နိုင်ငံတကာ၏ ငြိမ်းချမ်းရေး ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံတွင် ထိရောက်သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း
ဤသုတေသနစီမံကိန်းသည် ၂၀၁၅ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်နှင့် စပ်ဆိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို စူးစမ်းလေ့လာထားသည်။ ထိုအချိန်က ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် နိုင်ငံတကာ ပံ့ပိုးမှုများ၏ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို အလေးထားလေ့လာပြီး၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် မူဝါဒ ချမှတ် သူများနှင့် လက်တွေ့လုပ်ဆောင်သူများ အသုံးချနိုင်သည့် တွေ့ရှိချက်များကို အတူတကွ ရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် အနာဂတ်ကြိုးပမ်းမှုများသည် ယခင်ကနှင့် လွန်စွာကွဲပြားနေမည်ဖြစ်သော် လည်း ၊ အတိတ်မှ သင်ခန်းစာများကို ထည့်သွင်းစဥ်းစားရန် အလွန်အရေးကြီးသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်မှ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံသည် အကျပ်အတည်း အတွင်းသို့ ကျရောက်ခဲ့သည်။ ခုခံတော်လှန်မှုများ ပြန့်နှံ့လာမှုကြောင့် နိုင်ငံနေရာအတော်များများတွင် ပဋိပက္ခများ လွှမ်းမိုးခဲ့ပြီး ဆယ်စုနှစ်များစွာ လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့များထံသို့ ကာကွယ်ရေးတပ်ဖွဲ့သစ်အများအပြား ပူးပေါင်းခဲ့ကြသည်။
အကျပ်အတည်းသည် တိုင်းပြည်လွတ်လပ်ရေးရပြီးကတည်းက မမြင်ဖူးခဲ့သည့် ပြင်းထန်မှုအဆင့်ထိ ရောက်ရှိလာခဲ့သည်။ နိုင်ငံနေရာအတော်များများတွင် ကျယ်ပြန့်သော အကြမ်းဖက်မှုများ ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် တိုက်ရိုက် ထိခိုက်ခံစားခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များစွာရှိလာသည်။ အာဏာသိမ်းပြီးနောက် သုံးနှစ်တာကာလအတွင်း သီးခြားလက်နက်ကိုင်တိုက်ပွဲများ သို့မဟုတ် ဖြစ်ရပ်ပေါင်း ၃၀,၀၀၀ အတွင်း လူပေါင်း ၄၅,၀၀၀ ကျော် သေဆုံးခဲ့သည်။ အနည်းဆုံး လူ ၁.၅ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေအများစုသည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များ သိသိသာသာ လိုအပ်နေသည်။[a]
စစ်တပ်အာဏာသိမ်းမှုနှင့် ၎င်း၏ အပြောင်းအလဲ ကာလတစ်ခုအပြီးတွင်၊ အခွင့်အလမ်းများနှင့် မျှော်လင့်ချက်များပေး ဆောင်သော ဒီမိုကရေစီနှင့် စီးပွားရေးအခွင့်အလမ်း ခေတ္တခဏဖြစ်ထွန်းခဲ့သည်။
ပြုပြင်ပြောင်းလဲရေးများ မြှင့်တင်လာသည်နှင့်အမျှ ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းခဲ့ပြီး၊ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ အစည်းများက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပံ့ပိုးပေးနိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ဆယ်စုနှစ်များစွာကြာ ပဋိပက္ခဒဏ် ခံခဲ့ရသည့် နယ် မြေအချို့ကို လွှမ်းခြုံစေခဲ့သောကြောင့် ငြိမ်းချမ်းသောအနာဂတ်ဖြစ်နိုင်ချေရှိသည်ဟု အကောင်းမြင်ဝါဒ (optimism) ကို ဦးတည်ခဲ့သည်။
ကနေဒါအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အာရှဖောင်ဒေးရှင်းမှပြုလုပ်သော ဤသုတေသနတွင် အဓိကသတင်းအချက်အလက် ပေးသူများနှင့် ၂၀၂၃ တွင် အသေးစိတ် တွေ့ဆုံမေးမြန်းမှုအများအပြား ပါဝင်ခဲ့သည်။ ၎င်းတို့မှာ ငြိမ်းချမ်းရေး ကျွမ်းကျင် ပညာရှင်များ၊ အရပ်ဘက် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံသားနှင့် နိုင်ငံတကာပညာရှင်များ၊ နိုင်ငံခြားထောက်ပံ့ကူညီရေး တာဝန်ရှိသူများနှင့် အခြားသူများတို့ဖြစ်သည်။ သုတေသနအဖွဲ့သည် အစီရင်ခံစာများ၊ စာတမ်းများ၊ ဆောင်းပါးများနှင့် စာအုပ်များ အနည်းငယ်ကို ကိုးကားခဲ့သည်။ လေ့လာမှုအား ကဏ္ဍများစွာဖြင့် တင်ပြထားပါသည်။
- ငြိမ်းချမ်းရေး တည်ဆောက်မှု နောက်ခံအခြေအနေ – အမြစ်တွယ်နေသည့် စိန်ခေါ်မှုများနှင့် တစ်စိတ်တပိုင်း ပြုပြင်ပြောင်းလဲမှုများ။ ၂၀၁၀–၂၀၂၀ ကာလတွင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ နောက်ခံအခြေအနေကို ဖော်ပြထားသည်။
- မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် နိုင်ငံခြားအကူအညီပံ့ပိုးမှုမှ သင်ခန်းစာများ။ နိုင်ငံတကာပံ့ပိုးမှု၏ အောင်မြင်မှုနှင့် ကျရှုံးမှုများကို အနှစ်ချုပ်ဖော်ပြထားသည်။
- မြန်မာနိုင်ငံတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရန်ပုံငွေ ပံ့ပိုးမှုပုံစံများ၊ ၂၀၁၀–၂၀၂၀။ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် ကျား-မရေးရာ (ဂျန်ဒါ) ပါဝင်မှုအတွက် ရန်ပုံငွေပံ့ပိုးခြင်းကို အနီးကပ်လေ့လာထားပြီး အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအစီအစဥ် မည်သို့ အဆင့်မြင့်ဆောင်ရွက်ခဲ့ပုံကို ဖော်ပြထားသည်။
- နိဂုံးချုပ်နှင့် အကြံပြုချက်များ။ မြန်မာနိုင်ငံသို့ အနာဂတ်နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီအတွက် အဓိကသင်ခန်းစာများကို ရေးသားဖော်ပြထားသည်။