နောက်ခံအခြေအနေသုံးသပ်ချက် အနှစ်ချုပ်
မြန်မာနိုင်ငံ ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ စာအုပ်စာတမ်း အများအပြားရှိနှင့်ပြီး ဖြစ်သောကြောင့် နောက်ခံအခြေအနေ အချက်အလက်အနှစ်ချုပ်ကိုသာ ဖော်ပြထားပါသည်။ ဤသည်မှာ စိတ်ပါဝင်စားသော စာဖတ်သူများအတွက် ဖြေဆိုသူများနှင့် အခြားပါဝင်ပတ်သက်သူများထံမှ သိရသော အကြောင်းအရာများကို နားလည်ရန် လုံလောက်ပါသည်။ ထပ်လောင်း အသေးစိတ်အချက်အလက်များကို သိရှိလိုသူများအတွက် အခြားရင်းမြစ်များကိုလည်း ရည်ညွှန်းဖော်ပြထားပါသည်။[1]
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေးအတိုက်အခံများ၊ ပြည်မ-အစွန်အဖျား တင်းမာမှုနှင့် ပြည်တွင်း ပဋိပက္ခများက ပတ်လည်ဝိုင်းနေပြီး တိုင်းပြည်ကို မည်ကဲ့သို အုပ်ချုပ်သင့်သည်ကို သဘောတူညီမှုရရှိရန်မှာ ခက်ခဲသည်။ နိုင်ငံအဆင့် တင်းမာမှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ထပ်ခါ တလဲလဲဖြစ်သော နိုင်ငံရေးအကြပ်အတည်းများ၊ မဖွံ့ဖြိုးမတိုးတက်ခြင်းနှင့် လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် နိုင်ငံ၏နေရာအများ အပြားတွင် ဖြစ်ပွားခဲ့သော ခုခံတော်လှန်မှုများအကြား နိုင်ငံအခြေအနေမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ၂၀၂၂ ပထမနှစ်ဝက်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုဖြစ်စဥ်များသည် ကမ္ဘာပေါ်ရှိ အခြားသော နိုင်ငံများထက် မြန်မာနိုင်ငံတွင် ပိုမိုများပြားလာခဲ့သည်။[2] တိုင်းနှင့်ပြည်နယ်အဆင့်တွင် တိုင်းရင်းသား လူမျိုးစုများနှင့် ဗဟိုအာဏာပိုင်များ အထူးသဖြင့် စစ်တပ်အကြား ကာလရှည်ကြာ ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ဤအစီရင်ခံစာသည် ၂၀၂၁အာဏာသိမ်းမှုမတိုင်မီ ဆယ်စုနှစ်များအတွင်း ဤပဋိပက္ခများကို အဓိကအာရုံစိုက်၍ အထူးသဖြင့် ၎င်းတို့အား ဆွေးနွေးမှုများမှတဆင့် ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပံ့ပိုးကူညီမှုကို အလေးထားလေ့လာပါသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ် အဆင့်များတွင် တင်းမာမှုများ သည် ဆုံချက်ရှိသည်ကို တိုင်းရင်းသာခေါင်းဆောင်များ၏ ၂၀၂၁ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှု များတွင် မြင်သာနိုင်ပြီး တိုင်းနှင့်ပြည်နယ်အဆင့်ရှိ ပဋိပက္ခများသည်လည်း ၎င်းတို့ကိုယ်ပိုင် ကွဲပြားခြားနား သော ပြောင်းလဲစေနိုင်သည့် အရှိန်အဟုန်များ (dynamics) ရှိသည်။ မြန်မာ့နယ်စပ်ဒေသအများစုမှာ နိုင်ငံလူဦးရေ သုံးပုံတစ်ပုံခန့်ရှိသော တိုင်းရင်းသားလူမျိုး သို့မဟုတ် ဘာသာရေးနှင့် ဘာသာစကား လူနည်းစု လူမှုအသိုင်းအဝိုင်းများ နေထိုင်ရာနေရာဖြစ်ပြီး အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများတွင် ဗမာလူမျိုးစုများ နေထိုင်ကြသည်။[3] နိုင်ငံရေး၊လူမှုရေးနှင့် စီးပွားရေးတို့တွင် လူနည်းစုများအား ဖယ်ထုတ်ထားခြင်း နှင့် ဗမာကြီး စိုးသော အာဏာရှင်အစိုးရအဆက်အဆက်၏ တရားဝင်မှုမရှိခြင်းတို့က အချိန်ကြာလာသောအခါ ဤဒေသများ တွင် တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများဖြစ်လာစေသည်။
အာဏာပိုင်များသည် တိုင်းရင်းသားအစုအဖွဲ့များနှင့် ၎င်းတို့၏ခေါင်းဆောင်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြဌာန်းစီမံပိုင်ခွင့် မျှော်မှန်းချက်အမျိုးမျိုးကို စုစည်းထင်ဟပ်သော ပြည်ထောင်စုတစ်ခု တည်ထောင်ရန် ပျက် ကွက်ခဲ့သည်။ ယင်းအစား ဗဟိုချုပ်ကိုင်သော အာဏာရှင်နည်းလမ်းကိုသာ ကိုင်စွဲဆောင်ရွက်ခဲ့သည်။ စာချုပ်ပါ အချက်များအတိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ၁၉၄၇ ပင်လုံစာချုပ်သည် အနာဂတ်မြန်မာ့ ဖက်ဒရယ်စနစ်အတွက် အခြေခံဖြစ်ပြီး အချို့ EAO များက ယင်းကို ၎င်းတို့ဆက်လက်တိုက်ပွဲဝင်နေရသော တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် သမိုင်းဝင်အကိုးအကားအဖြစ် ရှုမြင်ကြသည်။ NCA ၏ ပထမအပိုဒ်တွင် ပင်လုံစာချုပ်ကို ဖော်ပြထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ၏ အခြေခံ သဘောတရားဖြစ်သည်။[4] စစ်အစိုးရ အဆက်ဆက်က ခေတ်မမီတော့သော အလွန်တင်းကြပ်သော ဝိသေသ လက္ခဏာသတ်မှတ်မှု အမျိုးအစားများကို နိုင်ငံတော်အဖွဲ့အစည်း၏ အဓိကအစိတ်အပိုင်းအဖြစ် အသုံးပြုမှုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးရေးဆိုင်ရာမျှော်မှန်းချက်၏ အခြခံအချက်နှင့် အတိုက်အခံဖြစ်စေသည်။ ဤသည်က ဗုဒ္ဓဘာသာ၊ ဗမာလူမျိုး အမျိုးသားများ၏ ကာလရှည်စိုးမိုးမှုကို ဆက်လက်တည်မြဲစေခဲ့သည်။[5]
စစ်တပ်သည် အင်အားသုံးခြင်း၊ နယ်မြေစုစည်းခြင်း၊ ဗမာပြည်နယ် လုပ်ပိုင်ခွင့်အာဏာတိုးချဲ့ခြင်းနှင့် အခြား နည်းလမ်းများဖြင့် ၎င်း၏ ထိန်းချုပ်မှုကို ဆက်လက်ပြန့်ပွားရန် ကြိုးစားခဲ့သည်။ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် စစ်ပြုခြင်းအဆုံးသတ်ရန်ကို စေ့စပ်ညှိနှိုင်းမှုများနှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲမှုတို့ဖြင့် ကြိုးပမ်းအားထုတ်မှုများရှိခဲ့သည်။ ဥပမာ ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၃–၆၄ တွင် “တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ”ကို ကျင်းပခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ထိုအချိန်က အင်အားကြီးမားသော လက်နက်ကိုင်အဖွဲ့) နှင့် ညှိနှိုင်းဆွေးနွေးမှုများ မှတဆင့် အပစ်အခတ် ရပ်စဲရေးများပြုလုပ်ခဲ့သည်။ ဤကြိုးပမ်းမှုများမှာ ရေရှည်မတည်တံ့ပဲ ရလဒ်အဖြစ် ၂၀၁၆ အရောက်တွင် မြန်မာစစ်တပ်၏ ဆက်စပ်ဩဇာခံ အရံတပ်ဖွဲ့များဖြစ်သည့် နယ်ခြား စောင့်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ များအပါအဝင် နိုင်ငံတဝှမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ရှိလာပြီး အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့သည်။[6]
အာရှဖောင်ဒေးရှင်း၏ ၂၀၁၆ ခုနှစ် သုတေသန အရ မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ခု အနက် အနည်းဆုံး ၁၁ ခုတွင် ပေါ်ပေါ်ထင်ထင် နှင့် ငုပ်လျှိုးနေသော ဒေသအဆင့်ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည် (ပုံ ၁)။ မြန်မာနိုင်ငံ၏ မြို့ နယ်စုစုပေါင်း ၃၃၀ အနက် ၁၁၈ မြို့နယ်နှင့် မြန်မာနိုင်ငံ လူဦးရေ လေးပုံတစ်ပုံကို ကိုယ်စား ပြုနေသော အဆိုပါ အတိုက်အခံဖြစ်ပွားနေ သည့် နယ်မြေတစ်ခုစီတွင် ဗဟိုအစိုးရ၏ အခွင့် အာဏာကို စိန်ခေါ်သော အဖွဲ့တစ်ဖွဲ့ သို့မဟုတ် တစ်ဖွဲ့ထက်ပိုသော EAO များ အခြေစိုက်နေ သည်။ လက်နက်ကိုင် အကြမ်းဖက်မှုနှင့် ဤ လက်နက်ကိုင်အဖွဲ့များ (တိုင်းရင်းသား လူမှု အသိုင်းအဝိုင်းများနှင့် ဆက်စပ်နေလေ့ရှိ) တည်ရှိနေခြင်းမှာ ဝေးလံခေါင်သီသော နယ်စပ် ဒေသများ၌သာ စိုးရိမ်ဖွယ်ရာ မဟုတ်ပဲ အချို့ သော ပဋိပက္ခဒဏ်ခံရသော ဒေသများမှာ မြို့တော် နေပြည်တော် သို့မဟုတ် အကြီးဆုံး မြို့ရန်ကုန်နှင့် ၁၀၀ ကီလိုမီတာမျှသာ ဝေး သည်။ သက်တမ်းရှည်ကြာသော EAO အများ အပြားတွင် နိုင်ငံရေးနှင့် စစ်ရေး ဌာနများရှိကြ ပြီး တိုက်ခိုက်မှုစွမ်းရည်မှာမူ (တစ်ဖွဲ့နှင့်တစ်ဖွဲ့) ကြီးစွာကွဲပြားကြသည်။ ပိုမိုကြီးမားသောအဖွဲ့များသည် နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး အဓိကစီးပွားရေးပိုင်ဆိုင်မှုများရှိသည်။ EAO များတွင် အင်အား အကြီးဆုံးအဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကို စုစည်းဆောင် ရွက်နိုင်သည်။[7]

၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀နှစ်များ နှောင်းပိုင်းကာလတွင် EAO အများအပြားနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်များချုပ်ဆိုခဲ့ခြင်းက သမ္မတဦးသိန်းစိန်လက်ထက် NCA တိုးတက်ဖြစ်ပေါ်လာမှုအတွက် အခြေခံအုတ်မြစ်ဖြစ်လာစေသည်။[8] ဤပဋိပက္ခစီမံခန့်ခွဲရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ အငြင်းပွား ဖွယ် ၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်၏ နိုင်ငံရေးဩဇာ၊ သက်တမ်းနှင့် အမှီခိုကင်းစွာရပ်တည်နိုင်မှုတို့ကို ပိုမိုအမြစ်တွယ် အားကောင်းစေပြီး ဒီမိုကရေစီအစိတ်အပိုင်းအချို့ကို စတင်မိတ်ဆက်ခဲ့သည်။ တစ်ချိန်တည်း တွင်ပင် စစ်ပန်းမှုနှင့် အပြောင်းအလဲဖြစ်နိုင်ချေရှိမှုတို့က စစ်တပ်နှင့် EAO ခေါင်းဆောင်အချို့တို့ကို ပိုမိုခိုင်မာ ရေရှည်ခံသော ဖြေရှင်းမှုရရှိအောင် လုပ်ဆောင်ကြရန် တွန်းအားဖြစ်စေခဲ့သည်။ ဦးသိန်းစိန်၏ ကတိသစ္စာပြု မိန့်ခွန်းသည် ဆယ်စုနှစ်များစွာကြာ ပြည်သူလူထု ခံစားခဲ့ရသည့် “မရေတွက်နိုင်အောင် များပြားသော ဒုက္ခ သုက္ခ ငရဲခန်းများ” အတွက် နောင်တနှင့် ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့သည့် ပထမဆုံးသော စစ်ခေါင်းဆောင် အဖြစ် လူအများအပြားက ယူဆခဲ့ကြသည်။[9] အရပ်ဘက်အဖွဲ့အစည်းများနှင့် EAO ခေါင်းဆောင်များနှင့် ချိတ်ဆက်မှုဖြစ်စေခဲ့ပြီး မိန့်ခွန်းသည် ကြီးမားသောအပြောင်းအလဲတစ်ခုဖြစ်လာတော့မည့်အကြောင်းအချက် ပြခဲ့သည်။
၂၀၁၀ မှစ၍ နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့သည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အထွေ ထွေရွေးကောက်ပွဲကျင်းပခဲ့မှု၊ အရပ်သားတစ်ပိုင်းအစိုးရ (အငြိမ်းစားတပ်အရာရှိများဖြင့် ဖွဲ့စည်းထားသော စစ် တပ်ဘက်ပင်း ပါတီမှဦးစီးသည်) ပေါ်ထွက်လာမှု၊ ဆယ်စုနှစ် နှစ်စုကျော်ကြာ နေအိမ်အကျယ်ချုပ်ကျခံနေရ သော ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု၊ Global North အဖွဲ့ဝင် နိုင်ငံအများ အပြားက စီးပွားရေးပိတ်ဆို့အရေးယူမှုဖြည်းဖြည်းချင်းဖြေလျော့ပေးမှုနှင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ကြီးထွားလာမှု စသည့် ပြုပြင်ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့သည်။ နိုင်ငံ၏ အချို့နေရာများတွင် လူမှုဘဝ အခြေ အနေများ လျင်မြန်စွာတိုးတက်ကောင်းမွန်လာခဲ့သည်။ ဤအပြောင်းအလဲများနှင့် ၂၀၁၅ခုနှစ်တွင် NCA လက်မှတ်ရေးထိုးမှုတို့က နိုင်ငံတကာ သံတမန်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့/ပုဂ္ဂိုလ်များအပေါ် သိသိသာသာ လှုပ်ခတ်မှုများဖြစ်စေခဲ့သည်။
NCA ရေးဆွဲရေးလုပ်ငန်းစဥ်အတွင်း EAO ခေါင်းဆောင်များသည် ပြန်လည်သုံးသပ်ခြင်းနှင့် လုပ်ငန်း အစည်း အဝေးများစွာကို ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပြုလုပ်ခဲ့ကြပြီး ယင်းအစည်းအဝေးများမှ သဘောတူစာချုပ်၏ အဓိက အစိတ်အပိုင်းများ ဖော်ထုတ်ခဲ့သည်။[10] EAO တစ်ခုချင်းစီနှင့် ချုပ်ဆိုခဲ့သော နှစ်ဖက်သဘောတူစာချုပ် များကို ပြန်လည်ဆန်းစစ်ခဲ့ပြီး ဘုံတူညီသည့်အရာများကို စုစည်း၍ မပါဝင်သည်တို့ကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။ ဥပမာ ရှိပြီးသား ညှိနှိုင်းထားသည့် အပစ်အခတ်ရပ်စဲရေးများတွင် အကောင်အထည်ဖော်ဆောင်ရေး ယန္တရား နှင့် ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် မပါဝင်ခဲ့ပါ။ ရလဒ်အားဖြင့် NCA တွင် ယင်း နှစ်ခုလုံး ရည်ညွှန်းပါဝင်ခဲ့သည်။ လုပ်ငန်းစဥ်အတွင်း အဓိက ပါဝင်ပတ်သက်သူတစ်ဦးမှ ပြန်လည်ပြောပြသည်မှာ-
ကျင့်ဝတ်များနှင့် အခြေခံမူများကို အစက ရေးဆွဲခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲမှုအပြင် EAO များက NCA ကို အခြေခံဥပဒေမူဘောင်ဆိုင်ရာ ဖြစ်စဥ်အစ ဖြစ်စေလိုခဲ့သောကြောင့် စနစ်ပြောင်းလဲမှုနဲ့ ပတ် သက်တဲ့ အစိတ်အပိုင်းတစ်ခုပါရမှာပါ။ အဲ့ဒီကနေတဆင့် အငြင်းပွားဖွယ်အဖြစ်ဆုံး အစိုးရ ဖွဲ့စည်း ပုံများအပါအဝင် ကဏ္ဍသုံးခု ပါဝင်တဲ့ အပစ်အခတ်ရပ်စဲ ရေးထက်ပိုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များနဲ့ နောက်ဆုံးတွင် အကောင်အထည်ဖော် ဆောင်ရွက် ရန် အသွင်ကူးပြောင်းရေးစီမံမှုများ ဖြစ်ပေါ်လာပါတယ်။
ဤလုပ်ငန်းစဥ်မှ မူကြမ်း ၃ စုံ ပေါ်ထွက်လာသည်။ EAOများ၏မူကြမ်းနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာ (MPC) နှင့် စစ်တပ်မှ ပြန်လည်ရေးဆွဲသည်များဖြစ်ပြီး ယင်းတို့ကို တစုတစည်း တည်း ပေါင်းစည်းခဲ့သည်။ ရရှိလာသည့် သဘောတူညီချက်စာတမ်းသည် ပြောင်းလဲမှုဖြစ်စဥ်၏ ကျောရိုးမကြီး ဖြစ်လာပြီး အနာဂတ်တွင်ဖြစ်လာနိုင်သည့် သဘောမတူညီမှုများ၊ ပဋိပက္ခများရှိပါက ဖော်ထုတ်ဖြေရှင်းပေး မည် ဖြစ်သည်။[11]
မျှော်မှန်းထားသည့် အစိတ်အပိုင်းအများအပြား အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း NCA သည် ထူးခြား သော အောင်မြင်မှုတစ်ခုဖြစ်သည်။ NCA လုပ်ငန်းစဥ်သည် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို အများပြည်သူများနှင် အစိုးရ၏ သဘောထားအမြင်သို့ လေးလေးနက်နက် ရွေ့လျားရန် အရေးကြီးသော လုပ်ငန်းဆောင်တာကိုလည်း ဆောင်ရွက်ခဲ့သည်။ NCA လုပ်ငန်းစဥ်မတိုင်မီ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင်မူ သီးခြားဖြစ်သော သေးငယ်သည့် အစုအဖွဲ့များမှ သူများသာ ပါဝင်ခဲ့သော ကြောင့် သဘောတူညီချက်များကို အလွယ်တကူ ချမှတ်ရန် စီမံနိုင်ခဲ့သော်လည်း နယ်ပယ်အတိုင်းအတာအား ဖြင့် ပိုမိုကျဥ်းမြောင်းသည်။
ဤကာလအတွင်း အခြားချီးကျူးဖွယ် တိုးတက်မှုတစ်ခုမှာ ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံအစိုးရတို့၏ ပံ့ပိုးမှုဖြင့် ထူထောင်ခဲ့သော MPC ဖြစ်သည်။ MPC သည် ဆယ်စုနှစ်များအတွင်း ပထမဆုံး စေ့စပ်ညှိနှိုင်းရေးကြိုးပမ်း ဆောင်ရွက်မှုဖြစ်သည့် ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် သတ်မှတ်အခြေအနေတခုတွင် တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးပြီး ငြိမ်းချမ်းရေးအစပျိုးအစီအစဥ် အားလုံးကို စီစဥ်ညှိနှိုင်းဆောင်ရွက်ပေးသည့် အစိုးရတစ်ပိုင်းအဖွဲ့အစည်းဖြစ်သည်။[12] အကြီးတန်းဝန်ထမ်း အများစုမှာ အနောက်နိုင်ငံများတွင် ပညာသင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ပြန်လာကြသော ပြည်ပရောက် ဗမာများဖြစ်ကြသည်။ အမျိုးမျိုးသော ပြဿနာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များ ကို အဖွဲ့၏ ထိန်းချုပ်ပံ့ပိုးမှုဖြင့် သုတေသနပြုလုပ်ခဲ့သည်။ အဖွဲ့သည် ဆက်သွယ်ချိတ်ဆက်ရေးနှင့် ပြဿနာ ဖြေရှင်းရေးတို့ကို အဓိက ဆောင်ရွက်ရခဲ့ရပြီး နောက်ပိုင်းတွင် NCA လုပ်ငန်းစဥ်များ ရှေ့ဆက်တိုး ဆောင်ရွက်နိုင်စေရန် ကွန်ရက်များ ရှာဖွေပုံ၊ ပါဝါနှင့်ဩဇာလွှမ်းမိုးမှုတို့ကို အသုံးချပုံတိုကို သင်ယူသိရှိလာခဲ့ကြ သည်။ သာဓကအားဖြင့် စစ်တပ် သို့မဟုတ် အရပ်သားတစ်ပိုင်း အစိုးရဘက်၌ ပိတ်ဆို့တားမြစ်မှုများ ရှိလာခဲ့ ပါက နာမည်ကြီး ဘုန်းကြီးတစ်ပါးထံမှ ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးထံသို့ မေတ္တာရပ်ခံ ဖုန်းခေါ်ဆိုမှု တစ်ခုဖြင့် ယခင်က မလိုက်လျောလိုသော အရာများကို ပြေလည်သွားစေနိုင်ခဲ့သည်။[13]
MPC သည် ပြဿနာကိစ္စရပ်များကို ဆွေးနွေးရန်လိုအပ်သောအခါ မတူညီသော အဖွဲ့များကို ချဥ်းကပ်ခြင်း (သို့မဟုတ်) EAO များမှ နောက် တဆင့်တက်ရန် အဆင်သင့်ဖြစ်သောအခါများတွင် လက်တွေ့ ကျကျဆောင်ရွက်ခြင်းတို့ကိုပြုလုပ်နိုင်ခဲ့သည်။ ယုံကြည်မှုတည် ဆောက်ခြင်းမှာ လုပ်ငန်းစဥ်၏ အဓိက အခြေခံဖြစ်ကြောင်း သိရှိ သော ကြောင့် ဤကာလအတွင်း အစပျိုးလုပ်ဆောင်မှုအချို့ကို ဆောင် ရွက်ခဲ့သည်။
- အစုအဖွဲ့များအကြား ဆက်ဆံရေးများကို ပုံမှန်ဖြစ်အောင်ပြုလုပ်ခြင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ အတား အဆီးများကို ဖယ်ရှားရာတွင် အလေးထားရင်းနှီးမြှုပ်နှံမှု။ အလွတ်သဘော စားသောက် တွေ့ဆုံခြင်းများမှတဆင့် အချင်းချင်း သိရှိနားလည်စေခြင်း။
- အဆင်သင့်ဖြစ်မှုနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှု။ အစည်းအဝေးများ သို့မဟုတ် တွေ့ဆုံဆွေးနွေးမှုများကို EAO များက တောင်းဆိုလာပါက ထိုတွေ့ဆုံမှုများအတွက် ချင်းမိုင် သို့မဟုတ် အခြားနေရာဒေသများ သို့ ချက်ချင်းခရီးသွားရန် လိုအပ်ပါကလည်း အမြဲတစေဆောင်ရွက်ပေးခဲ့သည်။
- MPC သည် လုံခြုံစိတ်ချရသော ရပ်ဝန်းတစ်ခုဖြစ်သည်။ EAO ခေါင်းဆောင်များ ရန်ကုန်တွင် ရောက်ရှိ နေသည့်အခါ “MPC ကို မိမိတို့အိမ်အဖြစ် သတ်မှတ်ပါ” ဟူ၍ ပြောခဲ့ကြသည်။ ဤသည်နှင့်ဆက်စပ်၍ EAO ခေါင်းဆောင်များ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုလည်း ကူညီပေးသော အခြားကြိုးပမ်း မှုများလည်းရှိသည်။ ဥပမာ မိသားစုက ဆေးကုသမှု သို့မဟုတ် အခြားသော ပံ့ပိုးမှုလိုအပ်ပါက ယင်း အတွက် ကူညီဆောင်ရွက်ပေးပြီး ကုန်ကျစရိတ်များကို ကျခံပေးခဲ့သည်။
တိုင်းရင်းသားခေါင်းဆောင်တစ်ဦးထံမှ သိရသော ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ အသေးစိတ်အချက်မှာ ဦးသိန်းစိန် အစိုးရ၏ ရိုးစင်းသော ချဥ်းကပ်နည်းဖြစ်သည်။ စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် ဦးအောင်မင်းက အစုအဖွဲ့များ၏ အဆိုပြုချက်များအပေါ် အဆင့်လေးဆင့်ထားပြီး တုန့်ပြန်လေ့ရှိကြောင်းသိရသည်။ “ဒီကိစ္စ အတွက် ကျွန်တော် တာဝန်ယူပါ့မယ်၊ ဆက်ပြီးဆောင်ရွက်ပါ။” “ကျွန်တော် တပ်မှုးတွေနဲ့ ပြန်ပြောဖို့လိုတယ်။” “ကျွန်တော် သမ္မတကြီးဆီ ပြန်တင်ပြရမယ်။” နှင့် နောက်ဆုံးတွင် “ကျွန်တော်ဒီကိစ္စ၊ ဒီစည်းကိုတော့ မကျော်ရဲဘူး” ဟူ၍ ဖြစ်သည်။ EAO များအနေဖြင့် ဦးအောင်မင်းထံ ထပ်မံလာရောက်နိုင်သော်လည်း ရှေ့ဆက်ဆောင်ရွက်ရန် သူ လက်ခံလာရန်အတွက်မူ အထောက်အထားများဖြင့် ထပ်မံဆွေးနွေးရန်လိုအပ်သည်။[14] စစ်တပ်ဘက်ပင်း အစိုးရမှ မတူကွဲပြားစွာ တွေးခေါ်ဆောင်ရွက်နိုင်ရန်အတွက် သီးခြားနေရာတစ်ခု ဖန်တီးထားခြင်းကို ထိုအချိန် က ပွင့်လင်းမှုအသစ်တစ်ခုဖြစ်သည့် ညွှန်းကိန်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။[15]
တစ်ချိန်တည်းတွင်ပင် ဤကာလအပိုင်းအခြားတွင် တင်းမာမှု အသစ်များနှင့် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်ခဲ့ သည်။ NCA ဆွေးနွေးမှုများတွင် မပါသော နေရာဒေသများသည် အလားအလာကောင်းသည့် တိုးတက်မှုတွင် နောက်ကျန်ခဲ့နိုင်သည်။ အချို့အဖွဲ့များသည် ၎င်းတို့၏ကိုယ်ပိုင် သဘောထားအယူအဆများနှင့်ဆန့်ကျင်ကာ လက်မှတ်ရေးထိုးရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်၌ ၁၇ နှစ် ကြာ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်သွားပြီး ရှမ်းပြည်မြောက်ပိုင်းရှိ EAO များသည် တရုတ်နယ်စပ်တလျှောက်ရှိ အကျိုးအမြတ်များသော နယ်မြေများကို ချုပ်ထိန်းခွင့်ရရန် အချင်းချင်း တိုက်ခိုက်နေခဲ့သည်။ ရခိုင်ပြည်နယ် တွင် လူများစု တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းသည် ဗမာအထက်တန်းစားများ၏ နိုင်ငံရေးအရ ဖိနှိပ်မှုက ပြင်းထန်သောဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့သည်။ မူဆလင်ရိုဟင်ဂျာအသိုင်းအဝိုင်းသည် ကာလရှည်ကြာ ဖိနှိပ်မှု များကို တွေ့ကြုံခံစားခဲ့ပြီး ၂၀၁၂ မှစ၍ ကြမ်းကြုပ်ရက်စက်မှုအများအပြားနှင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း မှုများဖြစ်ပွားခဲ့သည်။ ဤသည်က ၂၀၁၇–၁၈ တွင် ဘက်ပေါင်းစုံအကြပ်အတည်းသို့ ရောက်ရှိစေခဲ့ပြီး ရိုဟင်ဂျာ လူမျိုး ၇၅၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းသို့ အတင်းအဓမ္မပြောင်းရွှေ့ခံခဲ့ရပြီး လူမျိုးတုံးသတ်ဖြတ် မှုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[16] ၂၀၁၆ အစပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ များက ဤဖြစ်ရပ်များသည် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်းမဟုတ် ဟူ၍ စတင်ရှုမြင်လာကြသည်။ ၂၀၁၆, ၂၀၁၇, ၂၀၁၈ နှင့် ၂၀၂၀ တို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများ (UPCs) အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် နိုင်ငံရေးနှင့် ဘဏ္ဍာရေး အထောက်အပံ့များကို ဆက်လက်ဆွဲဆောင်နိုင်ခဲ့ သည်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းမှု မတိုင်မီကပင် သိသာမြင်သာသော ငြိမ်းချမ်းရေးဆီသို့ တိုးတက်မှု ရပ်တန့်သွားခဲ့ကြောင်း ရှင်းလင်းစွာသိမြင်နိုင်ခဲ့သည်။
NCA လုပ်ငန်းစဥ်တွင် အချို့အဖွဲ့များကို ပါဝင်ရန်ဖိတ်ကြားခြင်း၊ ကျန်အဖွဲ့များကို ချန်လှပ်ထားခြင်း၊ အဖွဲ့များ ကြား ကွဲလွဲမှုများကို ဖန်တီးခြင်းစသည့် EAOများအပေါ် စစ်တပ်၏ တသမတ်တည်းမဖြစ်သော ဆက်ဆံမှုက နောက်ထပ်စိန်ခေါ်မှုများပေါ်ပေါက်လာစေခဲ့သည်။[17] EAO ဘက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ထိုးထားခြင်း သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်း စသည့် အခြေအနေအမျိုးမျိုးက ထပ်မံ ရှုပ်ထွေးစေသည်။ အချို့ EAO များသည် စစ်တပ်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီး သို့မဟုတ် ၎င်းတို့ နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေဆဲ ဖြစ်သည်။ အမျိုးမျိုးသော တိုင်းရင်းသား ညီလာခံများတွင် ပါဝင်ခဲ့ကြသူများနှင့် UPC များတွင် လေ့လာစောင့်ကြည့်သူများ သို့မဟုတ် ပါဝင်ကြသူများ ဟူ၍ အုပ်စုများကြား ကွဲပြားမှုများလည်းရှိခဲ့သည်။ ထို့အပြင် လက်နက်ကိုင်အချို့မှာ EAO များအဖြစ် သတ်မှတ် ရန် မကိုက်ညီသော ပြည်သူ့စစ်များနှင့် အခြားအဖွဲ့များဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်လှုပ်ရှားမှုများမှာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်တွင် အကျုံးမဝင်ပါ။ ဤခွဲခြားဆက်ဆံမှုသည် NCA လုပ်ငန်းစဥ်နှင့် စစ်တပ်အပေါ် တစ်ဖွဲ့ချင်းစီက မည်သည့် အတိုင်းအတာအထိ ယုံကြည်လိုသည့် ဆန္ဒရှိမှုတို့အပေါ် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများရှိခဲ့သည်။ဤ ပြောင်းလဲမှုများမှတဆင့် EAO များကို ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်မှုအရ များပြားသော အမျိုးအစားများ ခွဲခြားနိုင်သည်။ (ပုံ ၂)
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ |
လက်မှတ်မရေးထိုးထားသည့် EAO များ |
---|---|
|
Groups invited to sign by the military/government |
စစ်တပ်/အစိုးရ မှ လက်မှတ်ရေးထိုးရန် မဖိတ်ကြားခဲ့သော အဖွဲ့များ |
|
|
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ |
---|
|
လက်မှတ်မရေးထိုးထားသည့် EAO များ |
---|
Groups invited to sign by the military/government |
စစ်တပ်/အစိုးရ မှ လက်မှတ်ရေးထိုးရန် မဖိတ်ကြားခဲ့သော အဖွဲ့များ |
|
မှတ်စုများ
- (a) KIA၊ KNPP နှင့် SSPP တို့သည်NCA လက်မှတ်ရေးထိုးခြင်းသည် ၎င်းတို့မျှော်မှန်းအခြေအနေများ ဖြစ်လာမည်မဟုတ်ဟု ယူဆခဲ့ကြသည်။
- (b) UWSA နှင့်NDAA တို့သည် NCAလက်မှတ်ရေးထိုးရန် စိတ်ဝင်စားမှု နည်းပါးသည်။
- (c) NSCN-K သည် မဆုံးဖြတ်ရသေးပဲ အိန္ဒိယ၏ အခန်းကဏ္ဍသည် ရှုပ်ထွေးသော အကြောင်းအရာတစ်ခုဖြစ်သည်။
- (d) LDU ကို မူလက NCA လက်မှတ်ရေးထိုးရန် မဖိတ်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ခွင့်ပြုခဲ့သည်။
- (e) ANC ကို လက်မှတ်ရေးထိုးရန် မဖိတ်ကြားခဲ့ပေ သို့သော် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဥ်တွင် ပါဝင်ခွင့်ပြုမည်ဟု သိရသည်။[19]
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အရေးကြီးသော ရှုထောင့်/ကဏ္ဍများ
ဤအပိုင်းတွင် မကြာသေးမီက ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ၏ နောက်ခံအခင်းအကျင်း ရှုပ်ထွေးမှု များကို ရေးသားထားပြီး ၎င်းတို့၏ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများနှင့်ပတ်သက်၍ ပိုမိုနားလည်သဘော ပေါက်စေမည်ဖြစ်သည်။ ပြည်တွင်းအဖွဲ့/ပုဂ္ဂိုလ်များ၏ ရပ်တည်ချက်နေရာများနှင့် လုပ်ဆောင်မှုများကို ဖော်ပြ ထားသည်။ နိုင်ငံခြားအစိုးရများနှင့် ထောက်ပံ့ကူညီမှုအလှုရှင်များ၏ လုပ်ဆောင်မှုများကို ဤသုတေသန လေ့လာမှု၏ ဒုတိယစာတမ်း မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်ခြင်းအတွက် နိုင်ငံခြားကူညီထောက်ပံ့မှုမှ သင်ခန်းစာများတွင် ဆွေးနွေးတင်ပြပါမည်။ ဤအပိုင်းတွင် စူးစမ်းလေ့လာထားသည့် ရှုပ်ထွေးမှုမျိုးကို တခါတရံ “ပတ်လည်ရိုက် ပြဿနာများ”ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။ ဆက်နွှယ်နေသော အချက်များစွာ နှင့် ဆန့်ကျင်ဖက်ဖြစ်သော အချက်များကြောင့် ဖြေရှင်းရန် ခက်ခဲပြီး ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ခက်ခဲသော၊ များသောအားဖြင့် ပြောင်းလဲနေသည့် လိုအပ်မှုများ ရှိနေသော ပြဿနာရပ်မျိုး ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး အခင်းအကျင်းသည် ပတ်လည် ရိုက်ပြဿနာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အံဝင်ခွင်ကျဖြစ်သည်။ ဤရှုမြင်မှုသည် အဖြေများနှင့်ပတ်သက်၍ အမြင်စဥ်းစားသုံးသပ်မှုအသစ်များပေးနိုင်မည်ဖြစ်ပြီး ကောက်နုတ်ချက် ၁ တွင် ထပ်မံ စူးစမ်းလေ့လာထား သည်။
စိန်ခေါ်မှု ၁။ စစ်အာဏာရှင်စနစ်၏ နိုင်ငံရေးအမွေ
၂၀၁၀ ခုနှစ်အစောပိုင်းကာလများ၌ မြန်မာစစ်တပ်မှ ဦးစီးဆောင်ရွက်ခဲ့သော အုပ်ချုပ်မှုစနစ်အတွင်းပြုလုပ်ခဲ့ သော ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ဗဟိုချုပ်ကိုင်မှုအလွန်မြင့်ပြီး လူထုကို တာဝန်ခံမှုမရှိခဲ့ပါ။ ဤသည်က ငြိမ်းချမ်းရေးတည်ဆောက်မှုပုံစံအတွင်း ကိုယ်စားပြုမှုနှင့် ပါဝင်နိုင်သည့်ဖြစ်စဥ်များ အစပြုအကောင်ထည် ဖော်ရန် ခက်ခဲစေခဲ့ပြီး အမှန်တကယ် အသွင်ကူးပြောင်းမှု ရလဒ်များထွက်ပေါ်လာစေရန် လုပ်ဆောင်နိုင်စွမ်း ကို အားနည်းစေခဲ့သည်။
၂၀ ရာစု၏ ဒုတိယပိုင်းကာလတွင် ဆယ်စုနှစ်များစွာသော စစ်အာဏာရှင်စနစ်က လူ့အဖွဲ့အစည်းအတွင်း ခွဲခြားမှုများကို ပိုမိုပြင်းထန်စေခဲ့ပြီး ဘာသာရေး၊ လူမျိုးရေး၊ ကျား-မရေးရာ (ဂျန်ဒါ) နှင့် လူတန်းစားအလွှာ အလိုက် ပါဝါအဆင့် မတူညီမှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ အစိုးရသည် ပွင့်လင်းသော ဆွေးနွေးမှုများကို တားမြစ်ကန့်သတ်ခဲ့ပြီး အစုအဖွဲ့အများအပြားက ၎င်းတို့သက်ဆိုင်ရာလူထုနှင့် နယ်မြေအသီးသီးကို မတူညီသောနည်းလမ်းများဖြင့် ဦးဆောင်စီမံမှုများကို ဖြစ်စေသည့် အကွဲကွဲအပြားပြား နိုင်ငံရေးစနစ်တစ်ခုကို ပေါ်ပေါက်စေခဲ့သည်။ ဗမာတိုင်းရင်းသားများ အများအပြားနေထိုင်ကြသော မြို့ပြဒေသများမှ NLD ထောက်ခံ သူများမှသည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရည်မှန်းချက်အမျိုးမျိုးရှိကြသော EAO အကြီးနှင့်အသေး အဖွဲ့များ အခြေစိုက်ရာ နယ်စပ်ဒေသများနှင့် မြန်မာစစ်တပ်အထိ ကွဲပြားနေခဲ့သည်။ နိုင်ငံသားများ အခွင့်အရေးကို လေးစားမှုမရှိခြင်း၊ စီးပွားရေးအကျိုးအမြတ်၊ ယဥ်ကျေးမှုဝိသေသလက္ခဏာနှင့် လူအများစုဖြစ်သော အခွင့်ထူးခံ တိုင်းရင်းသားများ၏ တရားဝင်ဖြစ်မှုအလိုက် ဦးစားပေးသော မညီမျှသည့် စနစ်တို့ကြောင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနေဖြင့် နှစ်ဆ ထိခိုက်နစ်နာနေကြရသည်။ မတူကွဲပြားမှုနှင့် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများနှင့် အနေအထားအဆင့်အတန်းတို့ကို စီမံခန့်ခွဲမှုအပါအဝင် အစိုးရ မူဘောင်တစ်ခုလုံးသည် စိန်ခေါ်မှုများရှိနေပါသည်။ ဤအခြေခံ ပြဿနာရပ်များကို မဖြေရှင်းပါက ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ဆက်လက်ခက်ခဲနေမည်ဖြစ်သည်။
လူများစု-လူနည်းစု အာဏာခွဲဝေခြင်းကိစ္စရပ်သည် နိုင်ငံတဝှမ်းရှိ နယ်မြေအားလုံး ကျေနပ်နိုင်မည့် နိုင်ငံရေးပုံစံ ဖြစ်ပေါ်လာမှုအတွက် အလွန်ခက်ခဲလက်ဝင်သော သမိုင်းဝင် ပြဿနာတစ်ရပ်ဖြစ်သည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် နယ်မြေစိုးမိုးထားသည့် လူမျိုးစုနှင့် ဆက်စပ်သတ်မှတ်လေ့ရှိသည်။ ဤချဥ်းကပ်ယူဆမှုနည်းလမ်းသည် တိုင်းရင်းသားအမျိုးအစားကဏ္ဍများကို တဖက်သတ် သတ်မှတ်သောအချိန် (နိုင်ငံတွင်း လူမျိုးစု ၁၃၅ ခုရှိသည်ဟု တရားဝင်သတ်မှတ်မှုတွင် မြင်သာ နိုင်သည်) နှင့် အာဏာပိုင်များထံသို့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ထပ်မံတောင်းဆိုမှုများ ရှိလာသောအခါ အတား အဆီးများနှင့် ကြုံတွေ့ရသည်။[23] ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆွေးနွေးမှုအချို့တွင် ဒေသခံအဖွဲ့များကို ဇုန်များ သတ်မှတ်၍ အုပ်ချုပ်စီမံခွင့်ပေးရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးမှုများရှိခဲ့သော်လည်း မတူကွဲ ပြားမှုနှင့် ပြန့်ကျဲနေသော တိုင်းရင်းသားလူမျိုးစုများ နိုင်ငံတဝှမ်း ပိုမိုတိုးပွားလာမှုက ရေရှည်ဖြေရှင်းမှုများ သည် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်တွင်သာ အဓိကအလေးထားဆောင်ရွက်ရန်ထက် တိုင်းရင်းသား လူမျိုးအခွင့်အရေးများကို အာမခံနိုင်ရန်လိုအပ်သည်။
NCA အခင်းအကျင်းတွင် ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမှု အကြောင်း ဆွေးနွေးမှု များအတွင်း အာဏာခွဲဝေခြင်းသည် အကြိမ်များစွာ ဆွေးနွေးသည့် ကိစ္စရပ်ဖြစ်သည်။ သို့ရာတွင် မတူညီသော အာဏာခွဲဝေရေးပုံစံများကို သေချာစဥ်းစားအဖြေရှာခြင်းနှင့် အားလုံးပါဝင်သော အမျိုးသားရေးလက္ခဏာ တစ်ခု တည်ဆောက်ခြင်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အရေးကြီးသောကဏ္ဍ မဟုတ်ခဲ့ပါ။ ထို့အပြင် ဗဟိုအစိုးရ အာဏာ၏ အခြေခံတရားဝင်မှုအပေါ် တိုင်းရင်းသားလူမှုအသိုင်းအဝိုင်း အများအပြားက ငြင်းဆန် ခြင်းဖြင့် အာဏာအရင်းအမြစ်များနှင့်ပတ်သက်သည့် ယူဆလက်ခံမှုများမှာ အတိုက်အခံဖြစ်နေပါသည်။ EAO ခေါင်းဆောင်များသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသန္တရအဆင့် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးကို ဖက်ဒရယ် ဆိုင်ရာ အစီအမံများဖြစ်စေရန် တွန်းအားပေးခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အရပ်သားခေါင်းဆောင်အများ အပြားနှင့်အတူ စစ်တပ်သည် ပြည်တွင်း အာဏာခွဲဝေခြင်း သတ်မှတ်ချက်ပုံစံများအတွက် အကန့်အသတ်ရှိ သော နယ်ပယ်အတွင်းမှ ဗဟိုချုပ်ကိုင်မှု တစ်စိတ်တစ်ပိုင်းလျှော့ချသော လုပ်ငန်းတာဝန်အခန်းကဏ္ဍများ ပါဝင်သည့် ဗဟိုကစီမံခန့်ခွဲသည့် စနစ်တစ်ခု စတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုနှင့် ဒေသအဆင့် နှစ်ခုလုံး၌ အာဏာခွဲဝေခြင်းနှင့် စီမံအုပ်ချုပ်မှုတို့တွင် အစုအဖွဲ့အားလုံး ပါဝင်နိုင်ပြီး ကိုယ်စားပြုမှု ရှိနိုင်သည့် သင့်တော်သည့် ဒီမိုကရေစီပုံစံတစ်ခုကို ရှာဖွေခြင်းသည် အနာဂတ် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၏ အရေးကြီးသော အုတ်မြစ်အခြေခံဖြစ်ရမည်ဖြစ်သည်။
စိန်ခေါ်မှု ၂။ တာဝန်ခံမှုအားနည်းခြင်း နှင့် အပေါ်ယံ ဒီမိုကရေစီ
ကိုလိုနီခေတ်လွန် စစ်အစိုးရအဆက်ဆက်သည် မြန်မာနိုင်ငံကို ပွင့်လင်းမြင်သာသော၊ ဒီမိုကရေစီ နည်းကျနှင့် ဗဟုနိုင်ငံရေးယဥ်ကျေးမှု မထွန်းကားအောင် ဆောင်ရွက်ခဲ့သည်။ EAO များနှင့် အရပ်သားခေါင်း ဆောင်များ သည် စိန်ခေါ်မှုများနှင့် အတားအဆီးများပေါ်ပေါက်လာသောအခါ ထိရောက်သောဖြေရှင်းမှုများ ဖော်ဆောင် ရန် အတွေ့အကြုံနှင့် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါ။
စစ်အစိုးရအဆက်ဆက်၏ နောက်ထပ် လက်ဆင့်ကမ်းကျန်ခဲ့မှုတစ်ခုမှာ အစုအဖွဲ့ပုဂ္ဂိုလ်များကြား ၎င်းတို့ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းပြေလည်နိုင်စေမည့် အားကောင်းခိုင်မာသော ဒီမိုကရေစီ နည်းကျ ဆွေးနွေးမှု ယဥ်ကျေးမှုမရှိခြင်းပင်ဖြစ်သည်။ လူထု၏ အာဏာရှင် အပြုအမူဆိုင်ရာ အတွေ့အကြုံများသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တင်မာမှုကို ပုံဖော်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့် အရပ်သားအစိုးရတို့သည် ပကတိ ရန်သူများအဖြစ် ထင်မြင်နေသောကြောင့် ထိပ်တိုက်ရင်ဆိုင်မှု များနှင့် အပေးအယူလုပ်ရန် စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့်ဖြစ်သည်။[24] အချိန်ကြာမြင့်စွာတည်ရှိပြီး ဖြစ်မှု၊ ပြဿနာများ၏ ခက်ခဲလက်ဝင်သော သဘောသဘာဝနှင့် ရာထူးနေရာအသီးသီးရှိ အဓိကအစုအဖွဲ့ ပုဂ္ဂိုလ်များ ကြား ဝေးကွာမှုတို့ကြောင့် အဓိကပြဿနာရပ်များသည် ဖြေရှင်းပြေလည်ရန် အလွန်ခက်ခဲခဲ့သည်။ မြန်မာ စစ်တပ်သည် နိုင်ငံရေးအတိုက်အခံများနှင့်ဆက်သွယ်ဆောင်ရွက်မှုနှင့် အကျွမ်းတဝင်မရှိခဲ့ပါ။ NLD ခေါင်းဆောင်ပိုင်းသည်လည်း ညွန့်ပေါင်းဖွဲ့စည်းမှုဖြင့် ပူးပေါင်းအုပ်ချုပ်စီမံမှုနှင့် ပတ်သက်၍ အတွေ့အကြုံ နည်းပါးခဲ့သည်။ နှစ်ဖက်စလုံးမှ လူထုထံသို့ အားကောင်းသော တာဝန်ယူတာဝန်ခံမှုကို မပြသနိုင်ခဲ့ပါ။[25]

တရားဝင်ဖွဲ့စည်းပုံများနှင့်စည်းမျဥ်းများအပေါ် ယုံကြည်မှုအကန့်အသတ်ရှိမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာနိုင်ငံရေး အားကောင်းမှုတို့ကြောင့် အတိုက်အခံအစုအဖွဲ့များကြား ယုံကြည်မှုစတင်ထူထောင်ရန်မှာ မြန်မာနိုင်ငံ စေ့စပ် ညှိနှိုင်းရေးများ၏ မရှိမဖြစ်အရေးကြီးသော သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ သမ္မတဦးသိန်းစိန်လက်ထက် စေ့စပ်ညှိနှိုင်းရေးများအတွင်း ယုံကြည်မှုတည်ဆောက်ခြင်းကို အလွန်အလေးထားဆောင်ရွက်ခဲ့သည်။ EAO များနှင့် ဆွေးနွေးပွဲများအတွက် အဓိကပွဲစားအဖြစ် ခန့်အပ်ခဲ့သော ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းသည် လက်နက်ကိုင်အဖွဲ့အခေါင်းဆောင်များနှင့် နီးကပ်သောဆက်ဆံရေး ထူထောင်နိုင်ခဲ့မှုကြောင့် အောင်မြင်သော ဥပမာအဖြစ် ရှုမြင်ကြသည်။ အရင်လူများနှင့်မတူပဲ သူသည် နှိမ့်ချတတ်သော၊ ရိုးရှင်းသော၊ အခြားမတူသော အမြင်များကို ထည့်သွင်းစဥ်းစားပေးလိုသူဟူ၍ သိရှိရသည်။ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ကာလတွင် ဦးအောင်မင်းသည် KNU က အဆိုပြုသည့် အခြေအနေ ၁၂ ရပ်လုံးကို ချက်ချင်းလက်ခံလိုက်ခြင်းဖြင့် KNU ကို အံ့အားသင့်စေခဲ့သည်။[26] NLD မှ အစိုးရခေါင်းဆောင်ပိုင်းတာဝန်ယူသည့်အခါ ဤစေ့စပ်ညှိနှိုင်းမှု ချဥ်းကပ်မှု နည်းလမ်းနှင့် တိုးတက်မှုတို့ကို ပစ်ပယ်လျစ်လျူရှုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် EAO များနှင့် ယုံကြည်မှုတည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ အပေါ်ထားရှိပြသသည့် သဘောထားမှာ တင်စီးပြီး လုံလောက်သော လေးစားမှုမရှိဟု ဖော်ပြသတ်မှတ်ခံခဲ့ကြ သည်။
EAO များသည် ဒီမိုကရေစီဆန်သော ပူးပေါင်းဆောင်ရွက်မှု အပြုအမူများစွာကို ပြသခဲ့သည်။ အချို့သည် ဤ နယ်ပယ်များတွင် ဆွေးနွေး တိုင်ပင်မှုဆိုင်ရာ ယန္တယားများနှင့် ကျွမ်းကျင်မှုအရည်အချင်းများ တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့် KNU သည် ၎င်း၏စီမံအုပ်ချုပ်ရေး ယန္တယားများနှင့် ဆွေးနွေးတိုင်ပင်ရေး လုပ်ငန်းစဥ်များကြောင့် ၎င်းလူထု၏ တရားဝင်မှုရှိသော ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီနည်းကျသည်ဟု ယူဆကြသည်။[27] အခြားအဖွဲ့များ ဥပမာ KIA နှင့် KNPP တို့သည် အရပ်သားလူမှုအသိုင်းအဝိုင်းသို့ တုံ့ပြန် ဆောင်ရွက်မှုကို တရားဝင် စတင်ဆောင်ရွက်လာကြသည်။[28] အခြားအဖွဲ့အများအပြားသည် သက်ဦးဆံပိုင် စနစ်ပိုဆန်ပြီး လက်နက်ကိုင်တပ်များမှ အဓိကချုပ်ကိုင်ထား၍ လူမှုအသိုင်းအဝိုင်းများအနေဖြင့် ဆုံးဖြတ်ချက် ချခြင်းနှင့် စီမံအုပ်ချုပ်မှုတို့တွင် ပါဝင်နိုင်သည့် အခွင့်အလမ်းအလွန်နည်းပါးသည်။[29] ရလဒ်အနေဖြင့် လူထု ကိုယ်စားပြုမှုနှင့် ပတ်သက်သော EAO များ၏ ပြောဆိုမှုများ၏ တရားဝင်မှုတို့မှာ ကွဲပြားပြီး ၎င်းတို့သည် မကြာခဏဆိုသလို ဖိုဝါဒနှင့် အပေါ်မှအောက် ဖွဲ့စည်းပုံများဖြစ်သည်ဟု ဖြေဆိုသူများက မှတ်ချက်ပြုကြသည်။
စိန်ခေါ်မှု ၃။ ပဋိပက္ခ ဖြစ်ပွားစေသောအကြောင်းအရာများကို ဖြေရှင်းခြင်း
လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ တရားဝင်နှင့်တရားမဝင် စီးပွားရေးလုပ်ငန်းများ ထံမှ များပြားသော ပါဝါနှင့် အကျိုးအမြတ်များ ရရှိခဲ့သည်။ဤကဏ္ဍများကို ဖျက်သိမ်းရန် သို့မဟုတ် တရားဝင် လုပ်ငန်းစဥ်အတွင်း ဝင်အောင်လုပ်ရန် လက်ခံနိုင်ဖွယ်ရှိသော နည်းလမ်းများရှာဖွေခြင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မပါဝင်ခဲ့ပါ။
မြန်မာစစ်တပ်သည် တရားဝင်နှင့်တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ “မီးခိုးရောင်” သယံဇာတထုတ်ယူခြင်း၊ ကာစီနိုများနှင့် အခြားလုပ်ငန်း များတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ ပါဝင်ပတ်သက်လာသည်။ EAO များသည်လည်း စီးပွားရေးနယ် ပယ်အများအပြားတွင် ပါဝင်နေကြပြီး တချို့ဖြစ်ရပ်များတွင် စစ်တပ် သို့မဟုတ် စစ်တပ်မိတ်ဘက်များနှင့် ရေရှည် စီးပွားရေးဆိုင်ရာဆက်ဆံပတ်သက်မှုများရှိကြသည်။ EAO ခေါင်းဆောင်များသည် တရားဝင်ပြည်တွင်း စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေကြသည်။ ယင်းစီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အမြတ် ဝေစုရရှိခြင်း သို့မဟုတ် အခွန်နှင့် အကာကွယ်ပေးမှုအတွက် ရရှိသော ငွေကြေးစသည်တို့မှ ရရှိငွေများဖြစ် သည်။ ကျောက်စိမ်းနှင့်ရွှေမှသည် သစ်နှင့်အခြားသယံဇာတများအထိ ကုန်ပစ္စည်းအမျိုးမျိုး အလွတ်သဘော သို့မဟုတ် တရားမဝင် ကူးသန်းရောက်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေသော အတိုက်အခံအဖွဲ့များကြား ရှုပ်ထွေးပြီး အပြန်အလှန်ဖြစ်သော ဆက်ဆံရေးများ ပေါ်ပေါက်လာခဲ့သည်။[30]
၎င်းတို့၏ ဩဇာလွှမ်းမိုးမှုနှင့် ရင်းမြစ်များ ပိုမိုတိုးပွားလာရန်နှင့် ၎င်းတို့၏ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို ဆက်လက်ထိန်းသိမ်းရန် အလွတ်သဘော စီးပွားရေးအကျိုးအမြတ်ရမည့် လုပ်ငန်းများသည် EAO အများအပြားအတွက် အရေးကြီးသည်။ ပြည်တွင်း အာဏာရှိသူများ၏ ထောက်ခံမှုကို ရရှိရန် နှင့် တိုင်းရင်းသား အတိုက်အခံများကြား သွေးခွဲအုပ်ချုပ်ရန် စစ်တပ်သည် စီးပွားရေးအခွင့်အလမ်းများကို မက်လုံးအဖြစ် ကာလ ကြာရှည်စွာ အသုံးပြုခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ စစ်တပ်ဘက်မှ အဓိကပုဂ္ဂိုလ်ဖြစ်သော ဦးအောင်မင်း က သူ၏ ရည်ရွယ်ချက်မှာ “EAO များကို ချမ်းသာအောင်လုပ်ပေးဖို့” ဖြစ်ပြီး သို့မှသာ သူတို့သည် “သူတို့၏ တပ်များကို အလိုလျောက်စွန့်ခွာသွားစေရန်” ဖြစ်သည်ဟု ပြောခဲ့သည်။[31] အထူးသဖြင့် စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားတို့ အပြန်အလှန်ဆက်စပ်ရှုပ်ထွေးနေသော မြန်မာ့ အတိုက်အခံဖြစ်ပွားနေသည့် နယ်မြေ များတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပဋိပက္ခတို့ကြား ဆက်သွယ်မှုတို့သည် ရိုးရှင်းလေ့မရှိပါ။ ဤရှုပ်ထွေးမှုဖြစ်စဥ်ကို အောက် ဖော်ပြပါ ပုံ ၄ တွင် ဖော်ပြထားသည်။[32]

အဆိုပါ ပဋိပက္ခစီးပွားရေးများကို ဖျက်သိမ်းရန် စိန်ခေါ်မှုကို လေ့လာသုံးသပ်သူများနှင့် အလှုရှင်များက သိရှိ နားလည်ခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကဏ္ဍများသည် ဘယ်သောအခါမှ ၎င်းနှင့် ထိထိရောက် ရောက်ရောက် မပါဝင်ခဲ့ကြပေ။ ဤသုတေသနအတွက် နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် တွေ့ဆုံမေးမြန်းမှုအရ-
တည်ငြိမ်တဲ့နိုင်ငံတော်တစ်ခု နောက်ပိုင်းတွင် ဖြစ်လာဖို့အတွက် အချို့အစုအဖွဲ့တွေက နိုင်ငံရေး အာဏာနဲ့ အကျိုးစီးပွားတွေကို လက်လွှတ်ပေးရမယ်ဆိုတာ ထင်ရှားပါတယ်။ ဆိုလိုတာကတော့ မူးယစ်ဆေး၊ သယံဇာတထုတ်ယူတဲ့လုပ်ငန်းများ၊ ကာစီနိုများနှင့် ဗဟိုတရားဝင်စီးပွားရေးတို့ကို မည်သို့ ပေါင်းစည်းနိုင်မလဲဆိုတာကို အဖြေရှာဖို့ လိုအပ်ပါတယ်။[33]
တရားမဝင်လုပ်ငန်းများတွင် ပါဝင်နေသော လက်နက်ကိုင်များအတွက် အစားထိုးဝင်ငွေဖန်တီးပေးမှု အပါ အဝင် တရားမဝင်နှင့် အလွတ်သဘော စီးပွားရေးလုပ်ငန်းများကို တရားဝင် စီးပွားရေးသို့ အသွင်ကူးပြောင်းမှု နှင့်ပတ်သက်ပြီး စဥ်းစားချက်များ အလွန်နည်းခဲ့သည်။ လက်နက်ဖျက်သိမ်းခြင်း သို့မဟုတ် အဖွဲ့များနှင့် ပြည်သူ့စစ်များကို ဖက်ဒရယ် သို့မဟုတ် နိုင်ငံတော်တပ်မတော်အဖြစ် ပေါင်းစည်းခြင်းများကို မည်သို့ ပံ့ပိုးရမည် ဟူသည့် ရှုပ်ထွေးသော စိန်ခေါ်မှုများအတွက်လည်း ချဥ်းကပ်ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။ ယခင်စစ်ရေးဗျူဟာ များတွင် အထောက်အကူဖြစ်စေသော အခြေအနေများကို ပြောင်းလဲခြင်းထက် ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်ရန် အဓိကအလေးထားခဲ့သည်။
စိန်ခေါ်မှု ၄။ အစုအဖွဲ့အားလုံး ပါဝင်စုစည်းခြင်း
အနှစ်ချုပ်။ NCA လုပ်ငန်းစဥ်၏ ရလဒ်သည် လက်နက်ကိုင်အဖွဲ့အားလုံးအတွက် ထိုအချိန်က စိတ်ဝင်စားဖွယ် မက်လုံးများနှင့် အကျိုးစီးပွားများကို ထင်ဟပ်ခြင်းမရှိသည့် သဘောတူညီချက်တစ်ခု ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ပဋိပက္ခ ချုပ်ငြိမ်းစေသည့် ယန္တယားတစ်ခု မဖြစ်ခဲ့ပါ။
နိုင်ငံတွင်း ပဋိပက္ခများသည် ကွဲပြားပြီးရှုပ်ထွေးနေသော်လည်း တိုးတက်မှုအတွက် မျှော်လင့်ချက်များသည် “သေနတ်ကြီးကြီးရှိတဲ့သူတွေသဘောတူလိုက်ပါ လာကြလျှင် အခြားသူများပါ လိုက်ပါလာကြလိမ့်မည်” ဟူသည့် တွေးမြင်မှုအပေါ် အခြေခံခဲ့ကြသည်။[34] သို့သော်လည်း UWSA၊ NDAA၊ MNDAA၊ TNLA၊ SSPP နှင့် KIA အပါအဝင် အဓိကအဖွဲ့အများအပြားက NCA တွင် လက်မှတ်မရေးထိုးခဲ့ကြပါ။ NCA မူဘောင်အတွင်း တစ်ဖွဲ့ တည်းသော ရခိုင် ပြည်နယ်ကိုယ်စားပြုမှာ ဆီလျော်မှု အကန့်အသတ်ရှိသော သဘောထားကွဲလွဲမှုများရှိသည့် အဖွဲ့ငယ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီဖြစ်သည်။ လုပ်ငန်းစဥ်တွင် အင်အားကြီး အရေးပါလာသည့် ရက္ခိုင့်တပ်တော် မပါဝင်ခဲ့သလို ရိုဟင်ဂျာ တိုင်းရင်းသားများ၏ အသံလည်းမပါခဲ့ပါ။[35]
အထက်တွင်ဖော်ပြခဲ့သော စစ်တပ်နှင့် EAO များ၏ ဆက်ဆံရေးပုံစံများအရ ပြီးပြည့်စုံသော သဘောတူညီချက် တစ်ခုရရှိရန်မှာ မျှော်မှန်းချက်မျှသာဖြစ်ခဲ့သည်။ UWSA ကဲ့သို့သော အဖွဲ့များသည် ၎င်းတို့လက်ရှိအနေအထား မှ ပြောင်းလဲရန်အတွက် အကျိုးအမြတ်အနည်းငယ်သာရှမည်ဟု ယူဆကြသောကြောင့် NCA လုပ်ငန်းစဥ်တွင် မပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။ အခြားအဖွဲ့များသည် လုပ်ငန်းစဥ်တွင် မပါဝင်မီ – အထူးသဖြင့် အရေးကြီးဆုံး အခြေအနေသတ်မှတ်ချက်ဖြစ်နိုင်သည့် စစ်ရေးလှုပ်ရှားမှုများရပ်တန့်ခြင်းစသည့် အချို့သော အခြေအနေများ ဖြစ်စေလိုခြင်း သို့မဟုတ် အချို့အစိတ်အပိုင်းများပါဝင်စေလို ကြသည်။ အချို့ EAO များသည် အလွတ်သဘောအစည်းအဝေးများတွင် ပါဝင်လေ့ရှိသော်လည်း တရားဝင်အစည်းအဝေးတွင် ချန်လှပ်ထားသည်။ အလုပ်ဖြစ်သော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ဖန်တီးရာတွင် အချို့အဖွဲ့များမှ အခြားအဖွဲ့များသို့ အာဏာလွှဲပြောင်းပေးအပ်ခြင်း နှင့် လုံလောက်သော မက်လုံးများရှိရန် လိုအပ်ခြင်း စသည့် ပါဝါချိန်ခွင်လျှာညှိခြင်းသည် မလွဲမသွေလိုအပ်ချက်တစ်ခုဖြစ်သည်။ [36]
ဖြေဆိုသူများသည် ဒေသတွင်း မတူကွဲပြားနှင့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှုများသည် ရေရှည်တွင် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် သက်ရောက်မှု ရှိလာနိုင်သောကြောင့် ယင်းတို့ကိုလည်း ထည့်သွင်းစဥ်းစာရန်လိုကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။ KIA သည် ကချင်ပြည်နယ်တွင် တစ်ခုတည်းသော အစိုးရမဟုတ်သော အစုအဖွဲ့ဖြစ်သည်ဟူသော ယူဆချက်သည် လီဆူနှင့်ရှမ်းနီကဲ့သို့သော တိုင်းရင်းသား အသိုင်းအဝိုင်းငယ်များ၏ အမြင်များနှင့်ပတ်သက်သော စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။ အလားတူပင် ရှမ်းပြည်နယ်အတွင်းရှိ ရှုပ်ထွေးသောအကြောင်းအရာများနှင့် ဆက်ဆံရေးများနှင့်ပတ်သက်၍လည်း လုံလောက်သော အာရုံစိုက်မှု မရှိခဲ့ပါ။[37] အခြားနေရာဒေသများတွင် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့များက လှုပ်ရှားဆောင်ရွက်နေကြပြီး အနောက်နိုင်ငံအလှုရှင်များသည် ၎င်းတို့၏ ဖွဲ့စည်းပုံများ၊ လုပ်ငန်း ဆောင်ရွက်မှုများနှင့် အင်အားကြီး EAO အဖွဲ့များနှင့် ဆက်ဆံရေးတို့နှင့်ပတ်သက်ပြီး သိမြင်နားလည်မှု အကန့်အသတ်သာရှိသည်။
အခြားအစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံမှုနှင့် နားလည်သိရှိမှု ကင်းမဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးတိုးတက်မှုများ ရရှိရန်အတွက် တရားဝင်ကြိုးပမ်းအားထုတ်မှုများအားကောင်းလာသော်လည်း ထိတွေ့ဆက်ဆံမှု အဝန်းအဝိုင်း မကျယ်ပြန့်လာခဲ့ပါ။ အရပ်ဘက်လူမှုအသိုင်းဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလွတ်သဘော လမ်းကြောင်းများမှတဆင့် အခြားရှုထောင့်အမြင်များကို ပါဝင်ရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း အရာမထင်ခဲ့ ပါ။[38] လူအများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ပံ့ပိုးကူညီရေးသည် သိသိသာသာ အကန့်အသတ်ဖြင့် ရှိခဲ့သည်။ လုပ်ငန်းစဥ်သည် တိုးတက်မှုအဟုန်ကို စုစည်းရန်ပျက်ကွက်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲမှုအတွက် မက်လုံးများ တည်ဆောက်နိုင်ရေးနှင့် သဘောထားတင်းမာသူများကို ဘေးဖယ်ထားနိုင်ရေး စသည့် မျှော်လင့်ချက်များ အကောင်အထည်မပေါ်ခဲ့ပေ။ NCA ပြင်ပရှိ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် အများအပြားနှင့် EAO ခေါင်းဆောင်အများစုတို့သည် စစ်မှန်သောပူးပေါင်းပါဝင်မှုပြုလုပ်ရန် စိတ်ဝင်စားမှုအနည်းငယ်သာ ဆက်လက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အာဏာပိုမိုအားကောင်းခိုင်မာလာစေရန် အခွင့်အလမ်းတစ်ခု အဖြစ်သာ အသုံးချခဲ့ကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အပေါ် ပြန်လည် သုံးသပ်ချက် များ နှင့်တွေ့ရှိချက်များ
ဤအပိုင်းတွင် တရားဝင် ငြိမ်းချမ်းရေး ကြိုးပမ်းရှာဖွေမှုအတွက် အထူးသဖြင့် NCAကို အဓိက လမ်းကြောင်း အဖြစ် အလေးထားအာရုံစိုက်ထားသည်။ သဘောတူညီချက်၏ ထင်ရှားသော အပိုင်းများကို သုံးသပ် ဆင်ခြင်ထားပြီး မျှော်မှန်း ထားသည့် တိုးတက်မှု လမ်းကြောင်းများကို ဆန်းစစ်လေ့လာထား သည်။ ၂၀၁၅ ခုနှစ်တွင် EAO ရှစ် ဖွဲ့သာ ပထမဆုံး NCA လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာစစ်တပ်၊ အရပ်သားအစိုးရနှင့် အလှုရှင် အသီးသီးတို့က သဘောတူညီချက်နှင့်ပတ်သက်၍ မတူညီသော လမ်းကြောင်းအမျိုးမျိုးကို မျှော်မှန်းခဲ့ ကြသည်။ ထင်ရှားသည့် ခန့်မှန်းချက်တစ်ခုမှာ NCA သည် နိုင်ငံရေးဆွေးနွေပွဲမူဘောင်အတွက် အဓိကကျောရိုး ဖြစ်လာ၍ လက်မှတ်မရေးထိုးသေးသော EAO များမှ လုပ်ငန်းစဥ်တွင် ပါဝင်လာကြပြီး နောက်ဆုံးတွင် အဖွဲ့အားလုံးအတွက် တပြေးညီ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ပေါ်ပေါက်လာမည်ဟူ၍ ဖြစ်သည်။ နိုင်ငံခြားအစိုးရ အများအပြားကလည်း စစ်တပ်နှင့် မြန်မာအစိုးရ နှစ်ခုလုံးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဖော်ဆောင်ရန်အတွက် စစ်မှန်သော စိတ်ဝင်စားမှုရှိကြသည်ဟု ထင်မြင်ယူဆခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် NCA လက်မှတ်မရေးထိုးမီကာလကဲ့သို့ပင် အတူတကွ ဆက်လက်အလုပ်လုပ်ကြမည်ဟု ယူဆခဲ့ကြသည်။ NLD ၏ ရွေးကောက်ပွဲ သည် လုပ်ငန်းစဥ်ကို အရှိန်မြှင့်တင်လိမ့်မည်ဟု လူအများအပြားက မျှော်မှန်းခဲ့ကြသည်။ ဤ အပိုင်းသည် NCA က ၎င်း၏ ကတိကဝတ်များကို မဖော်ဆောင်နိုင်မှုကို စူးစမ်းထားသည့် သုတေသန၏ ရှုထောင့် ကဏ္ဍများကို ရေးသားထားပါသည်။
ပြန်လည်သုံးသပ်ချက် ၁။ NLD အစိုးရ အကူးအပြောင်း
၂၀၁၅ NLD ရွေးကောက်ပွဲအောင်ပွဲသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အခရာကျသော အခိုက် အတန့်ဖြစ်ခဲ့ပြီး NCA အလုပ်ဖြစ်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည့် အင်စတီကျုးရှင်းများနှင့် ခေါင်းဆောင် များအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိခဲ့သည်။ တိုးတက်မှုအခြေအနေ မည်သို့ပင်ရှိစေကာမူ ဖြစ် ပေါ်နေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကြား ညံ့ဖျင်းသော ပေါင်းစည်း ဆောင်ရွက်မှုကြောင့် အခွင့်အလမ်းများ လက်လွှတ်ခဲ့ရပြီး တိုးတက်မှုအရှိန် ပျောက်ဆုံးသွားခဲ့သည်။ အစိုးရ အသစ် အကူးအပြောင်းကို ငြိမ်းချမ်းရေးဖြစ်စဥ်တွင် လုံလောက်စွာ ထည့်သွင်းစဥ်းစားခဲ့ခြင်းမရှိပဲ ၎င်း၏ လုပ်ငန်းဆောင်တာများအပေါ် ကြီးမားသောသက်ရောက်မှုများရှိခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဥ်များသည် ဘယ်သောအခါမျှ တသမတ်တည်းမဖြစ်ပဲ တင်ကြိုမှန်းဆနိုင်သော လမ်းကြောင်းများအတိုင်း ဖြစ်ခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေးထောက်ခံမှုကို တည်ဆောက်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များဆီသို့ တိုးတက်ဖြစ်ပေါ်သည့် အပစ်အခတ်ရပ်စဲရေးများကို ဖြစ်ပေါ်စေနိုင်သည့် ပိုမိုကျယ်ပြန့်သောဖြစ်ရပ်များနှင့် ပြုပြင်ပြောင်းလဲမှုများအပေါ် တည်မှီပါသည်။ မြန်မာနိုင်ငံတွင် NCA ကို ပေါ်ပေါက်လာစေခဲ့သည့် ပြုပြင်ပြောင်းလဲမှုဖြစ်စဥ်မှာ ရှေ့ဆက်တိုးဆောင်ရွက်နိုင်ရန်အတွက် မလုံလောက် ခဲ့ပါ။ အဓိကပါဝင်သူများသည် NCA တွင်ပြုလုပ်ခဲ့သော ကတိကဝတ်များကို ဖော်ဆောင်ရန်လိုအပ်သည့် နားလည်မှု၊ လိုက်လျောညီထွေ ဆောင်ရွက်နိုင်မှု၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် အတွေ့အကြုံများကို ပြသရန် ပျက်ကွက်ခဲ့ကြသည်။ NCA လက်မှတ်ထိုး ပြီးမကြာမီ NLD အစိုးရတက်လာပြီး ၎င်း၏ကိုယ်ပိုင် အစီအစဥ် ဖြစ်သော လွှတ်တော်နှင့် အစိုးရအတွင်း နိုင်ငံရေး အသွင်ကူးပြောင်းခြင်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
NCA လုပ်ငန်းစဥ်ကို အမှန်တကယ် လိုက်လျောမှုများ ပြုလုပ်ရန် ဆန္ဒရှိပုံမရသော စစ်တပ်နှင့် အစိုးရ စေ့စပ် ညှိနှိုင်းသူများက အဓိက ချုပ်ကိုင်ခဲ့သည်။အခြား ပြဿနာများမှာ စစ်တပ်နှင့် အစိုးရကြား (ကာချုပ် မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ မပြေလည်သော ဆက်ဆံရေးကြောင့် ပိုမိုဆိုးရွားလာသည့်) ချိတ်ဆက်ဆောင်ရွက်မှု မရှိသည်တို့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် NLD အစိုးရ ရွေးကောက်ခံရမှုနှင့်အတူ အစိုးရ၏ စေ့စပ်ညှိနှိုင်းမှုများမှာ ခေါင်းဆောင်တစ်ဦးထဲမှ ဦးဆောင်သည့် တစ်စု တစ်စည်းထဲဖြစ်မှုမှသည် အမျိုးမျိုးသော စစ်ဘက်နှင့် အရပ်ဘက်အပိုင်းများဖြင့် ဖွဲ့စည်းထားသည့် နှစ်ခြမ်းကွဲ နေသည့်အဖွဲ့ဖြစ်သွားသည်။ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မှတ်ချက်ပြုသည်မှာ “ ကျွန်တော်တို့က အဖွဲ့နှစ်ဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးရတာဖြစ်ခဲ့ပါတယ်။ ဒါက စည်းမျဥ်းသတ်မှတ်ချက်တွေအပေါ် အခြေခံတာ မဟုတ်ပဲ ခေါင်းဆောင်နှစ်ဦးကြား ကိုယ်ရေးကိုယ်တာ သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်တာပါ”[39]
အစိုးရသည် သဘောတူညီချက်ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် အလျင်အမြန်လက်မှတ်ထိုးရန် ဆောင်ရွက်ခဲ့သော စစ်တပ်ဘက်တော်သား ယခင်အုပ်ချုပ်ရေးအဖွဲ့မှ လက်ဆင့်ကမ်းလက်ခံရရှိသည့် တည်ရှိပြီးသား လုပ်ငန်းစဥ်အတွက် ခိုင်မာသော တာဝန်ယူမှု မရှိခဲ့ပါ။ အစိုးရသည် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဥ်ကဲ့သို့သော ရှင်းလင်းစွာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ရှိသော လုပ်ငန်းစဥ်များတွင်လည်း ခေါင်းဆောင်မှုကို အမြဲမပြသခဲ့ပါ။ ယင်းအစား၊ NCA လုပ်ငန်းစဥ်၏ အဓိကရည်မှန်းချက်များနှင့် သက်ဆိုင်သူများနှင့် ကြီးမားစွာ ထပ်တူဖြစ်နေသော်လည်း လွှတ်တော် လုပ်ထုံးလုပ်နည်းနှင့် အဓိက ဆုံးဖြတ်ချက်ချမှတ်သူမှ ဆုံးဖြတ်ချက်များချမှတ်သည့် အဓိကလမ်းကြောင့်ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို အဓိက ဦးစားပေးခဲ့သည်။ (ပုံ ၅)

တစ်ချိန်တည်းတွင်ပင် တည်ရှိပြီးသား ငြိမ်းချမ်းရေးအဆောက်အဦ၏ ဩဇာလွှမ်းမိုးမှုနှင့် ရင်းမြစ်များကို ဖျက် သိမ်းခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ နှင့် MPC တို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖြင့် အစားထိုးခဲ့သည်။သို့ကြောင့် NCA သည် နိုင်ငံအဆင့်တွင် နိုင်ငံရေးအရှိန် ပျောက်ဆုံး သွားခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော အမည်ခံ “၁၀ + ၁၀” တွေ့ဆုံမှုများသည် NCA ၏ နိုင်ငံရေးသက်ရောက်မှုများနှင့် ကျရှုံးနိုင်ခြေတို့ကို ပုံဖော်ခဲ့သည်။နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲသည် NCA ဆွေးနွေးပွဲများ၏ အကြပ်အတည်းကို ဖြေရှင်းဆွေးနွေးရန်နှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ဖော် ဆောင်နိုင်ရန် လုပ်ငန်းစဥ်တွင် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်တို့အတွက် အစိုးရ၊ စစ်တပ်နှင့် EAO များကို တစ်စုတစ်စည်းတည်း တွေ့ဆုံစေခဲ့သည်။ ဤတွေ့ဆုံမှုသည် ပြဿနာရပ်ကို မဖြေရှင်းနိုင်ခဲ့ပဲ NCA လက်မှတ်မရေးထိုးသေးသော အစုအဖွဲ့များ၏သဘောထားကွဲလွဲမှုများကို NCA လုပ်ငန်းစဥ်တွင် ပေါင်းစည်း ဆောင်ရွက်ရန် မဖြစ်နိုင်မှုနှင့် ဖြစ်ပေါ်နေဆဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဥ်များကိုလည်း (NCA လုပ်ငန်းစဥ်သည်) အကျိုးရှိအောင်အသုံးမချနိုင်ဟူသည့် အချက်များကို မီးမောင်းထိုးပြခဲ့သည်။[40]
အခြားလက်တွေ့စိန်ခေါ်မှုများလည်း ပေါ်ပေါက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အသေးစိတ်အချက်အ လက်များကအစ သိလိုသည့် အကုန်လိုက်ပါစီမံတတ်သူဖြစ်ပြီး NLD အတွင်း မည်သူ့ကိုမျှ ဆုံးဖြတ်ချက်ချမှတ် ပိုင်ခွင့်ပြုရန် ယုံကြည်မှုနှင့် အခွင့်အာဏာ မပေးလိုသူဖြစ်ကြောင်း သိရသည်။[41] စစ်တပ်သည် NCA ၏ (အောက် တွင်ဖတ်ပါ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရှိ ၎င်း၏ ခေါင်းဆောင်မှု အခန်းကဏ္ဍကို အလေးအနက်မထားပဲ NCA ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် အပစ်အခတ် ရပ်စဲရေး ချိုးဖောက်မှုများကို လုံလောက်စွာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ အာဏာရှင်ဆန်ဆန်ချဥ်းကပ်မှုသည် မြန်မာစစ်တပ်၏ အထက်အောက်ယဥ်ကျေးမှုကို ထင်ဟပ်ခဲ့သည်။ စစ်တပ်တစ်ခုအတွက် ခိုင်မာအားကောင်းသည့် အမိန့်ပေးကွပ်ကဲမှုကွင်းဆက် (chain of command) ရှိရန် လိုအပ်သော်လည်း မြန်မာစစ်တပ်တွင်း အာဏာကို အလွန်သေးငယ်သော ခေါင်းဆောင် တစ်စုကသာ ဆုပ်ကိုင်ထားသည်။ ဤသည် က JMC အနေဖြင့် လက်တွေ့တွင် အမှီအခိုကင်းသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် မဖြစ်နိုင်စေခဲ့ပါ။
အစိုးရ၏ ချဥ်းကပ်ပုံ အပြောင်းအလဲများသည် ရိုးရှင်းစွာပင် NLD ၏ ထိန်းချုပ်မှုအောက်သို့ ကူးပြောင်းခြင်း အပါအဝင် လက်တွေ့ကျသော နိုင်ငံရေးအကြောင်းပြချက်ကို ထင်ဟပ်ခြင်းဖြစ်နိုင်သော်လည်း အသွင် ကူးပြောင်းမှု ဖြစ်ပေါ်ပုံနှင့် အစိုးရသစ်၏ ပြဿနာကိစ္စရပ်များပေါ် သိရှိနားလည်မှုနှင့်ပတ်သက်ပြီး မေးခွန်းများ ရှိလာစေသည်။ အခြားနိုင်ငံများတွင် ငြိမ်းချမ်းရေးလုပ် ငန်းစဥ်ကဲ့သို့သော အကဲဆတ်သည့် ကိစ္စရပ်များတွင် အနှောင့်အယှက် အနည်းဆုံးဖြစ်ရန် ရွေးကောက်ပွဲမတိုင်မီကာလ၌ အတိုက်အခံခေါင်းဆောင်များအချင်းချင်း ဆက်သွယ်ညှိနှိုင်းကြမည်ဖြစ်သည်။ အကူးအပြောင်းများကို စီမံခန့်ခွဲခြင်း၊နိုင်ငံရေးဦးဆောင်မှုတို့တွင် အတွေ့အကြုံမရှိခြင်းနှင့် စစ်တပ်နှင့် အရပ်သား ခေါင်းဆောင်များကြား ကာလရှည်မပြေလည်မှုများကလည်း အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို နိုင်ငံရေးဖြစ်စဥ်အဖြစ် လက်ခံခဲ့သော်လည်း NLD အစိုးရသည် လုံခြုံရေးဆိုင်ရာကိစ္စရပ်အဖြစ်မြင်ခဲ့ပြီး စစ်တပ်ထံသို့ တာဝန်လွှဲပြောင်းပေးခဲ့သည်ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ အကောင်းဆုံးမှာ NLD အနေဖြင့် ၎င်းတို့၏ အကူး အပြောင်းဖြစ်စဥ်တွင် အစောပိုင်းကထဲက ဆွေးနွေးတိုင်ပင် မှုများရရှိခဲ့သင့်သည်။ သို့သော် ဤသို့ဖြစ်ရန်မှာ ဦးသိန်းစိန်အစိုးရက အလျှော့ပေးမှုအချို့ကို ပြသရန်နှင့် NLD ဘက်မှလည်း ဆက်သွယ်ဆောင်ရွက်ရန် စိတ်ဝင်စား မှုကို ပြသရန် လိုအပ်သည်။ NLD အနေဖြင့် တိုင်းရင်းသား များ၏ မကျေနပ်မှုများကို သေချာစွာနားလည်သဘောပေါက်ရန်နှင့် ထိုအချိန်က ၎င်းတို့၏ အမျိုးသား ဒီမိုကရေစီ အမြင်ကွဲပြားချက်ကို အသိအမှတ်ပြုလိုသည့် ဆန္ဒရှိရန်လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ခက်ခဲသောအခြေအနေများရှိသော်လည်း “နှိုင်းဆ ချင့်ချိန်တတ်သော မိတ်ဆွေ” အဖြစ် အကြံဥာဏ်များပေးနိုင်ခဲ့သင့်သည်။
ပြန်လည်သုံးသပ်ချက် ၂။ သဘောတူညီ ချက်သည် အလွန့်အလွန် ရှုပ်ထွေးပါသလား
ရေးသားပြီးစီးသည့် သဘော တူညီချက် သည် အသေးစိတ်အချက်များ အထိ ရှုပ်ထွေးပြီး လက်တွေ့ အခြေအနေ များကို တုံ့ပြန်ဆောင်ရွက်ရန် လိုက်လျော ညီထွေ မဖြစ်ခဲ့ပါ။ ရလဒ်အနေဖြင့် လုပ်ငန်းစဥ် သည် နှေးကွေးစွာ ရှေ့ဆက်ခဲ့ ပြီး ၎င်း အပေါ် စိတ်ဝင်စားမှု လျော့ကျ စေ ခဲ့သည်။
ဖြေဆိုသူများ၏ ဘုံအမြင်တစ်ခုမှာ NCA သည် အလွန်ရှုပ်ထွေးပြီး ရည်မှန်း ချက်ကြီးလွန်းသည်ဟူ၍ ဖြစ်သည်။ ကောက်နုတ် ချက် ၂ တွင် သဘော တူညီချက်၏ များပြားသော အစိတ် အပိုင်းများကို ဖော်ပြထား သည်။ အပစ်အခတ်ရပ်စဲရေး ပြဌာန်းချက်များ ကိုသာ အဓိကအာရုံစိုက်ခဲ့သင့်သည်။ ဆက်စပ်လေ့လာမှုတွေ့ရှိမှုတစ်ခုမှာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ကော်မတီဖွဲ့စည်းပုံတို့သည် အလွန် ရှုပ်ထွေးပြီး ယခင်က အောင်မြင်ခဲ့သော စေ့စပ်ညှိနှိုင်းမှုများနှင့် ကွဲပြားခဲ့သည်။ (အများအားဖြင့် အဓိက ခေါင်းဆောင် များနှင့် ကြီးစိုးထားသည့် လက်နက် ကိုင်အဖွဲ့များအကြား)။[42]
အကောင်းဘက်မှဆိုလျှင်မူ ဖွဲ့စည်းပုံသည် လက်တွေ့တွင် မှန်း ထားသည်ထက် ပိုမိုလိုက်လျောညီ ထွေမှုရှိခဲ့သည်။
မူဘောင် ပါဝင်ရေးဆွဲခဲ့သည့် အဓိကတိုင်းရင်းသားလူမျိုးတစ်ဦးမှလည်း နိုင်ငံရေးဆွေးနွေးမှုအတွက် အခြားပုံစံ က ပိုမိုထိရောက်နိုင်ခဲ့လိမ့်မည်ဟု ပြန်လည်ဆင်ခြင်သုံးသပ်ခဲ့သည်။
အခုဆိုလျှင် (နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဥ်တွင်) နိုင်ငံရေးပါတီတွေအားလုံး သို့မဟုတ် EAO များအား လုံးကို အမျိုးအစားအလိုက် တစ်စုတည်း ထည့်ထားမှာမဟုတ်ပါဘူး။ ဒါက အမှားတစ်ခု ဖြစ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့ အာဏာအရှိဆုံးအစုအဖွဲ့တွေက (၎င်းတို့ရဲ့ အခန်းကဏ္ဍတွင်) ကြီးစိုးခဲ့လို့ဖြစ်ပါတယ်။ ကချင်၊ ရှမ်း စသဖြင့် ပထဝီအနေအထားအရ အဖွဲ့များကိုရောထားလျှင် ပိုမို ကောင်းမွန်ပါလိမ့်မယ် ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေအားလုံးဟာ အနာဂတ်မှာ အလုပ်အတူလုပ်ရ မှာဖြစ်တာကြောင့် ဒီလိုခွဲလိုက်ခြင်းအားဖြင့် ကဏ္ဍအလိုက် အာဏာလျှော့ချနိုင်ခဲ့ပါလိမ့်မယ်။[43]
NCA ၏ မတူညီသောကဏ္ဍများကို သေချာ စွာမကြီးကြပ်နိုင်မှုက လုပ်ငန်းစဥ်တစ်ခုလုံးအပေါ် ယုံကြည်မှုကို လျော့ကျစေခဲ့ပြီး ချိတ်ဆက် ဆက်စပ်မှုကို ကင်းမဲ့စေခဲ့သည်ဟု လေ့လာ စောင့်ကြည့်သူများက မှတ်ချက်ပြုခဲ့သည်။ ၎င်းက တိုးတက်မှုများ ရပ်တန့်သွားသောအခါ အရေးကြီး သောအခိုက်အတန့်များတွင် စေ့စပ်ညှိနှိုင်းရေးများတွင် ပိုမိုရင်းနှီး မြှုပ်နှံခြင်း သို့မဟုတ် ပြဿနာဖြစ်နေသောအရာများကို အသစ်တဖန် အလေးထားဆောင်ရွက်မှုများဖြင့် တုံ့ပြန်ဆောင် ရွက်ခြင်းကဲ့သို့သော အပြုသဘောဆောင်သည့် ကြားဖြတ်အစီအမံများကို ပြုလုပ်ရန်လည်း ခက်ခဲ စေခဲ့သည်။ ၎င်းသည် အရေးကြီးသောအခိုက်အတန့်များတွင် စေ့စပ်ညှိနှိုင်း အားထုတ်မှုကို ပိုမို ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် အသစ်တစ်ဖန် အာရုံစူးစိုက်မှုဖြင့် တုံ့ပြန်ခြင်းကဲ့သို့သော တိုးတက်မှု ရပ်တန့်သွားသည့်အခါ အပြုသဘောဆောင်သော ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုများကို ခက်ခဲစေ သည်။ ထိုသို့သော ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုများသည် အတားအဆီးများကို တပြိုင်နက် လုပ်ဆောင်နေချိန်တွင် တိုးတက်မှုဖြစ်ပေါ်နေသည်ကို အသိအမှတ်ပြုကာ ညှိနှိုင်းမှုများ၏ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် အတက်အကျအလိုက် လိုက်လျောညီထွေဖြစ်စေရန် ဆန္ဒရှိရန် လိုအပ်သည်။
ပြန်လည်သုံးသပ်ချက် ၃။ EAO များကြား မညီညွတ်မှု
ပိုမိုညီညွတ်မှုက ညှိနှိုင်းဆွေးနွေးမှုများတွင် EAO များ၏စုပေါင်းလွှမ်းမိုးနိုင်မှုကို တိုးမြင့်လာစေနိုင်ခဲ့လိမ့်မည်ဟု လေ့လာသူအများအပြားက ယူဆခဲ့ကြသည်။ဤသည်က ၂၀၁၅ နောက်ပိုင်းတွင် နောက်ထပ် EAO များ NCA လက် မှတ်ရေးထိုးနိုင်မည့် ဖြစ်နိုင်ချေကိုလည်း မြင့်တက်စေနိုင်ခဲ့သည်။ယင်းအစား NLDအစိုးရ တက်လာချိန် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်တွင် ကွဲလွဲမှုရှိလာခဲ့သည်။
EAO များ၏ မတူကွဲပြားသော ရပ်တည်ချက်များ၊ မျှော်မှန်းချက်များ နှင့် တောင်းဆိုမှုများအပါအဝင် အခြား အကြောင်းအရာများ ပေါင်းစည်းမှုကလည်း ဤကိစ္စရပ်အပါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း ဖြေဆိုသူများက ပြောခဲ့သည်။ EAO အချို့ (ဥပမာ KIA နှင့် TNLA)၏ အရေးကြီးသောတောင်းဆိုမှုမှာ ၎င်းတို့အနေဖြင့် NCA လက်မှတ်မရေးထိုးမီ သို့မဟုတ် ညှိနှိုင်းဆွေးနွေးမှုများတွင် မပါဝင်မီတွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများကို အလုံးစုံရပ်တန့်ပေးရမည်ဟူ၍ဖြစ်သည်။[44] NCA လက်မှတ်မရေးထိုးမီတွင် EAO အချင်းချင်း ဆက်သွယ် ဆောက်ရွက်နိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်သည့်အဖွဲ့များကို ကိုယ်စားပြုနိုင်ရန် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုဖွဲ့စည်းခဲ့သည်။ ၂၀၁၅ နောက်ပိုင်းတွင် မတူညီသော EAO များကြား နီးစပ် မှုနှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ကွဲပြားချက်များက NCA လုပ်ငန်းစဥ်အတွင်း နိုင်ငံရေးသဘောထားကွဲလွဲမှုများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၆နောက်ပိုင်း အစိုးရညှိနှိုင်းဆွေးနွေးမှုဘက်၏ NLD အုပ်ချုပ်ရေးအဖွဲ့သစ်နှင့် စစ်တပ်ခေါင်းဆောင်မှုတို့ကြား အကွဲအပြဲက EAO ဘက် ညီညွတ်မှုကို ပိုမိုရှုပ်ထွေးစေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ဝ” ဦးဆောင်သည့် မဟာမိတ်အဖွဲ့သစ် ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီသည် အင်အားကြီးမားသော မြောက်ပိုင်း အခြေစိုက်အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေးများတည်ဆောက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာခဲ့သည်။ ဤသည်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ပြိုကွဲမှုကို ဖြစ်စေခဲ့ပြီး လက်မှတ်မရေးထိုးသေးသော အဓိက EAO များနှင့် ညှိနှိုင်း ဆွေးနွေးမှုများကို ရပ်တန့်စေခဲ့သည်။
တစ်ဦးချင်းနှင့် အင်စတီကျူးရှင်းအဆင့်များတွင် ပိုမိုကြီးမားသော ညီညွတ်မှုရရှိရန် အဟန့်အတားဖြစ်စေသည့် အချက်များတွင် မတူညီသောအဖွဲ့များ၏ ခေါင်းဆောင်မှုအရည်အသွေး ကွဲပြားခြင်း၊ အရပ်ဘက်-စစ်ဘက် ကွဲပြားမှုများမှ ထွက်ပေါ်လာသော တင်းမာမှုများ၊ ကိုယ်ကျိုးစီးပွားများနှင့် စစ်တပ်မှ သွေးခွဲအုပ်ချုပ်ခြင်း နည်းလမ်းများ ကို ဆက်လက်အသုံးပြုနေခြင်းတို့ ပါဝင်သည်။ ဤသည်နှင့်ပတ်သက်၍ ဖြေဆိုသူတစ်ဦးမှ EAO များဘက်တွင် အဓိက “ဦးအောင်မင်းလို” စေ့စပ်ညှိနှိုင်းသူမရှိခြင်းမှာ ကံမကောင်း အကြောင်းမလှ ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သော်လည်း ၎င်းတို့၏ များပြားသော မတူခြားနားမှုများကြောင့် ဤသို့ဖြစ်ရန်မှာ ဖြစ်နိုင်ချေမရှိခဲ့ပါ။ တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ခဲ့သည့် အဓိကတိုင်းရင်းသားလူမျိုးတစ်ဦးမှ မှတ်ချက်ပြုခဲ့သလို
အစပိုင်းတွင် EAO များ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း NLD အစိုးရလက် ထက်တွင် ဂိုဏ်းဂဏကွဲမှု အများအပြားဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် စေ့စပ်ညှိနှိုင်းမှုများသည် နောက် တန်းသို့ရောက်သွားသည်။ ဤအခြေအနေတွင် NCA လုပ်ငန်းစဥ်သည် သဘောထားတင်းမာမှုများ ကိုဖြစ်စေခဲ့သည်။ စာသားအပေါ်တွင် လူတိုင်းသဘောတူခဲ့ကြသော်လည်း လက်မှတ်မထိုးရသေး သော အဖွဲ့များအတွင်း သိသာထင်ရှားသည့် အကွဲအပြဲများဖြစ်ပေါ်ခဲ့သည်။ အချို့ကိုယ်ရည် ကိုယ်သွေးစရိုက်များမှာ အလုပ်အတူလုပ်ရန် အလွန်ခက်ခဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် KIA ခေါင်းဆောင်များသည် ရန်ကုန် သို့လာရောက်၍ NCA စာသားများကို သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့ပါဝင်ဆောင်ရွက်မှုကို ငြင်းဆိုခံခဲ့ရသောကြောင့် KIA မှ အလွန်စိတ်ပျက် သွား ခဲ့သည်။[45]
နိုင်ငံခြားအစိုးရများနှင့် အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများသည်လည်း ထိုအချိန်က EAO အများအပြား ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှုကို အားပေးခြင်း သို့မဟုတ် နှောင့်နှေးစေခြင်းတို့ကို ပြုလုပ်ခဲ့ ကြသည်။ မြန်မာနိုင်ငံ၏ လစ်ဘရယ်ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် ရင်းနှီးမြှုပ်နှံထားသည့် အနောက် နိုင်ငံအများအပြားသည် EAO များကြား ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လာလိုမှုများသည် ကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်အဖြစ်မြင်ခဲ့ကြသည်။ EAO အများအပြားက ဤအမြင်ကိုသဘောမတူခဲ့ကြပဲ NCA ကို သဘောတူရန် အနောက်နိုင်ငံများ၏ ဖိအားပေးခြင်းသည် ဆန့်ကျင်ဘက်သက်ရောက်မှုကိုဖြစ်စေခဲ့သည်ဟု မြင်ခဲ့ကြသည်။
ပြန်လည်သုံးသပ်ချက် ၄။ တစ်နိုင်ငံလုံး အကျုံးဝင်မှု မရှိခဲ့သလို အားလုံးပါဝင်မှုလည်း မရှိခဲ့ပါ။
NCA လုပ်ငန်းစဥ်တလျှောက်တွင် မည်သူက ပါဝင်ခဲ့သည်၊ မည်သူတို့က မပါဝင်ခဲ့ပါ နှင့် မည်သူတို့က သဘော တူညီချက်အရ ချည်နှောင်ထားခြင်းရှိသည် မည်သူတို့ကမရှိ ဟူသည့် ကိစ္စရပ်များမှ ပြဿနာများပေါ်ပေါက် ခြင်းဖြစ်သည်။ NCA တွင် အဓိက EAO အဖွဲ့များ မပါဝင်ခဲ့ခြင်းက မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုအဆင့်များ လျော့ကျစေရေးတွင် ၎င်း၏သက်ရောက်မှုကို လျော့ပါးစေခဲ့သည်။
NCA သည် နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ကတိကဝတ်များပါဝင်သည့်အတွက် သမားရိုးကျ အပစ်အခတ် ရပ်စဲရေး စာချုပ်ထက် ကျော်လွန်ခဲ့သည်။ရေးဆွဲရာတွင်ပါဝင်ခဲ့သော ဖြေဆိုသူတစ်ဦးမှ မှတ်ချက်ပြုသည်မှာ ၎င်းသည် “ကစားပွဲကို အပြောင်းအလဲဖြစ်စေသည့်” (“game-changing”) အရာဖြစ်သော်လည်း NCA တွင် ပါဝင်သော အသွင်ကူးပြောင်းမှု နိုင်ငံရေး ဆွေးနွေးချက်၌ အဓိကနိုင်ငံရေးအစုအဖွဲ့များအား ထည့်သွင်းထား ခြင်းမရှိပေ။ အကြံပြုထားသည်မှာ NLD နှင့် အခြား နိုင်ငံရေးခေါင်းဆောင်များ ပါဝင်နိုင်ခဲ့သင့်သည် သို့မဟုတ် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သင့်သည်။[46] ဤသည်က ကာလရှည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အကြပ်အတည်း – မည်သူတို့ကို ပါဝင်စေရမည် နှင့် လုပ်ငန်းစဥ်၏ မည်သည့်အပိုင်းတွင်ပါဝင်စေရမည်လဲ ကိုပေါ်ပေါက်စေခဲ့ သည်။ လူအများအပြားကို စောစီးစွာပါဝင်ခွင့်ပြုလိုက်ခြင်းသည် ထိန်းချုပ်မှုဆုံးရှုံးမည်ကို ကြောက်ရွံ့သော အခြားသက်ဆိုသူများ (ဤကိစ္စတွင် စစ်တပ်) ကို ကင်းကွာသွားစေခြင်းဖြင့် ထိခိုက်လွယ်သော လုပ်ငန်းစဥ်ကို ကျရှုံးစေနိုင်သည်။ ကာလကြာရှည် နိုင်ငံရေးရည်မှန်းချက်များအတွက် နေရာဆုပ်ကိုင်ထားသူနှင့် စနစ်တကျ ဖွဲ့စည်းပြဌာန်းထားသည့် လုပ်ငန်းစဥ်တို့ (ဆင့်ကဲပြောင်းလဲမှုအတွက် လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်း နည်းပါးသော) အကြား တင်းမာမှုသာ ကျန်ခဲ့သည်။
ယခင်ကလက်မှတ်ရေးထိုးခဲ့ပြီးသော အပစ်အခတ်ရပ်စဲရေးများကို အသိအမှတ်ပြုခြင်းနှင့် ပတ်သက်သည့် နောက်ထပ် မရေရာမှုများက အချို့ EAO များကို NCAတွင် ဘာကြောင့် ၎င်းတို့အနေဖြင့် ပါဝင်သင့်သလဲဟု မေးခွန်းထုတ်လာစေခဲ့သည်။ ဤသည်ကြောင့် အချို့က ဘေးထွက်ရပ်နေခဲ့ပြီး ၎င်းတို့အနေဖြင့် ကတိကဝတ်များမပြုခင် လေ့လာစောင့်ကြည့်ခဲ့ကြသည်။အခြားအဖွဲ့များက NLD အစိုးရတက်လာသည့်အထိ စောင့်ပြီး ထိုအချိန်ကျမှ ညှိနှိုင်းလျှင် ၎င်းတို့အတွက် အကျိုးအမြတ်ရရှိလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ဤ အမြင်အယူအဆနှစ်ခုလုံးသည် နိုင်ငံရေးဆွေးနွေးမှုအတွင်း စုပေါင်း EAO ညှိနှိုင်းဆွေးနွေးမှု၏ အကျိုးအမြတ် ရှိနိုင်ချေကို စဥ်းစားခြင်းမရှိပဲ အပစ်အခတ်ရပ်စဲရေးအပိုင်းကိုသာ အဓိက အလေးထားခဲ့ကြသည်။
EAO များ အားလုံးပါဝင်မှုနှင့်ပတ်သက်သည့် ရှုပ်ထွေးမှုများအပြင် နိုင်ငံရေးပါတီများသည် အဓိကNCA ညှိနှိုင်း ဆွေးနွေးမှုများနှင့် အလှမ်းဝေးကွာလျက်ရှိသည်။ ၎င်းတို့သည် တွေ့ဆုံပွဲများသို့ ဖိတ်ကြားမခံခဲ့ရပဲ စစ်တပ်နှင့် EAO များကြား သဘောတူညီမှုများ ပြုလုပ်ပြီးသောအခါမှသာ အကြောင်းကြားခံခဲ့ရသည်။ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ် အချို့နေရာများကဲ့သို့သော နိုင်ငံ၏ နေရာအများအပြားတွင် ဗဟိုအာဏာပိုင်များနှင့် အတိုက်အခံများ သည် လက်နက်ကိုင်အဖွဲ့အဖြစ်မှ နိုင်ငံရေးပါတီများအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ NCA ဖွဲ့စည်းပုံတွင် ယင်းတို့ သည် အကျုံးမဝင်ခဲ့ပဲ လွှတ်တော်လုပ်ငန်းစဥ်များတွင်လည်း ၎င်းတို့၏အသံများကို ကြားနိုင်သည့် အခြေအနေ မရှိခဲ့ပါ။ ၁၀ အပေါင်း ၁၀ တွေ့ဆုံမှုနောက် NCA၏ နောက်ပိုင်းလုပ်ငန်းစဥ်တွင်မှ နိုင်ငံရေးပါတီများ ပါဝင်ရန် ခွင့်ပြုမှု (အထိမ်းအမှတ်သာသာ ဖြစ်နိုင်သည်) ရှိခဲ့သည်။ သို့သော် ၎င်းတို့ကို ချန်လှပ်ထားခဲ့မှုသည် လက်နက်ကိုင်အဖွဲ့များသည်သာ အဓိက ဆုံးဖြတ်ချက်ချသူများဖြစ်သည်ဟူသည့် အယူအဆကို ပိုမိုအားကောင်းစေခဲ့သည်။
ပြန်လည်သုံးသပ်ချက် ၅။ တမျိုးသားလုံးအရေးနှင့် ဗဟို အစိုးရ ကြီးကြပ်မှု
NCA လုပ်ငန်းစဥ်အပေါ် ဗဟိုအစိုးရမှ ချုပ်ကိုင်မှုရရှိရန် ဆောင်ရွက်မှုများသည် ထပ်တိုးရှုပ်ထွေး မှုများကို ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင်များသည် “တမျိုးသားလုံးနှင့် သက်ဆိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်” ဟု ၎င်းတို့ ခေါ်ဆိုသည့် လုပ်ငန်းစဉ်တစ်ခုကို စတင်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်း NLD အစိုးရလက်ထက် တွင် ဆက်လက်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒအရ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ပထမရည်မှန်းချက်မှာ အမျိုးသားပြန်လည်သင့်မြတ် ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကြီး ဖြစ်တည်လာ စေရေးကို အထောက်အပံ့ဖြစ်စေသည့် မူဝါဒအဖြစ်ကျင့်သုံးရန်ဖြစ်သည်။ ဖွံ့ဖြိုးမှုအကူအညီအားလုံး သည် နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများ ကို အထောက်အပံ့ဖြစ်စေရေးနှင့်အညီ ဒီဇိုင်းရေးဆွဲထားသင့်သည်။(၂၀၁၇ ခုနှစ် ၉ လပိုင်း ၂၈ ရက် Section 2.2)[47]
ဤမူဝါဒကို အကောင်ထည်ဖော်ရာတွင် ဗဟိုအစိုးရကြီးကြပ်နိုင်မှုကို သေချာစေသည့် အချို့ ယန္တရားများမှ တဆင့်နှင့် အချို့ဖြစ်ရပ်များတွင် ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဥ်များအတွက် ရန်ပုံငွေစီးဆင်းမှုများ မှသည် နည်းပညာအကူအညီထိ စသည့် ပြင်ပပံ့ပိုးကူညီမှုများနှင့်ပတ်သက်ပြီး တိုက်ရိုက်ဆုံးဖြတ်ချက်ချသည့် အခွင့်အာဏာများမှတဆင့်ဆောင်ရွက်ခဲ့သည်။ လူသိများသော ယန္တရားတစ်ခုမှာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဖြစ် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဆက်စပ်သည့် အစီအစဥ်များအပေါ် ရန်ပုံငွေ ခွဲဝေနေရာချထားမှုနှင့် အသုံးစရိတ်အကန့်အသတ်များကို စိစစ်ရန် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ဒေါ်အောင်ဆန်စုကြည်မှ ပြောကြားခဲ့သည့် (အဖွဲ့၏) ရည်မှန်းချက်မှာ “အလှုရှင်အခြေပြုထက် တကယ့်လက်တွေ့အခြေအနေအပေါ်မူတည်၍ ရန်ပုံငွေများကို လိုအပ်သည့်ကဏ္ဍများကို ခွဲဝေခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မျှတစွာနှင့် ထိရောက်စွာ စီမံခန့်ခွဲရန်” ဖြစ်သည်။[48] ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် အစိုးရနှင့် EAO များမှ တန်းတူရည်တူကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသော်လည်း အမှန်တကယ် ဆုံးဖြတ်ချက် ချမှတ်ခြင်း လွှမ်းမိုးမှုမှာ အစိုးရ တွင်ရှိသည်ဟု မှတ်ချက်ပြုသူများက ပြောခဲ့ကြသည်။ အလှုရှင်အများအပြား ပါဝင်ပံ့ပိုးသည့် Joint Peace Fund အတွက် ဤသို့သော အစိုးရ ကြီးကြပ်မှုသည် ၎င်းတို့၏ ရန်ပုံငွေ ထိန်းချုပ်မှုအတွက် မည်သို့သော အဓိပ္ပာယ်သက် ရောက်မည် နှင့် EAO နှင့် ရန်ပုံငွေလက်ခံသူ CSO များ၏ အကဲဆတ်သော အချက်အလက်များကို ပေါက်ကြားနိုင်မှုအပေါ် စိုးရိမ်ချက်များရှိခဲ့သည်။
တမျိုးသားလုံးနှင့်သက်ဆိုင်သော မူဝါဒဆိုသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ ဖွဲ့စည်းပုံများနှင့် လုပ်ထုံး လုပ်နည်းများကို အခြားအကြောင်းအရာအခြေအနေများ၏ ဘုံအလေ့အကျင့်များမှ လွှမ်းမိုးမှုနည်းပြီး၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ ကြားဝင်စေ့စပ်ခြင်းတို့တွင် နိုင်ငံတကာ ပါဝင်ဆောင်ရွက်မှု မရှိခြင်းတို့ကိုဆိုလို သည်။ လုပ်ငန်းစဥ်၏ တိုးတက်မှုနှင့် အောင်မြင်မှုများသည် နိုင်ငံတကာသတ်မှတ်ထားသည့် လမ်းကြောင်း (အပစ် အခတ်ရပ်စဲရေး ပထမ၊ နောက်တွင် နိုင်ငံရေးအဖြေရှာခြင်း) အတိုင်း မလိုက်ပဲ ဤသည်က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူနှင့် ပံ့ပိုးသူအသိုင်းအဝိုင်းအား မျှော်လင့်ချက်အမှားများ နှင့် အဓိပ္ပာယ်ကောက်လွဲခြင်း တို့ကိုဖြစ်ပေါ်စေခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်အတွင်း ဖြေရှင်းရမည့် ကိစ္စရပ်ပြဿနာများကို အပြည့်အဝဖော်ပြခြင်းမရှိသည့် မြန်မာနိုင်ငံတွင်၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အဓိပ္ပါယ်ကို သက်ဆိုင်သူများမှ မရှင်းလင်းဘဲ၊ အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံတော်၏ တရားဝင်မှု သဘောတရားတို့ကို အခြေခံအားဖြင့် အငြင်းပွားလျက်ရှိသည်။
ပြန်လည်သုံးသပ်ချက် ၆။ စောင့်ကြည့် ကြီးကြပ်မှုနှင့် လိုက်နာဆောင်ရွက်စေမှုဆိုင်ရာ ပြဿနာများ
အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ကြီးကြပ်ရန်နှင့် လိုက်နာဆောင်ရွက်စေသည့် NCA၏ ကဏ္ဍ သည် လုပ်ငန်းစဥ်အောင်မြင်မှု၏ အဓိကအချက်ဖြစ်သည်။ဤသို့ဆောင်ရွက်ရန် ရှုပ်ထွေးစေသည့် အကြောင်း ချင်းရာ နှစ်ခုရှိသည်။ NCA၏ အခြားသောကဏ္ဍများကဲ့သို့ပင် ရှုပ်ထွေးမှုနှင့် အကြမ်းဖက်ဖြစ်ရပ်များကို လျှော့ ချရန် နှင့် အခြားပြင်ပအစုအဖွဲ့မှ စောင့်ကြည့်ကြီးကြပ်မှုကို ခွင့်ပြုရန် ပဋိပက္ခအစုအဖွဲ့များကြား စစ်မှန်သော ဆန္ဒ မရှိခြင်းတို့ဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို NCA ၏ အဓိကကျသော အစိတ်အပိုင်းအဖြစ် ၂၀၁၅ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ရှုပ်ထွေးပြီး အဆင့်များစွာဖြင့်ဖွဲ့စည်းထားသော ကော်မတီများနှင့် အတွင်းရေးမှုးရုံးများ မှတဆင့် JMC သည် ဒေသန္တရအဆင့်၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များရှိ အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများ သို့မဟုတ် အငြင်းပွားမှုများကို စီမံခန့်ခွဲရန် နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခဲ့သည်။ အငြင်းပွားမှုဖြေရှင်းရေး အမြင့်ဆုံး အဆင့်မှာ ဥက္ကဌ တာဝန်ယူထားသော မြန်မာစစ်တပ်၏ ဗိုလ်ချုပ်ရာပြည့် ဖြစ်သည်။ ထို့ကြောင့် ပြင်ပအစုအဖွဲ့ သို့မဟုတ် ကြားနေယန္တယားတစ်ခုမရှိခြင်းကြောင့် စစ်တပ်က အပေးအယူလုပ်ရန် သို့မဟုတ် အမှားကို ဝန်ခံရန် ငြင်းဆိုသောအခါ EAO များကို စိတ်ပျက်စေပြီး “[EAOများနှင့် စစ်တပ်ကြား] လက်ညှိုးထိုးအပြစ်တင်ခြင်း” များ ဖြစ်စေသည့် ဖွဲ့စည်းပုံဆိုင်ရာ ဘေးကျပ်နံကျပ်ကို ဖန်တီးခဲ့သည်။[49] အတိုင်းအတာတစ်ခုအထိ အရပ်ဘက် အစုအဖွဲ့များအတွက် ပြင်ပအခန်းကဏ္ဍများရှိခဲ့သော်လည်း JMC ဖွဲ့စည်းပုံအတွင်း ၎င်းတို့၏အခန်းကဏ္ဍနှင့် ပတ်သက်၍ လက်နက်ကိုင်အစုအဖွဲ့များမှ ကောင်းစွာ နား မလည်ခဲ့သောကြောင့် နောက်ထပ်တင်းမာမှုများ ဖြစ်ခဲ့သည်။[50] အစုအဖွဲ့များကြား အကန့်အသတ်ရှိသော ယုံ ကြည်မှုကြောင့် အစုအဖွဲ့များများကြား နောက်ထပ် အငြင်းပွားမှုများဖြစ်လာခဲ့ပြီး အာဏာချိန်ခွင်လျှာမှာ စစ်တပ် ဘက်သို့ ရောက်ရှိသွားခဲ့သည်။ လေ့လာသူ အချို့က ဤသို့သောဖွဲ့စည်းပုံမျိုးသည် အစိုးရမဟုတ်သောအုပ်စုများ နှင့် ပြောက်ကျားတပ်ဖွဲ့များပါသည့် အချိုးမညီသော ပဋိပက္ခများထက် သမားရိုးကျပြည်တွင်းစစ်ပွဲများအတွက် ပိုမိုသင့်လျော်သည်ဟု ယူဆခဲ့ ကြသည်။[51] တကယ့်လက်တွေ့တွင် ဤသည်၏ အကောင်ထည်ဖော်ဆောင်ရွက်နိုင် စွမ်းမရှိမှုကို ကရင်ပြည်နယ်ဖြစ်ရပ်ကို ဥပမာအဖြစ် တွေ့မြင်နိုင်သည်။
တပ်မတော်သည် ဘုန်းကြီးကျောင်းမြေများကို စစ်ရေးရည်ရွယ်ချက်များဖြင့် အသုံးပြုဝင်ရောက်ခဲ့ သည်။ ဤကဲ့သို့သော ချိုးဖောက်မှုသည် ဒေသန္တရအဆင့်တွင် ဖြေရှင်းရမည့် ကိစ္စရပ်ဖြစ်သော်လည်း ဆုံးဖြတ်ချက်တစ်ခုချရန် အဆင့်ပေါင်းများစွာ ကျော်ဖြတ်၍ ပြည်ထောင်စု အဆင့်အထိ ရောက်သွား ခဲ့သည်။ ဤသို့ဖြစ်ပါက လပေါင်းများစွာကြာမည် သို့မဟုတ် ဘယ်သောအခါမှ (ဆုံးဖြတ် ချက်) ဖြစ်လာမည် မဟုတ်တော့ပေ။ ဒေသန္တရအဆင့် JMC အတွက် လုပ်ပိုင်ခွင့်များ ရှင်းရှင်းလင်းလင်း ရှိထားသော်လည်း တကယ့်လက်တွေ့ဖြစ်ရပ်များက ရည်ရွယ်ထားသည်များနှင့် မကိုက်ညီခဲ့ပါ။ ပါဝင်ဆောင်ရွက်နေသည့် အရပ်သားများသည် ၎င်းတို့၏အခန်းကဏ္ဍများ၊ ဤကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်း လင်းစွာသိရှိသော်လည်း စစ်တပ်က ၎င်းတို့၏အမြင်များကို လက်မခံခဲ့ပါ။[52]
နယ်မြေသတ်မှတ်ခြင်း၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု နှင့် မိုင်းရှင်းလင်းခြင်းတို့သည် JMC ၏ လုပ်ပိုင်ခွင့်တွင် ပါဝင်သည်။ ဤကိစ္စရပ်များ၏ ရှုပ်ထွေးမှု၊၎င်းတို့၏ အငြင်းပွားဖွယ်သဘောသဘာဝနှင့် ကဏ္ဍတစ်ခုစီကိုဆောင်ရွက်ရာတွင် မလွှဲမရှောင်သာသော စိန်ခေါ်မှုများရှိသည်ဖြစ်သောကြောင့် သီးခြား ချဥ်းကပ်မှုနည်းလမ်းများနှင့် အင်စတီကျူးရှင်းများကို ထည့်သွင်းစဥ်းစဥ်းစားခြင်းသည် ပိုမို ထိရောက်သော နည်းဗျူဟာတစ်ခုဖြစ်နိုင်သည်။ JMC နှင့် ၎င်း၏ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုတို့သည် ဖြစ်ပေါ်နေဆဲ နိုင်ငံရေး ဆွေးနွေးပွဲတို့တွင် မပါဝင်ခဲ့ပါ။ JMCသည် ငြိမ်းချမ်းရေးသို့သွားရာ လမ်းပြမြေပုံတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သောကြောင့် ဤသည်မှာ နောင်တရဖွယ်ဖြစ်သည်။ ဤသို့သီးခြားဖြစ်မှု သည် NLD အစိုးရက JMC အပေါ် စိတ်ဝင်စားမှုကင်းမဲ့ခြင်းကြောင့် ပို၍ထင်ရှားလာသည်။ ၎င်းတို့က (JMC)သည် စစ်ရေးကိစ္စသက်သက်ဖြစ်သည်ဟု ယူဆခဲ့ပုံပေါ်သည်။ အရပ်ဘက်-စစ်ဘက် တင်းမာမှုများမှာ သေချာပေါက်တည်ရှိခဲ့သော်လည်း အပြန်အလှန်ဆက်သွယ်မှုမရှိခြင်းမှာ စစ်တပ်နှင့် NLD ဆက်ဆံရေး အတွက် ဆုံးရှုံးသွားသည့်အခွင့်အလမ်းဖြစ်ပြီး NLD ဝန်ကြီးများကို မှားယွင်းသော သတင်းစကားများ ပေးပို့ ခဲ့သည်။
JMC ၏ အကျအရှုံးများစွာနှင့် အနည်းငယ်မျှသော အောင်မြင်မှုတို့က မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အပေါ် စစ်မှန်သော ကတိကဝတ်ထားရှိခဲ့ရဲ့လားဆိုသည့် မေးခွန်းများကို ဖြစ်ပေါ်လာစေသည်။ ဘက်ပေါင်းစုံတွင် ချိုးဖောက်မှုများရှိခဲ့ပြီး မြန်မာစစ်တပ်သည် စည်းမျဥ်းများကို လိုက်နာဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိဟု JMC နှင့်နီးစပ်သူများက ခံစားခဲ့ရသည်။ ဤသည်တို့ကို စစ်တပ်က လမ်းများဆက်လက် ဖောက်လုပ်နေခြင်းနှင့် အပစ်အခတ်ရပ်စဲထားသည့် နေရာများတွင် စစ်တပ်စခန်းချမှုများပြုလုပ်ခြင်းတို့ တွင် သက်သေခံမြင်နိုင်သည်။ ဤသည်ကပင် NCA ၏ တိုးတက်မှုကို တားဆီးရန်ပြုလုပ်သော စစ်တပ်၏ နည်းလမ်းတစ်ခုဖြစ်မည်ဟု အချို့က ယူဆသည်။[53]
ပြန်လည်သုံးသပ်ချက် ၇။ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ
အရပ်ဘက်လူ့အဖွဲ့အစည်းသည် အထူးသဖြင့် အချို့သောတိုင်းရင်းသားလူမျိုး အများစုနေထိုင်ရာ ဒေသများ တွင် တစ်နိုင်ငံလုံးသဘောတူညီချက်အပေါ် ဩဇာလွှမ်းမိုးမှုအဆင့် အမျိုးမျိုးရှိခဲ့သည်။ အရပ်ဘက် လူ့ အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်အပါအဝင် “Track 1.5”တွင် ၎င်းတို့၏ အကြံဥာဏ်များကို ပံ့ပိုးခဲ့သည်များ ရှိသော်လည်း အရပ်ဘက်ခေါင်းဆောင်များသည် NCA တွင် ချမှတ်ထားသည့် ငြိမ်းချမ်းရေးတွင် တရားဝင် အခန်းကဏ္ဍအနေဖြင့် မပါဝင်ခဲ့ပါ။
မတူညီသော နေရာဒေသများရှိ CSOs များသည် လူ့အခွင့်အရေးများကို လေးစားရန် တိုက်တွန်းလှုံ့ဆော်ခြင်း နှင့် ပဋိပက္ခဆိုင်ရာမတရားမှုများအကြောင်း အသိပညာပေးမြှင့်တင်ခြင်းများ စသည်တို့ဖြင့် EAOများ၏ အပြုအမူများနှင့်ပတ်သက်ပြီး အားကောင်းသောလွှမ်းမိုးဆောင်ရွက်မှု ရှိသည်။ ဤသို့သောဆောင်ရွက်မှုများ သည် အဆိုပါအရေးကြီးသည့်ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာနိုင်ရန် လမ်းများဖွင့်ပေးနိုင်ခဲ့သော်လည်း အချို့ အဖွဲ့များကိုမူ ကင်းကွာသွားစေခဲ့သည်။ ပို၍သိမ်မွေ့သော ချဥ်းကပ်မှုက ပိုမိုကောင်းမွန်သော အပြုအမူဆိုင်ရာ ပြောင်းလဲမှုကိုဖြစ်စေလိမ့်မည်ဟု အချို့ဖြေဆိုသူများက အကြံပြုကြသည်။ အရပ်ဘက် အဖွဲ့အစည်း/ ပုဂ္ဂိုလ်များသည် ငြိမ်းချမ်းရေးအခင်းအကျင်းတွင် EAO များထက် ကွဲပြားမှုများတွင်ပိုမိုထိရောက်စွာ အလုပ် လုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် EAO များကြား ဆွေးနွေးမှုများဖြစ်ပေါ်လာရန်နှင့် လုပ်ငန်းစဥ် ရှေ့ရောက်အောင် ပံ့ပိုးနိုင်မည်ဟု ဖြေဆိုသူများက ယူဆကြသည်။
တက်ကြွလှုပ်ရှားသော အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပြည်သူ့အရေးကိစ္စများကို EAOများ၏ ပိုမိုအသိအမှတ် ပြုနားလည်လာမှုကြား ဆက်ဆံရေးကိုလည်း CSO ခေါင်းဆောင်များက မှတ်ချက်ပြုခဲ့သည်။ ဤသို့သော ဆက်ဆံရေးကို KIA ၊KNU နှင့် KNPP တို့တွင် မြင်သာနိုင်သည်။ ကချင်ပြည်နယ် ဒေသများတွင် အချို့ ခေါင်းဆောင်များသည် အလွန်ရဲရင့်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွင် သိသာထင်ရှားသည့် အာဏာကို ကိုင်စွဲထားနိုင်ခဲ့သည်။ ဥပမာအား ဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင် သိက္ခာတော်ရ ဆရာတော် ဆမ်ဆွန်မှ KIA ခေါင်းဆောင်များနှင့် ထိပ် တိုက်တွေ့၍ ၎င်းတို့၏ဖွဲ့စည်းပုံများတွင် ဒီမိုကရေစီစံနှုန်းအခြေခံ များကို ထင်ဟပ်အသုံးပြုရန်နှင့် ရွေးကောက်ပွဲများကျင်းပရန် ပြောကြားခဲ့သည်။ ပြည်နယ်အဆင့်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းသောဒေသများတွင် ခေါင်းဆောင်များသည် စစ်ဘက်ဆိုင်ရာ စိတ်ဓာတ်အပြုအမူများပြုလုပ်နိုင်ခြေပိုများကြောင်း ဤသုတေသနတွင် ပါဝင်သည့် ဖြေဆိုသူများက မှတ်ချက် ပြုခဲ့သည်။ မြန်မာစစ်တပ်သည် CSO များနှင့် အုပ်ချုပ်ရေးယန္တယားများတွင် “အရပ်သားတဖြစ်လဲ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ” ကို ထည့်သွင်းရန် ဆောင်ရွက်ခဲ့ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းကို လွှမ်းမိုးရန် ကြိုးစားခဲ့မှုများကြောင့် ၎င်းတို့ကိုယ်၌က အဆိုပါအယူအဆကိုလက်ခံကြောင်း မြင်နိုင်သည်။[58]
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ကဏ္ဍမှပါဝင်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှု မူ ဘောင်ဆိုင်ရာ မူဝါဒများအတွက် နည်းပညာကဏ္ဍမှ ပါဝင်ခြင်း စသည်တို့ဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်း သည် NCA လုပ်ငန်းစဥ်ပေါ် လွှမ်းမိုးပါဝင်ဆောင်ရွက်ခဲ့သည်။[59] ၂၀၁၄ခုနှစ်တွင် KIA နှင့် မြန်မာစစ်တပ်ကြား တဖန်ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုများပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုးဖွဲ့က ပူးပေါင်းလုပ်ငန်းစဥ်အဖွဲ့ (Joint Strategy Team) ကို ဖွဲ့စည်းခဲ့သည်။ ဤကွန်ရက်သည် ပွင့်လင်းမြင်သာသော ဆက်သွယ်မှုများကို အားပေးခြင်း၊ ဝင်ရောက်ခွင့်များကို ညှိနှိုင်းခြင်းနှင့် ပဋိပက္ခများကို တားဆီးခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့နေရာဒေသများရှိ အစုအဖွဲ့ များနှင့် ဖြေရှင်းဆက်သွယ် စီမံဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ နိုင်ငံရေးအသွင်ကူးပြောင်းမှုသည်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် များပြားသော စိန်ခေါ်မှုများကို ယူဆောင်လာခဲ့သည်။ NLD ၏ CSO များအပေါ် မယုံကြည်မှု နှင့် အတိုက်အခံဖြစ်သောအမြင် များကြောင့် NLD ၏ ရွေးကောက်ပွဲသည် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနယ်ပယ်ကို ကျဥ်မြောင်းစေခဲ့သည်ဟု ဖြေဆိုသူများ၏ပြောကြားခဲ့သည်။ ထို့အပြင် NLD အစိုးရနှင့် ပဋိပက္ခပြဿနာရပ်များ ကို အဓိကထားဆောင်ရွက်သည့် တိုင်းရင်းသားအခြေပြု လူမှုအဖွဲ့အစည်းများကြား ညံ့ဖျင်းသော ဆက်ဆံရေး သည် အရပ်ဘက်အဖွဲ့အစည်းနယ်ပယ်၌ ပိုမိုကြီးမားသောအကွဲအပြဲ – ဗဟိုအစိုးရကို ထောက်ခံမှုနည်းသည့် တိုင်းရင်းသားအစုအဖွဲ့များနှင့် NLD နှင့် ၎င်း၏နိုင်ငံရေးရည်မှန်းချက်များနှင့် ဆက်စပ်သော ဗမာအဖွဲ့အစည်း များကြား အကွဲအပြဲကို ဖြစ်ပေါ်စေခဲ့သည်။