဘင်္ဂလား ပင်လယ်အော်သို့ ဝင်ရောက်လိုသည့် တရုတ်၏အကျိုးစီးပွားစိတ်ဝင်စားမှု၊ ယင်နှင့်ဆက်စပ်သော အခြေခံ အဆောက်အဦနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါမှု၊ မြောက်ပိုင်း EAO များနှင့် ၄င်းတို့၏ ဆွေးနွေးမှုများနှင့် ဤသည်က NCAအပေါ် ယင်းတို့၏ ထောက်ခံမှုကို မည်သို့သက်ရောက်သနည်း ဆို သည်တို့်အေပါ် နားလည်မှု အားနည်းခဲ့သည်။ အကြိမ်များစွာပင် တရုတ်ကို အရေးပါသောသူအဖြစ်ထက် ရှောင်ကြဥ်ရမည့် “ပွဲဖျက်သူ” အဖြစ်သာ မျက်နှာစာတစ်ဖက်ထဲမှ မြင်ခဲ့ကြသည်။သဘာတရားရေးရာအဆင့်တွင် ငြိမ်းချမ်းရေး ပံ့ပိုးကူညီမှု သည် မျှော်မှန်းချက်အတူမျှေဝသော “နိုင်ငံတကာအသိုင်းအဝိုင်း” တစ်ခု အဖြစ်ယူဆပုံရသည်။ ဤအစုအဖွဲ့ တွင် တရုတ်ကို ထည့်သွင်းစဥ်းစားရန် ပျက်ကွက်ခဲ့သော အနောက်နိုင်ငံ တာဝန်ရှိသူများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အပေါ် အလွန်အမင်း အကောင်းမြင်အကဲဖြတ်မှုများနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အနောက်နိုင်ငံ ချဥ်းကပ်နည်းမဟုတ်သော အခြားနည်းလမ်းများကို လျစ်လျူရှုခဲ့မှုများကိုဖြစ်ပေါ်စေခဲ့သည်။

တွေ့ရှိချက် ၄။ ထိတွေ့ဆက်ဆံခြင်းကို အရှိန်မှန်မှန်ဖြင့် ဆောင်ရွက်ခြင်း

အလှုရှင်များသည် ရေရှည်အမြင်ထားရှိရန်၊ အဟန့်အတားများကို လက်ခံရန်နှင့် အန္တရာယ်များကို လျှော့ချရန် ချဥ်းကပ်နည်းများကို လိုက်လျောညီထွေပြောင်းလဲရန် ရုန်းကန်ခဲ့သည်။

၂၀၁၂ ခုနှစ်မှစ၍ အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင်းရှိရန် အများအားဖြင့် ၎င်းတို့၏ နှစ်ရှည်ရုံးခွဲများကို ထိုင်းနိုင်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခြင်းဖြင့် အလျင်အမြန်ဆောင်ရွက်ခဲ့ကြ သည်။ အချို့မှာ အကောင်းမြင်ဝါဒလှိုင်းများနှင့် ရောက်ရှိလာပြီး ဤသည်က “အစတွင် အားလုံးအတွက် ကပြောင်းကပြန်နိုင်သော လွတ်လပ်မှု”[39] ကို ဦးတည်သွားစေပြီး အလှုရှင်အဖွဲ့အစည်းများကလည်း ၎င်းတို့၏ အကျိုးစီးပွားနယ်ပယ်များကို ကာကွယ်ရန်နှင့် သက်ဆိုင်ရာအားသာချက်များကို ဆောင်ရွက်ရန် အားပေးခဲ့ကြ သည်။ ဤသို့သော ရေပွက်ရာငါးစာချ သဘောထားအမြင် ဖြင့် ဆောင်ရွက်မှုများသည် ရေရှည်အမြော်အမြင် မရှိသောဆုံးဖြတ်ချက်များကို ဦးတည်စေခဲ့သည်။ ဥပမာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ကျေးရွာအဆင့် အုပ်ချုပ်ရေး (အစိုးရ) မပါဝင်သော အစီအစဉ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက နိုင်ငံရေးအရ လက်ခံလာကြသောအချိန်တွင် လုံးဝဖျက်သိမ်းခဲ့ခြင်းများဖြစ်သည်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသို့ ပေးသည့် နိုင်ငံခြား ထောက်ပံ့ကူညီမှု သုတေသန၏ ခေါင်းစဥ် “ Too Much Too Soon” သည် ဤစိုးရိမ်ချက်များ ကို လိုရင်းတိုရှင်းဖြင့် ထိထိမိမိဖော်ပြနိုင်ခဲ့သည်။[40]

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် မြန်ဆန်သောပြုပြင်ပြောင်းလဲမှုများ၏ စိတ်လှုပ်ရှားမှု ကြောင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားမှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိသည်များနှင့် ရှမ်းပြည် နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် အခြားနေရာများတွင် အကြမ်းဖက်မှုများမြင့်တက်လာသည့် အထောက် အထားများရှိသော်လည်း အလှုရှင်များက မြန်မာနိုင်ငံကို ပဋိပက္ခလွန်ကာလ အခြေအနေရပ်ဝန်းအဖြစ် သဘောထားဆက်ဆံခဲ့ကြသည်။ စစ်မှန်ပြီး ပြီးပြည့်စုံသော ငြိမ်းချမ်းရေးပေါ်ထွက်လာရန် အချိန်မည်မျှ ကြာမြင့်မည်နှင့် မြန်မာ့ နိုင်ငံရေးရှုပ်ထွေးမှုများကို ဖြေရှင်းရန်အတွက် မည်သည်တို့လိုအပ်သည်ဆိုသည်နှင့် ပတ်သက်၍ထားရှိသည့် မျှော်မှန်းချက်များမှာ လက်တွေ့နှင့်ကင်းကွာလှသည်။ ဤအဖွဲ့အစည်းဆိုင်ရာ အကောင်းအမြင်လွန်ခြင်းကို လူအများအပြားက သတိပြုမိကြသော်လည်း မြန်မာနိုင်ငံတွင် လစ်ဘရယ် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲမှုတို့ကို အောင်မြင်စွာရရှိရန် ခိုင်မာအားကောင်းသော နိုင်ငံတကာ ကတိကဝတ်က ပွင်းလင်းစွာဝေဖန်မှုများကို အသံတိတ်သွားစေခဲ့သည်။ ဝေဖန်သူများကို ဆန့်ကျင်ဘက်ပြော သူများ သို့မဟုတ် အဆိုးမြင်ဝါဒီများအဖြစ် တံဆိပ်ကပ်ခံရပြီး အမှီလိုက်ဖို့ ”(get with the program”) လိုအပ်နေပြီဟုပြောခံကြရသည်။ ဤသဘောထားအမြင်က မျှော်လင့်ချက်များ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းရန် ခက်ခဲစေပြီး ဒေသန္တရ ငြိမ်းချမ်းရေးဖော်ဆောင်သူများကို နိုင်ငံတကာမှ ထိရောက်စွာ ပံ့ပိုး ကူညီနိုင်မှုကို လျော့ကျစေသည်။

အလှုရှင်အများစုသည် ကျရှုံးမှုမှ သင်ခန်းစာယူပြီး ပြောင်းလဲသွားသော အခြေအနေအခင်းအကျင်းနှင့် လိုက် လျောညီထွေဖြစ်သည့် ပြောင်းလွယ်ပြင်လွယ်ရှိသော ချဥ်းကပ်နည်းများကို ပြောင်းသုံးရန် နှေးကွေးကြသည်။ လက်တွေ့မဆန်သော မျှော်လင့်ချက်များကြောင့် ရှောင်လွှဲမရနိုင်သော ကျရှုံးမှုများကို သိရှိလက်ခံရန် သို့မဟုတ် အတွေ့အကြုံများမှတဆင့် ဆက်လက်တည်ဆောက်ရမည့် နည်းလမ်းများကို သိရှိရန် ၎င်းတိုသည် နေရာမှန်တွင် ရှိမနေခဲ့ပေ။ ဥပမာတစ်ခုမှာ အလှုရှင်အချို့သည် JMC နှင့် ပတ်သက်ပြီး ယင်း၏ အထောက် အပံ့များနှင့် ပြောင်းလဲမှုအတွက် ဖြစ်နိုင်ချေရှိသော ပံ့ပိုးမှုပေးနိုင်မှုတို့ သေချာစွာ အကဲဖြတ်စိစစ်မှုများ မပြုလုပ်ပဲ ထိရောက်မှု မရှိဟူ၍ ပယ်ချခဲ့ခြင်းဖြစ်သည်။ (ကောက်နုတ်ချက် ၅ ကိုကြည့်ပါ) မြင့်မားသော မျှော်လင့်ချက်များကို ပြည့်မီအောင်လုပ်ဆောင်ရသော ဖြစ်စဥ်တွင် အလှုရှင်များ၏ တုံ့ပြန်ဆောင်ရွက်မှုမှာ တိုးတက်မှု မရှိခြင်းကို ညည်းညူသာနေခဲ့ပြီး အလုပ်မဖြစ်သော ယန္တယားကို ဆက်လက်ပံ့ပိုးပေးနေခဲ့သည်။ ဤသည်မှာ အပြောင်းအလဲ ဖြစ်လာနိုင်သည်ဟူသော အမှန်တကယ်ဖြစ်မလာနိုင်သည့် မျှော်လင့်ချက်ဖြင့် “မြင်းသေကို နှင်တံဖြင့် ရိုက်နေခြင်း” ပင်ဖြစ်သည်။

တွေ့ရှိချက် ၅။ လုပ်ငန်းစွမ်းရည် အကန့်အသတ်များကို ဖြေရှင်းခြင်း

ယုံကြည်စိတ်ချရသည့် လုပ်ငန်းဖော်ဆောင်မှု မိတ်ဖက်များလိုအပ်ခြင်းကလည်း နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ပံ့ကူညီမှုအတွက် အကန့်အသတ်ဖြစ်စေသည်။ ရှိပြီးသား NGO နှင့် CSO များသည် အရေးပါသော ကဏ္ဍမှပါဝင်ပြီး တခါတရံ အခင်းအကျင်းနှင့် ဗျူဟာနှင့်ပတ်သက်ပြီး အရေးပါသော အကြံပေးသူများဖြစ်ကြ သည်။

ဤမိတ်ဖက်ဆောင်ရွက်မှုများသည် ပြည်တွင်း အဖွဲ့/လူပုဂ္ဂိုလ်များကို ၎င်းတို့၏ အဓိကပင်မ အလုပ်များမှ သွေဖည်စေနိုင်ပြီး ရန်ပုံငွေရရှိမှုနှင့် လက်လှမ်းမီမှုတို့နှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်လာနိုင်စေသည်။

စီမံကိန်းများကို လျင်မြန်စွာချဲ့ထွင်ရန် လိုအပ်မှုသည် ယုံကြည်ရသည့် မိတ်ဖက်မရှိခြင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေး စံနှုန်းများနှင့် မျှော်မှန်းချက်များအတိုင်း ကြားဝင်ဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကနဦးတွင် လုပ်ကိုင်နိုင်စွမ်းရည်နိမ့်ပါးမှုကို မီးမောင်းထိုးပြခဲ့သည်။ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သည်ဖြစ်စေ စီမံကိန်းများဖော်ဆောင်ပို့ဆောင်ခြင်းအတွက် မိတ်ဖက် အနည်းငယ်ကသာ သင်တန်းနှင့် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုများ မလိုအပ်ပဲ ကြီးမားသော စီမံကိန်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ အလှုရှင်တစ်ဦး က မှတ်ချက်ပြုသည်မှာ-

ရွေးချယ်စရာများစွာ ရှိခဲ့သော်လည်း တစ်ခုကမှ စံကိုက်ညီတာ မရှိပါဘူး။ အပေးအယူတွေက ဘာတွေ ရှိမလဲနဲ့ ဘယ်အရာတွေက ဘယ်လမ်းကြောင်းကတဆင့် သွားဖို့ဆန္ဒရှိမလဲ။ ဒါတွေက တူတွေက နှက်ဖို့ အကိုက်ညီဆုံး သံ ကိုလိုက်ရှာနေတာနဲ့တူပါတယ်။ ရန်ပုံငွေအချို့က အဲ့လိုမျိုးသတ်မှတ်ပြီး သား လုပ်ငန်းစဥ်တွေအတွက် ဖြစ်ပါတယ်။[44]

မြန်မာအစိုးရ၏ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံမရှိခြင်းက ပါဝင် ပတ်သက်သူအားလုံးအတွက် စိန်ခေါ်မှုဖြစ်စေသည်။ တစ်ဖက်တွင်မူ ကာလကြာရှည် ဆက်ဆံ ရေးများမရှိခြင်း၊ နားလည်ရန်ခက်ခဲသောစနစ်များနှင့် အကျိုးထိရောက်မှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စိုးရိမ်မှုများ ကြောင့် အလှုရှင်များသည် အစိုရဌာနအဖွဲ့များနှင့် အလုပ်လုပ်ရန် ခက်ခဲခဲ့သည်။ EAO များ သို့မဟုတ် ၎င်းတို့နှင့် ဆက်နွှယ်သော CSO များနှင့် အလုပ်လုပ်ရန်လည်း အလားတူပင် ခက်ခဲခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့၏ အလှုရှင်လုပ်ငန်းစဥ်များနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိခြင်းနှင့် လက်နက်ကိုင်များကို ပံ့ပိုးကူညီမှုဖြစ်နိုင်သည်ဆိုသည့် စိုးရိမ်မှုများကြောင့်ဖြစ်သည်။ ဤအခြေအနေက တိုင်းရင်းသားများ၏ စွမ်းဆောင်ရည် တည်ဆောက်မှုကို ပံ့ပိုးရန်နှင့် အလှုရှင်များ၏ ယုံကြည်အပ်နှံမှု၊ဉပဒေရေးရာနှင့် ဂုဏ်သိက္ခာ ဆိုင်ရာတို့ကို ထိခိုက်စေနိုင်သည့် အန္တရာယ်များကို လျှော့ချရန် လုပ်ငန်းဖော်ဆောင်မှု မိတ်ဘက်များ သို့မဟုတ် NGO ကြားခံများကို ရှာဖွေရသည်မှာ ပုံမှန်ဖြစ်လာသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် အလှုရှင်များသည် နောက်ဆက်တွဲ ကွဲလွဲမှုများ၊ ထိုအဖွဲ့အစည်းများအပေါ် ပါဝင်ပတ်သက်သူများမှ အထင်မြင်လွဲမှားခြင်းဖြစ်လာ နိုင်မှုနှင့် ၎င်းတို့အလုပ် အာရုံစိုက်မှု ပြောင်းလဲခြင်း အပါအဝင် ဖြစ်တန်ချေရှိသည်များကို သတိပြုမိကြသည်။[45]

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ ရှုပ်ထွေးသော အင်္ဂါရပ်တစ်ခုမှာ စေ့စပ်ညှိနှိုင်းရေးကျွမ်းကျင်သူများအတွက် နိုင်ငံ တကာ ထောက်ပံ့ကူညီမှု ပေးခြင်းဖြစ်သည်။ ကျွမ်းကျင်ပညာရှင် အမျိုးစား နှစ်မျိုး ပါဝင်သည်။ ကာလတို ခရီး စဥ်အတွင်း အကြံဥာဏ်ပေးသည့် ထင်ရှားသည့်ပုဂ္ဂိုလ်များနှင့် ကာလကြာရှည်နေထိုင်ပြီး အကြံဥာဏ်နှင့် စွမ်းရည်ဆိုင်ရာ ပံ့ပိုးမှုများပေးသည့် မထင်ရှားသည့် ပုဂ္ဂိုလ်များ ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များ သည် အခြေအနေအခင်းအကျင်းနှင့်ဆီလျော်သော အကြံဥာဏ်ပေးနိုင်ပြီး ယုံကြည်မှုရရှိရန်အတွက် အချိန်ရင်း နှီးမြှုပ်နှံထားသော ရေရှည်နေထိုင်သော ပညာရှင်များက ပိုမိုထိရောက်မှုရှိသည်ဟု တိုင်းရင်းသားခေါင်းဆောင် များကယူဆကြသည်။ ကျွမ်းကျင်ပညာရှင်များသည် အများအားဖြင့် ရာထူးကြီးသူ၊ အမျိုးသားနှင့် ဥရောပ နောက်ခံက သူများဖြစ်လေ့ရှိပြီး ဤနယ်ပယ်ကို ပိုမိုကျယ်ပြန့်အောင် ကြိုးပမ်းအားထုတ်မှု အနည်းငယ်သာရှိခဲ့ သည်။ ဒေသန္တရနှင့် ပြည်တွင်းအဖွဲ့များစွာက ဆွေးနွေးမှု ဒိုင်ယာလော့များပေါ်ပေါက်ရန် ကြိုးပမ်းခဲ့သည်။ ဥပမာ ကချင် ပြည်နယ်ရှိ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ ည် မတူကွဲပြားသော ပါဝင်ဆွေးနွေး သူများနှင့် သမားရိုးကျမဟုတ်သော ရှုထောင့်အမြင်များနှင့် ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။

အလှုရှင်များ၏ လုပ်ငန်းဖော်ဆောင်မှု မိတ်ဘက်များကို ရှာဖွေမှုသည် ထောက်ပံ့ကူညီမှု ပံ့ပိုးရေး မညီမျှမှုများ ကိုဖြစ်စေသည်။ ဥပမာ ကရင်လူမှုအသိုင်းအဝိုင်းတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ တည်ဆောက်ထားသော်လည်း အခြားနေရာများတွင်မူ ထိရောက်အကျိုးရှိသော မိတ်ဖက် အနည်းငယ်သာ ရှိခြင်းတို့ဖြစ်သည်။ သတင်းအချက်အလက် စီးဆင်းမှုသည် အများအားဖြင့် ရန်ပုံငွေပံ့ပိုးခြင်းဆိုင်ရာ ဆက်ဆံရေးများနှင့် ဆက်စပ်နေသောကြောင့် အလှုရှင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် နားလည်မှုသည် ၎င်းတို့အများဆုံး ထိတွေ့ဆက်သွယ်ဆောင်ရွက်နေသည့် နေရာဒေသများ၏ အခြေအနေများ ပေါ်တွင်သာ တည်မီတတ်သည်။

၂၀၁၂ ခုနှစ်မှ စတင်သော မြန်မာနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် အရပ် ဘက်လူ့အဖွဲ့အစည်း၏ ကဏ္ဍကို သိသာစွာ ပြောင်းလဲစေခဲ့သည်။ အရပ်ဘက်အဖွဲ့ အစည်း တည်ဆောက်မှု အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများကို ကောက်နုတ်ချက် ၉ တွင် ရေးသားဖော်ပြထားသော်လည်း တစ်နှစ်တာ ကာလစက်ဝန်းသာရှိသော ရေတိုရန်ပုံငွေ ထောက်ပံ့မှုများသည် လက်ခံရရှိသည့်အဖွဲ့၏ အခြေအနေကို နားလည်သိရှိမှုထက် အလှုရှင်များ၏ ရန်ပုံငွေပေးအပ်ခြင်း အလေ့အထများကိုသာ ရောင်ပြန်ဟပ်သော “စီမံကိန်းသက်သက် လုပ်ဆောင်မှုများ (project machines)” ကို ဖြစ်စေတတ်သည်ဟု ဖြေဆိုသူများက ဖြေကြားခဲ့သည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်များနှင့် လိုက်နာဆောင်ဆောက်ရွက်ရမှု များသည် ၎င်းတို့၏ အာရုံစိုက်ဆောင်ရွက်ရာနှင့် လူ့စွမ်းအားအရင်းမြစ် ထိထိရောက်ရောက်အသုံးချနိုင်ခြင်း တို့ကို ပြောင်းလဲစေကာ သေးငယ်သော ဒေသခံအဖွဲ့များ သို့မဟုတ် အနောက်တိုင်းအဖွဲ့အစည်းပုံစံများနှင့် မကိုက်ညီသော အဖွဲ့များထက် ဦးစားပေးလက်ခံသူများဖြစ်သည့် ကြီးမားပြီး လွှမ်းမိုးမှုရှိသောအဖွဲ့အစည်းများ ကို ဖန်တီခြင်းသို့ ဦးတည်စေခဲ့သည်။ ( ကောက်နုတ်ချက် ၈ တွင်ကြည့်ပါ “စီမံချက်သက်သက် ဖော်ဆောင် ခြင်း (projectization)” နှင့် “ကာလအပိုင်းအခြားတစ်ခုအပေါ်အမြင် (အထူးသဖြင့်ကာလရှည်) (timescapes)’’).

တွေ့ရှိချက် ၆။ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် အမျိုးသမီး အများအပြား ပါဝင်နိုင်ခဲ့ခြင်း မရှိပါ။

မြန်မာနိုင်ငံရှိ ထောက်ပံ့ကူညီမှု စီမံကိန်းများနှင့် အစီအစဉ်များတွင် အများအားဖြင့် အမျိုးသမီးပါဝင်မှု ပြဌာန်း သတ်မှတ်ချက်များ ပါဝင်လေ့ရှိခဲ့သော်လည်း အများစုသည် လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် စိတ်ဆန္ဒမရှိခြင်းတို့ကြောင့် ကျား-မ(ဂျန်ဒါ) တန်းတူညီမျှမှုကို ဖြစ်စေမည့် အပြောင်းအလဲရလဒ်များ မရှိခဲ့ပါ။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး အင်စတီကျူးရှင်းများနှင့် ပဋိပက္ခလျှော့ချရေးနှင့် ဆက်စပ်သော လုပ်ငန်းစဥ်များ အပါအဝင် နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ် အားလုံးတွင် ဖွဲ့စည်းပုံဆိုင်ရာ ဂျန်ဒါ တန်းတူညီမျှမှု မရှိခြင်းများဖြစ် နေသည်။ အဓိကအစုအဖွဲ့များတွင် အမျိုးသမီးပါဝင်မှုမှာ အဆင့်အမျိုးမျိုးရှိပြီး EAO များက ပိုမိုပွင့်လင်းသည် ဟုယူဆရသည်။[46] အမျိုးသမီး အခွင့်အရေးနှင့် ဦးဆောင်မှုကို အဓိကဆောင်ရွက်သည့် အဖွဲ့အစည်းများမှာ အမျိုးသားအဆင့်နှင့် ဒေသန္တရအဆင့်နှစ်ခုလုံးတွင်ရှိကြပြီး ဒိုင်ယာလော့များနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ တွင် မြန်မာအမျိုးသမီးများက အဓိကပံ့ပိုးဆွေးနွေးသည့် အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည့် လူသိများသော ဖြစ်ရပ်အချို့ရှိခဲ့သည်။ အရပ်သားအစိုးရ၊ နိုင်ငံရေးပါတီများနှင့် မြန်မာစစ်တပ် အတွင်းတွင် ဆုံးဖြတ်ချက်ချ သည့်အဆင့်၌ အမျိုးသမီးကိုယ်စားပြုနှုန်းမှာ သုညနီးပါးဖြစ်ပြီး (ဒေါ်အောင်ဆန်းစုကြည်မှာမူ ထူးခြားသော ခြွင်းချက်ဖြစ်သည်။) ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထိပ်သီးစကားဝိုင်းများ၌ အမျိုးသမီးမပါဝင်ခြင်းကိုဖြစ် စေသည်။

ဤအခင်းအကျင်းတွင် နိုင်ငံခြား အထောက်ပံ့ပေးသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ပါဝင်ပတ်သက် သူများ၏ ပိုမိုကောင်းမွန်သော ကျား-မ (ဂျန်ဒါ_ တန်းတူညီမျှမှုရရှိရေး တောင်းဆိုမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်ရာတွင် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များကို ကမ္ဘာလုံးဆိုင်ရာ အထောက် အထားများ၊ အခြားငြိမ်းချမ်းရေးဖော်ဆောင်ရေး အခင်းအကျင်းများမှ ကောင်းမွန်သော အလေ့အထများနှင့် ချိတ်ဆက်ပေးခြင်းတို့ဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ အကြီးတန်း နိုင်ငံအဆင့် ဆုံးဖြတ်ချက် ချမှတ်သူများကြား ထောက်ခံမှုရရှိရန် အခက်အခဲများအပြင် လက်တွေ့အကောင်အထည်ဖော်ရန် ထင်ရှားသော စိန်ခေါ်မှုများရှိစေခဲ့သည်။ ထိရောက်သော အမျိုးသမီးပါဝင်ရေးနှင့် ကျား-မ(ဂျန်ဒါ) စံနှုန်းများ ပြောင်းလဲရေးတို့ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး အစီအစဉ်များ၏ အဓိက ရည်ရွယ်ချက်များအဖြစ် ဦးစားပေး မဆောင်ရွက်ခဲ့ပဲ ဤအရေးကိစ္စများအတွက် စစ်မှန်သော ပြောင်းလဲမှု နယ်ပယ်ကို ကန့်သတ်ထားသည်။ ဥပမာ အားဖြင့် အလှုရှင်မှ ငွေကြေးထောက်ပံ့သော လုပ်ငန်းအစီစဥ်များတွင် တက်ရောက်သူအမျိုးသမီး ခွဲတမ်းအရေ အတွက်ကို ကျား-မ (ဂျန်ဒါ) ပါဝင်မှုအတွက် အဓိက ညွှန်းကိန်းအဖြစ် အသုံးပြုလေ့ရှိသည်။ အမျိုးသမီး ပါဝင်မှု အတွက် စံသတ်မှတ်ချက်ထားရှိခြင်းသည် အပြုသဘောဆောင်သော လုပ်ဆောင်မှုဖြစ်သော်လည်း ဤခွဲတမ်း အရေအတွက်များသည် ပါဝင်သူများက မည်သူများဖြစ်သည်နှင့် မည်သို့သော ပါဝင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ သည်ဆိုသည်တို့ကို ထည့်သွင်းစဥ်းစားခြင်းမရှိပဲ သတ်မှတ်ထားသောကြောင့် ဆွေးနွေးမှု၏ အကြောင်းအရာ သို့မဟုတ် ရလဒ်များအပေါ် လွှမ်းမိုးမှု အလွန်နည်းပါးသည်။

ကျား-မ (ဂျန်ဒါ) ပါဝင်မှုနှင့်ပတ်သက်ပြီး အပေါ်ယံဆန်သော ချဥ်းကပ်နည်းများကို ဦးတည်မှုသည် အလှုရှင်များ နှင့် အကောင်ထည်ဖော်ဆောင်ရွက်သူ မိတ်ဖက်များကြား ဆက်ဆံရေးများကိုလည်း သက်ရောက်မှုရှိသည်။ အမျိုးသမီးအဓိကနှင့် အမျိုးသမီးဦးဆောင်သော အဖွဲ့အစည်းများသည် ကျား-မ (ဂျန်ဒါ) စံနှုန်းများကို ပြောင်းလဲမှုပြုလုပ်ရန်အတွက် ရေရှည်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် အကောင်ဆုံးနေရာတွင်ရှိ သော်လည်း ဤအဖွဲ့များမှာ သေးငယ်ပြီး ဖွဲ့စည်းပုံအတည်တကျမရှိသောကြောင့် စီမံခန့်ခွဲရန်ခက်ခဲသော လုပ်ထုံးလုပ်နည်းဆိုင်ရာလုပ်ငန်းစဥ်များမှတဆင့် နိုင်ငံခြားရန်ပုံငွေများ ရရှိနိုင်ရန် ၎င်းတို့အတွက် အလွန် ခက်ခဲသည်။ ထို့အပြင် ကျား-မ (ဂျန်ဒါ) တန်းတူညီမျှရေးနှင့် လူမှုပါဝင်မှုတို့အတွက် ပံ့ပိုးသော ရန်ပုံငွေများ ပံ့ပိုးမှုရရှိသည့် အချိန်ကာလမှာ တိုတောင်းလေ့ရှိပြီး အဖွဲ့အစည်းဆိုင်ရာ ခိုင်မာအားကောင်းရေးအတွက် ပံ့ပိုးပေးနိုင်မှုမှာ အဖွဲ့၏ ကိုယ်ပိုင် (အဓိက) ရန်ပုံငွေကဲ့သို့သော အကန့်အသတ်ရှိသော အတိုင်းအတာဖြင့်သာ ပံ့ပိုးပေးနိုင်သည်။ ငြိမ်းချမ်းရေးပံ့ပိုးမှုတွင် ကျား-မ (ဂျန်ဒါ) ပါဝင်မှုဆိုင်ရာ စိန်ခေါ်မှုများအကြောင်း အသေးစိတ် ကို “ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အဓိကရန်ပုံငွေပံ့ပိုးမှုများ ၂၀၁၀–၂၀၂၀” စာတမ်းတွင် တွေ့မြင်နိုင်သည်။

တွေ့ရှိချက် ၇။ ပံ့ပိုးမှု အစီအစဉ်များ ဖော်ဆောင်ရာတွင် ပဋိပက္ခ အကဲဆတ်မှု (conflict sensitivity) ရှိခြင်း

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း နိုင်ငံတကာ အလေ့အထကောင်းများနှင့် အတွေ့အကြုံ များစွာရှိ သော်လည်း အလှုရှင်များသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ မဟာဗျူဟာများနှင့် ရန်ပုံငွေ ပံ့ပိုးရေး ယန္တရားများ တွင် ပဋိပက္ခဆင်ခြင်ရှောင်ရှားနိုင်မှုကို ထည့်သွင်းအသုံးပြုသည့် အတိုင်းအတာ ကွဲပြားကြသည်။ နိုင်ငံ အဆင့်နှင့် ဒေသန္တရအဆင့်များတွင် ဆောင်ရွက်ခဲ့သည့် အလှုရှင်ပံ့ပိုးသော လုပ်ငန်းစဥ်များမှ ဖြစ်လာနိုင်သော ဆိုးကျိုးများကို လျော့ပါးစေရန် အများအပြားပိုမိုဆောင်ရွက်နိုင်ခဲ့သင့်သည်။

ကမ္ဘာတဝှမ်း ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် ဘေးကင်းစွာနှင့် ထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည့် အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများအတွင်း ပဋိပက္ခဆင်ခြင် ရှောင်ရှားနိုင်မှု ချဥ်းကပ်မှု နည်းလမ်းများကို အသုံးပြုနေကျဖြစ်သည်။[47] ပဋိပက္ခဆင်ခြင်ရှောင်ရှားနိုင်မှု ချဥ်းကပ်မှုနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဤအဖွဲ့အစည်းများသည် ၎င်းတို့အစီအစဉ်များ လုပ်ငန်းဖော်ဆောင်ရာ အခြေအနေ အခင်းအကျင်းကို နားလည်ရန်၊ ပဋိပက္ခအပေါ် ယင်းတို့၏ ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများကို အကဲဖြတ်ရန်နှင့် ဤသည်တို့ကို စီမံကိန်းဒီဇိုင်းရေးဆွဲရာတွင် ထည့်သွင်းစဥ်းစားနိုင်ရန်တို့ ပြုလုပ်ရန် လုံလောက်သော အရည်အချင်း လိုအပ်သည်။ ဒေသတွင်း ပါဝင်ပတ်သက်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများကို သေချာဂရုတစိုက်ပြုလုပ်ခြင်းသည် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းစဥ်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ပဋိပက္ခဆင်ခြင်ရှောင်ရှားနိုင်မှုသည် မူဝါဒနယ်ပယ်ကို လွှမ်းခြုံမှုရှိပြီး၊ နိုင်ငံနှင့်အလှုရှင်၏ မူဝါဒများ သည် ပဋိပက္ခဒဏ်ခံရသောဒေသများနှင့် ပဋိပက္ခကို ပြောင်းလဲစေနိုင်သောအားကို ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။ အစောပိုင်းတွင် ဖော်ပြခဲ့သလို အလှုရှင်များ (နှင့် အစိုးရတာဝန်ရှိသူများ) အနေဖြင့် ပဋိပက္ခ ဒဏ်ခံရသောဒေသများနှင့် ဝေးသော ရန်ကုန်တွင် အလုပ်လုပ်နေသောအခါ သို့မဟုတ် နေပြည်တော်သို့ အသွားအပြန်ခရီးသွားလာနေရသောအခါ မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံရသောနေရာများကို လျစ်လျူရှုရန် လွယ်ကူသည်။ သို့မဟုတ် NCA လုပ်ငန်းစဥ်သည် ဆူပူအကြမ်းဖက်မှုများကို အဆုံးသတ်ပေးလိုက်ပြီဟု လွဲမှားစွာ ယူဆလွယ်သည်။[48]

ပေါင်းစပ်ချဥ်ကပ်နည်းများ။ အထောက်အပံ့ပေးသည့် အဖွဲ့အစည်းအချို့သည် ပဋိပက္ခဆင်ခြင် ရှောင်ရှားနိုင် မှုကို ၎င်းတို့အစီအစဉ်များတွင် ပေါင်းစည်းထည့်သွင်း ရန်အတွက် သိသာထိရောက်သော အစီအမံများကို လုပ်ဆောင်ခဲ့သည်။ ဥပမာ ဆွီဒင်အစိုးရအလှုရှင်အဖွဲ့ Sida သည် အကြံပေး ပံပိုးမှုအတွက် သီးခြားအလုပ် ငါးခုအတွက် စာချုပ်ချုပ်ဆိုခဲ့သည်။ တစ်ခုမှာ ၎င်း၏ လုပ်ငန်းအစီအစဥ်များတွင် ပဋိပက္ခဆင်ခြင် ရှောင်ရှားနိုင်င်မှုကို ထည့်သွင်းစဥ်းစားဆောင်ရွက်နိုင်စွမ်းကို အကဲဖြတ်ရန်ဖြစ်ပြီး ကျန်ရှိသည်များမှာ အစပြု လုပ်ငန်းအစီအစဥ်များနှင့် ပတ်သက်ပြီး ရန်ပုံငွေပံ့ပိုးခြင်း ဆုံးဖြတ်ချက်များအတွက် အချက်အလက်ရယူရန် ဖြစ်သည်။ အလားတူပင် ကုလသမဂ္ဂမှ ဆောင်ရွက်သော အမျိုးသားကျန်းမာရေးရန်ပုံငွေသည် အကြံပေး ကျွမ်းကျင်ပညာရှင်များကို ခန့်အပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် မိတ်ဖက်များကို စွမ်းရည်ဆိုင် ရာ ပံ့ပိုးခြင်းနှင့် အစိုးရနှင့် EAO များနှင့် ဆက်ဆံရေးများအတွက် ဂရုတစိုက် စီစဥ်ရေးဆွဲခြင်း စသည်တို့ကို မပြုလုပ်မီ ပဋိပက္ခဒဏ်ခံရသောဒေသများတွင် ၎င်း၏ မဟာဗျူဟာမြောက် ချဥ်းကပ်နည်းကို အကဲဖြတ် လေ့လာမှုများ ပြုလုပ်ရန် ရင်းနှီးမြှုပ်နှံခဲ့သည်။[49]

ညံ့ဖျင်းသော အလေ့အထများ။ ထောက်ထားစာနာမှုမရှိသော ဥပမာများစွာကို မှတ်တမ်းတင်ထားရှိသည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူများများ အထူးသဖြင့် စခန်းများအတွင်း ကျဥ်းကြပ်စွာနေထိုင်ရပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်မရှိသောသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပါအဝင် အခြား ချဥ်းကပ်လုပ်ဆောင်များ၏ တိုက်ရိုက်နှင့်ဖွဲ့စည်းပုံဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများစွာရှိခဲ့သည်။ ဒေသတွင်း ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးရန် ပျက်ကွက်ခဲ့ခြင်း သို့မဟုတ် EAO ထိန်းချုပ် နယ်မြေနှင့် အတိုက်အခံဖြစ်ပွားနေသည့် ကျယ်ပြန့်သော နယ်မြေတခွင်တွင် ရှိနေသည့် ရှုပ်ထွေးသော အုပ်ချုပ်ရေးအစီအမံများကို သေချာစွာ ထည့်သွင်းစဥ်းစားခြင်း မပြုခဲ့သည့် မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းရှိ အစိုးရစီမံကိန်းအတွက် ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုကဲ့သို့သော စီမံကိန်းများကလည်း စိုးရိမ်မှုများကို မြင့် တက်စေခဲ့သည်။ ( ကောက်နုတ်ချက် ၇ တွင်ကြည့်ပါ) ဤမှားယွင်းမှုးများ၏ အကြောင်းရင်းတစ်ခုမှာ နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့များ၏ NCA နှင့်ပတ်သက်ပြီး အထူးသဖြင့် ဖွံဖြိုးရေး ချဥ်းကပ်နည်းများသည် NCA သဘောတူညီချက်ကို ထိခိုက်စေနိုင်မှု အလားအလာကို မြင့်တက်စေသည့် ကြားဖြတ် စီမံဆောင်ရွက်မှု များနှင့်ပတ်သက်သော အပေါ်ယံနားလည်မှုများကြောင့်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် အစိုးရအပေါ် မယုံကြည်မှု၊ ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခများနှင့် နိုင်ငံတဝှမ်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ နိုင်ငံသားဖြစ် ခွင့်နှင့် ပတ်သက်ပြီး တင်မာမှုများရှိနေဆဲဖြစ်ပြီး သန်းခေါင်စာရင်းတွင် ယခင်စစ်ခေါင်းဆောင်များ ချမှတ်ခဲ့ သည့် ဘာသာရေးနှင့်လူမျိုးရေး တဖက်သတ် သတ်မှတ်ချက်စနစ်ကို အသုံးပြုခဲ့သည်။ သန်းခေါင်းစာရင်း အတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီကို ကုလသမဂ္ဂ အေဂျင်စီတစ်ခုမှ ပံ့ပိုးပေးခဲ့ပြီး အစပိုင်းတွင် ပဋိပက္ခ ဆင်ခြင်ရှောင်ရှားနိုင်မှုနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံမှုတို့ကို သေချာစွာ အာရုံမစိုက်ခဲ့ပါ။ ၎င်း၏ အကဲဖြတ်ဌာန အရ-

သတိပေးချက်များစွာ ရှိခဲ့သော်လည်း UNFPA (ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့) သည် တိုင်းပြည် နိုင်ငံရေး အခင်းအကျင်းအတွင်း လူမျိုးရေးဆိုင်ရာ မေးခွန်းများ၏ အကဲဆတ်မှုကို လျှော့တွက်ခဲ့သည်။ ယေဘုယျအမြင်မှာ UNFPA အနေဖြင့် ဒေသတွင်း အခြေအနေ နှင့် သန်းခေါင်စာရင်း၏ နည်းပညာ ပိုင်းဆိုင်ရာ လှုမှုနိုင်ငံရေးအပေါ် သက်ရောက်မှုများကို နားလည်ရန် ပိုမိုအားထုတ် ကြိုးပမ်းမှုများ ပြု လုပ်ခဲ့သင့်သည်။[50]

NCA လုပ်ငန်းစဥ်တွင် တန်းတူညီမျှသော ဆက်ဆံမှု။ NCA လုပ်ငန်းစဥ်တွင် အလှုရှင် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှုကိုယ်၌က တခါတရံတွင် အခြေအနေမသိမှုများဖြစ်ခဲ့သည်။ အချို့ EAO ခေါင်းဆောင်များက နိုင်ငံခြား ကူညီထောက်ပံ့မှုသည် ရှိပြီးသား နိုင်ငံရေးအာဏာ (ပါဝါ) မညီမျှမှုကို ပိုမိုကြီးမားစေခဲ့သည်ဟု ယုံကြည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရသို့ ထောက်ပံ့မှုများ ပိုမိုပံ့ပိုးပေးခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်း (အစိုးရ) ဖြစ်စေလိုသည့်အတိုင်း ဖြစ်စေရန် အားဖြည့်ပေးခဲ့သည်ဟု ယူဆခြင်းဖြစ် သည်။[51] တိုင်းရင်းသားဒေသများ၏ နိုင်ငံရေးပါဝင်မှုကို ဖယ်ထုတ်ခြင်းနှင့် ဖွံ့ဖြိုးမှု အကျိုးရလဒ်များထံမှ ၎င်းတို့ကို ဘေးဖယ်ထားသည့် သမိုင်းသည် မြန်မာနိုင်ငံ ပဋိပက္ခ၏ အဓိက အကြောင်းရင်းခံများဖြစ်သည်။ နိုင်ငံခြားအဖွဲ့အစည်းများသည် အစိုးရတစ်ရပ်၏ အချုပ်အခြာအာဏာကို အကြွင်းမဲ့ လေးစားရန်နှင့် အမျိုးသား အဆင့်တွင် ဗဟိုအစိုးရ၏ အဓိကကျမှုကို အသိအမှတ်ပြုရန် လိုအပ်သော် လည်း မမျှတသော ဆက်ဆံရေး သမိုင်းကြောင်းနှင့် ဤတာဝန်ဝတ္တရားများကို မျှခြေရှိအောင် မထိန်းနိုင်ခဲ့ခြင်းက EAO များနှင့် ကင်းကွာသွား စေခဲ့ပြီး ရေရှည်တည်တံ့သော သဘောတူညီချက်ရရှိရန် အခွင့်အလမ်းများကို လျော့ကျစေခဲ့သည်။

တွေ့ရှိချက် ၈။ ပိုင်းကန့်ခွဲခြား စဥ်းစားနည်းကို ရှောင်ကြဥ်ခြင်း

ထောက်ပံ့ကူညီမှု အစီအစဉ်များသည် တစ်ဖွဲ့ချင်း သီးသန့် သီးခြားစီမံကိန်းများကို ဆောင်ရွက်ကြပြီး အများအားဖြင့် ၎င်းတို့၏ အစီရင်ခံခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီရန်အတွက် အလျား လိုက် (ရေပြင်ညီ) ချိတ်ဆက်ဆောင်ရွက်ခြင်း မရှိပေ။ အလှုရှင်များနှင့် ကုလသမဂ္ဂတို့သည် ၎င်းတို့၏ ဖွံ့ဖြိုးရေး ၊ လူသားချင်း ဆိုင်ရာစာနာထောက်ထားမှုနှင့် ပဋိပက္ခ တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားများကို သီးခြားစီဆောင် ရွက်ကြသည့် ပဋိပက္ခပတ်ဝန်းကျင်များတွင် ဤပြဿနာသည် ပိုမိုပြင်းထန်သည်။ ဤနယ်ပယ်သုံးခုကို ချိတ်ဆက်ဆောင်ရွက်ပြီး စဉ်းစားသော (“သုံးထပ်ကွမ်းချိတ်ဆက်မှု (triple nexus)”ပုံစံ) မှာ လက်တွေ့တွင် အောင်မြင်အောင်ဆောင်ရွက်ရန် ခက်ခဲသည်။

ဤစိန်ခေါ်မှုများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ရန်ပုံငွေပံ့ပိုးရေး ယန္တယားများဖြစ်သည့် နိုင်ငံခြား ထောက်ပံ့ ကူညီမှုသည် တည်ငြိမ်သော အခြေအနေ ဥပမာ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်ချုပ်ဆိုပြီးသည့် အချိန် တွင် အလုပ်ပိုဖြစ်သည့် ရလဒ် ဦးစားပေးနည်းလမ်းများနှင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်သည်။ ရန်ပုံငွေကို သုံးစွဲ မည့် သေချာစွာသတ်မှတ်ထားသော ပုံသဏ္ဉာန်တစ်ခုရှိသောအခါ စီမံကိန်းများနှင့် ၎င်းတို့၏ စီမံခန့်ခွဲရေး အထောက်အကူပြုများကို ရေးဆွဲနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် ပြောင်းလွယ်ပြင်လွယ်မှုမရှိခြင်း သို့မဟုတ် ဦးတည်ချက်နှင့် လိုအပ်ချက်ပြောင်းလဲမှုများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းမရှိခြင်းကြောင့် ရှုပ်ထွေးပြီး မှန်းဆမရသော နိုင်ငံရေးဖြစ်စဥ်များအတွက် မသင့်တော်ပါ။ (ကောက်နုတ်ချက် ၈ “projectization” နှင့် “timescapes” တွင်ကြည့်ပါ။ )

တရားသေဆန်သော စီမံကိန်းယန္တရားများနှင့် နှစ်စဥ်ဘတ်ဂျက်စက်ဝန်းများ၏ အကန့်အသတ်များနှင့် အကျိုး ဆက်များသည် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည်။ ဥပမာ NCA လုပ်ငန်းစဥ်အတွက် အဓိက ပံ့ပိုးရာ လမ်း ကြောင်းဖြစ်လာခဲ့သည့် Joint Peace Fund သည် ၎င်း၏ လုပ်ငန်းအစီအစဥ်များ၊ ညှိနှိုင်းဆွေးနွေးမှုများနှင့် ဒိုင် ယာလော့များအတွက် မှန်းခြေများကို ၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သည့် ဦးသိန်းစိန်အစိုးရနှင့် အတွေ့အကြုံများအပေါ် အခြေခံခဲ့ကြောင်း အလှုရှင်များကပြောခဲ့သည်။ တူညီသောအရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်မှုကို အကောင်အထည်ဖော်နိုင်ခြင်းမရှိပဲ မျှော်မှန်းထားသည်နှင့် အမှန်တကယ်ဖြစ်လာ သည့် တိုးတက်မှုနှုန်းကြားတွင် ကိုက်ညီမှုမရှိသောကြောင့် အသုံးမပြုပဲ ကျန်နေသည့် ဘတ်ဂျက်များရှိလာခဲ့ သည်။[54] အပြုသဘောဆောင်သော အတွေ့အကြုံများလည်း ပေါ်ထွက်လာခဲ့သည်။ ဥပမာ ယခင်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အရေးပါသော ငြိမ်းချမ်းရေးအင်စတီကျူးရှင်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနအတွက် ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့များသည် မရှိမဖြစ်လိုအပ်သည့် ပံ့ပိုးမှုများကို ဆောလျင်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။ အခြားအလှုရှင်များကလည်း အလွန်အရေးကြီးသည့်အခိုက်အတန့်များတွင် လိုက်လျောညီထွေ ပြောင်းလွယ်ပြင်လွယ်သော ရန်ပုံငွေများကို အသုံးပြုနိုင်ခဲ့သည်။

အလှုရှင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ပံ့ပိုးရန် ပူးပေါင်းရန်ပုံငွေယန္တရားများကို ထူထောင်ခဲ့သည်။ အထင်ရှားဆုံးမှာ ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ အဖွဲ့ (JPF) ဖြစ်သည်။ သဘောတရားများအရ ပူးတွဲချဥ်းကပ်မှု သည် ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစေမည်ဖြစ်ပြီး၊ အကျိုးထိရောက်မှုအမြင့်ဆုံး၊ အသိပညာနှင့်ကျွမ်းကျင်မှု များကို စုစည်းစေပြီး အေဂျင်စီတစ်ခုမှ ထိခိုက်မှုမရှိပဲ ထိခိုက်နိုင်ခြေရှိသည်များကို ခန့်မှန်းသိရှိနိုင်မည်ဖြစ် သည်။ JPF သည် အထင်ကြီးဖွယ် သီးခြားအလှုရှင် ၁၁ ဖွဲ့ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ချိန်တွင် အလှုရှင် အများစုမှာ ပူးပေါင်းရန်ပုံငွေ ပြင်ပတစ်ဖွဲ့ချင်းအလိုက်လည်း ပံ့ပိုးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ဤသည်က ပူးပေါင်းချဥ်းကပ်မှု၏ တန်ဖိုးကို လျှော့ချနိုင်ချေရှိပြီး ၊ လက်တွေ့တွင် လျှော့ချခြင်းထက် ရှုပ်ထွေးပြီး ထပ်နေ သော အလှုရှင် ရန်ပုံငွေ ယန္တရားများနှင့် စီမံကိန်းများကို ထပ်ပေါင်းထည့်ခြင်းဖြစ်လာစေသည်။[55] ထိခိုက်နိုင်ခြေ ခံနိုင်ရည်စွမ်းကို မြှင့်တင်ရမည့်အစား အလှုရှင်အများအပြားပါသော ယန္တယားများတွင် ပံ့ပိုးသူများက ထိခိုက်နိုင်ခြေအနည်းဆုံးသာ ဖြစ်လိုသောကြောင့် အကန့်အသတ်များစွာရှိတတ်သည်။[56] ထို့အပြင် ထိခိုက်နိုင် ခြေ အကဲဖြတ်မှုများပြုလုပ်သည့်အခါ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်ကိုသာ အဓိကဦးတည်ပြုလုပ်ခဲ့ပြီး၊ ကြားဝင်ညှိနှိုင်းမဆောင်ရွက်ခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်နိုင်ခြေနှင့် ဆုံးရှုံးသွားတဲ့ အခွင့်အရေးတစ်ခုရဲ့ တန်ဖိုးကို ထည့်သွင်းစဥ်းစားခြင်းမရှိပါ။ အဆိုပါကိစ္စနှင့်စပ်လျဥ်း၍ EAO ခေါင်းဆောင်များက နိုင်ငံတကာ ထောက်ပံ့ကူညီမှုသည် ၎င်းတို့ကို NCA လုပ်ငန်းစဥ်တွင် ရန်ပုံငွေများပံ့ပိုးခြင်းဖြင့် ပိုမိုအဓိပ္ပာယ်ရှိစွာ ပါဝင်နိုင် စေခဲ့ပြီး ဤသို့မဟုတ်ပါက ၎င်းတို့အဖွဲ့များအနေဖြင့် (ရန်ပုံငွေ) ရရှိရန် အခြားနည်းလမ်းများကို အသုံးပြုရနိုင် သည်ဟု မှတ်ချက်ပြုခဲ့သည်။

သြဇာအာဏာရှိသူများ (high-level) ကြားဝင်စေ့စပ်ခြင်း လုပ်ငန်းစဥ်များနှင့် နီးစပ်သော စောင့်ကြည့်လေ့လာ သူများက ညံ့ဖျင်းသော ညှိနှိုင်းဆောင်ရွက်မှုကို ဝေဖန်ခဲ့ကြသည်။ ဖြေဆိုသူတစ်ဦးမှ “ဒီကြိုးပမ်းအားထုတ်မှု အားလုံး၊ အထူးသဖြင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေမှာ လုံလောက်စွာ အတူတကွ ပူးပေါင်းဆောင် ရွက်ခြင်းမရှိ၊ တရုတ်သံတမန်နှင့် ချိတ်ဆက်ခြင်းမရှိ” ဟု ပြောခဲ့သည်။[57]

ပိုင်းကန့်ခွဲခြား စဥ်းစားနည်းသည် ငြိမ်းချမ်းရေးပံ့ပိုးမှုအား အခြားနည်းလမ်းများဖြင့်လည်း အဟန့် အတားဖြစ် စေခဲ့သည်။ တွေ့ဆုံမေးမြန်းမှုများအတွင်း ဖော်ပြခဲ့သည့် အားကောင်းသည့် ဥပမာတစ်ခုမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နှင့် ပတ်သက်၍ အများပြည်သူ သိရှိမှု အထူးသဖြင့် ဗမာအများစုကြားတွင် သိရှိအောင် ရင်းနှီးမြှုပ်နှံ မှု မလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲများကို ထောက်ခံမှုတည်ဆောက်ရန် သတင်းအချက်အလက် စည်းရုံး လှုံဆော်မှု(ကမ်ပိန်း)များ ပြုလုပ်ခြင်းသည် အခြားအလားတူအခြေအနေများတွင်လည်း နိုင်ငံခြားထောက်ပံ့ ကူညီမှုတွင် ပြုလုပ်လေ့ရှိသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤကဲ့သို့သော နည်းလမ်းများသည် နိုင်ငံအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အားကောင်းခိုင်မာသော နိုင်ငံရေးအုတ်မြစ် ဖြစ်ပေါ်လာစေနိုင်သည်။ သို့ရာတွင် ဤနယ်ပယ်နှင့်ပတ်သက်သော ငြိမ်းချမ်းရေး ပံ့ပိုးမှုမှာ အနည်းဆုံးဖြစ်ခဲ့သည်။[58]

ပိုင်းကန့်ခွဲခြားဖယ်ထုတ်ထားသည့် ထောက်ပံ့ကူညီမှု ချဥ်းကပ်မှုများကို အခြားနေရာများတွင်လည်း တွေ့ခဲ့ရ သည်။ အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများသည် စစ်ဘေးရှောင်/နေရပ်စွန့်ခွာ လူမှုအသိုင်းအဝိုင်းများ အတွက် ထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိသောကြောင့် ကချင်ပြည်နယ်ကို လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဇုန်အဖြစ် သတ်မှတ်လိုခဲ့ကြသည်။ ငြိမ်းချမ်းရေးအစပျိုးမှုများနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ရှုပ်ထွေးသောအခြေအနေတစ်ခုကို ဘက်စုံဆန်းစစ်လေ့လာမှုတစ်ခု သည် အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ရှည်ကြာနေသော အကြပ် အတည်းများအတွင်း ငြိမ်းရေးဆောင်ရွက်မှုများ စသည်တို့ကို ပေါင်းစည်းခြင်းဖြင့် “triple nexus” “သုံးထပ်ကွမ်းချိတ်ဆက်မှု” ပုံစံကို ဆောင်ရွက်စေနိုင်ခဲ့သည်။[59]

တစ်ဖွဲ့ချင်း သီးသန့်အလုပ်လုပ်ခြင်းနှင့် တွေးခေါ်ခြင်းအတွက် အထင်ရှားဆုံးဥပမာတစ်ခုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပြင်းထန်သည့်အကြပ်အတည်းနှင့် ယင်း၏ NCA လုပ်ငန်းစဥ်မှ ခွဲထွက်ခြင်းတို့ပေါ် တုံ့ပြန်ဆောင် ရွက်မှုများဖြစ်သည်။ ရခိုင်ပြည်နယ်သည် တင်းမာမှုအများအပြားကို ခံစားခဲ့ရသည်။ ပထမတစ်ခုမှာ မြန်မာနိုင်ငံ၏ အခြားနေရာများကဲ့သို့ပင် ဗဟိုအစိုးရနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးပြီး အတိုက်အခံဖြစ်သည်။ ဒုတိယတစ်ခုမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ နှင့် အခြား မူစလင် လူနည်းစုများပေါ် ဆက်ဆံမှုနှင့်ပတ်သက်ပြီး ပြင်းထန်သော မယုံကြည်မှုနှင့် သဘောထားကွဲလွဲမှုများက အကြမ်းဖက်မှုနှင့် အဓမ္မတို့၏ ဆက်စပ်သော်လည်း သီးခြားဖြစ်သည့် အရင်းမြစ်များဖြစ်သည်။ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာလူမျိုးများ ခံစားရ သော အခြေအနေများသည် မြန်မာနိုင်ငံ၏အခြားဒေသများနှင့် သီးခြားမသက်ဆိုင်ကြောင်း ယူဆရန် လိုလား ပြီး အနောက် နိုင်ငံအလှုရှင်များအား ဤဒေသတွင် သေချာထိန်းချုပ်ထားသော လူသားချင်းစာနာထောက်ထား မှု အကူအညီများမှလွဲ၍ အခြားလုပ်ငန်းများဆောင်ရွက်ခြင်းကို ပြင်းထန်စွာ ဟန့်တားခဲ့သည်။[60] ရခိုင်ပြည်နယ် ကို ထင်ထင်ရှားရှားသီးခြားရပ်တည်နေသောကိစ္စရပ်အဖြစ်သတ်မှတ်ပြီး ပြင်းထန်သော ဒေသအလိုက် တင်းမာ မှုများကို ကျော်သွားခြင်းဖြင့် အလှုရှင်များသည် ရှုပ်ထွေးသော အခင်းအကျင်းတွင် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပြီး အစိုးရနှင့်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်က နယ်မြေများရရှိလာခြင်း နှင့် ဘင်္ဂလားဒေ့ရှ် သို့ ရိုဟင်ဂျာများ အပြင်းအထန် နေရပ်စွန့်ခွာထွက်ပြေးလာရခြင်းကြောင့် စစ်တပ်ဦးဆောင်သော လူမျိုးတုံး သတ်ဖြတ်မှုဟု နိုင်ငံတကာမှ စွပ်စွဲမှုများရှိလာခြင်းတို့ကြောင့် ပိုင်းကန့်ခွဲခြား ဆောင်ရွက်ခြင်း၏ ပြဿနာများ မှာ ပိုမိုထင်ရှားလာခဲ့သည်။ ရခိုင်ပြည်နယ်ရှိ အလှုရှင်များ၏ ငြိမ်းချမ်းရေးတည်ဆောက်ရေး အစီအစဉ်များကို NCA လုပ်ငန်းစဥ်၏ မူဘောင်ပြင်ပတွင် ဆောင် ရွက်ခဲ့ပြီး အများအားဖြင့် ကျယ်ပြန့်သော နိုင်ငံရေးအရှိတရား နှင့် ချိတ်ဆက်မှု အကန့်အသတ်ရှိသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် လူမှု သဟဇာတဖြစ်မှု လုပ်ငန်းအစီအစဥ်များကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်။[61]